02/05/2026
“Scouse, Not English” - ဝင်ဘာလေကွင်းထဲ လှောင်ပြောင်သံများနောက်ကွယ်က နက်ရှိုင်းသော သမိုင်းအမည်းစက်
အင်္ဂလန်နိုင်ငံဝင်ဘာလေကွင်း မှာ ဗိုလ်လုပွဲတွေကို ကျင်းပတဲ့အခါ အင်္ဂလန်နိုင်ငံတော်သီချင်း "God Save the King" တီးခတ်ချိန်တိုင်း မာဆေးဆိုဒ်က လာတဲ့ ပရိသတ်တွေ၊ အထူးသဖြင့် လီဗာပူးလ်ပရိသတ်တွေရဲ့ ကျယ်လောင်လှတဲ့ "Boo" ဆိုတဲ့ လှောင်ပြောင်သံတွေကို သင်ကြားဖူးပါလိမ့်မယ်။ အပေါ်ယံကြည့်ရင် ဒါဟာ ရိုင်းပျတယ်လို့ ထင်ရပေမဲ့ ဒီအသံတွေရဲ့ နောက်ကွယ်မှာတော့ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ နာကြည်းချက်တွေနဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးပုန်ကန်မှုတွေက အခိုင်အမာ တည်ရှိနေပါတယ်။
ဒီဇာတ်လမ်းရဲ့ အစဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေဆီက စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဝန်ကြီးချုပ် မာဂရက် သက်ချာရဲ့ အစိုးရဟာ လီဗာပူးလ်မြို့ရဲ့ စက်မှုလုပ်ငန်းတွေကို တမင်ပစ်ပယ်ခဲ့ပါတယ်။ ပိုပြီးဆိုးဝါးတာကတော့ အစိုးရအတွင်းရေးစာတွဲတွေထဲမှာ လီဗာပူးလ်မြို့ကို အထောက်အပံ့တွေဖြတ်တောက်ပြီး "စနစ်တကျ ဆုတ်ယုတ်ပျက်စီးအောင် လုပ်ဖို့" (Managed Decline) ဆိုတဲ့ အကြံပြုချက်တွေ ရှိခဲ့တာပါ။ မိမိတို့ရဲ့ မြို့ကို တမင်ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ အာဏာပိုင်စနစ်အပေါ် လီဗာပူးလ်သားတွေက ဘယ်တော့မှ ခွင့်မလွှတ်ခဲ့ကြသလို၊ ၁၉၈၉ ခုနှစ် ဟေးလ်ဘရော့ (Hillsborough) အဖြစ်ဆိုးမှာ လူပေါင်း ၉၇ ဦး သေဆုံးခဲ့ရမှုကိုလည်း အစိုးရနဲ့ ရဲတပ်ဖွဲ့က ဖုံးကွယ်ဖို့ ကြိုးစားပြီး ပရိသတ်တွေကိုပဲ အပြစ်ပုံချခဲ့တာကြောင့် သူတို့ရဲ့ ဒေါသဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အမှန်တရားအတွက် နှစ်ပေါင်း ၃၀ နီးပါး တိုက်ပွဲဝင်ခဲ့ရတဲ့ အဖြစ်အပျက်က လီဗာပူးလ်သားတွေကို "ဗြိတိသျှ အာဏာပိုင်စနစ်" အပေါ် လုံးဝအယုံအကြည် ပျက်သွားစေခဲ့ပါတယ်။
ဒါကြောင့်လည်း "ငါတို့က အင်္ဂလန်လူမျိုး မဟုတ်ဘူး၊ စကောက်စ် (Scouse) တွေပဲ" ဆိုတဲ့ ခံယူချက်ဟာ သူတို့ရဲ့ ရင်ထဲမှာ စွဲမြဲနေတာပါ။ အခက်ခဲဆုံး အချိန်တွေမှာ နိုင်ငံတော်ရဲ့ အထောက်အပံ့ကို မရဘဲ အချင်းချင်းပဲ ကူညီရိုင်းပင်းခဲ့ကြတဲ့အတွက် သူတို့ဟာ အင်္ဂလန်နိုင်ငံသား ဆိုတာထက် သူတို့မြို့သူမြို့သား အချင်းချင်းအပေါ်မှာပဲ ပိုပြီး သစ္စာရှိကြပါတယ်။ သူတို့အတွက်တော့ နိုင်ငံတော်သီချင်းဟာ သူတို့ကို ဖိနှိပ်ခဲ့တဲ့ စနစ်ကြီးရဲ့ သင်္ကေတတစ်ခုသာ ဖြစ်သလို၊ အင်္ဂလန်တောင်ပိုင်းက ချမ်းသာကြွယ်ဝနေချိန်မှာ မြောက်ပိုင်းက လီဗာပူးလ်လို မြို့တွေမှာ ဆင်းရဲမွဲတေမှုတွေနဲ့ ရှင်သန်နေရပြီး (Food Banks) တွေကို အားကိုးနေရတဲ့အပေါ်မှာလည်း ကြီးစွာသော မကျေနပ်မှုတွေ ရှိနေပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် ဝင်ဘာလေကွင်းမှာ ကြားရတဲ့ လှောင်ပြောင်သံတွေဟာ ဘောလုံးပရိသတ်တွေရဲ့ မရင့်ကျက်မှုကြောင့် မဟုတ်ဘဲ "ငါတို့ကို ဂရုမစိုက်တဲ့ စနစ်ကြီးကို ငါတို့လည်း အသိအမှတ်မပြုဘူး" ဆိုတဲ့ ပြတ်သားတဲ့ ဆန္ဒပြမှု (Protest) တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ "ဘုရင်ကို ကယ်တင်ပါ" ဆိုတဲ့ နိုင်ငံတော်သီချင်းထက် သူတို့ရဲ့ မြို့တော်သီချင်းဖြစ်တဲ့ "You'll Never Walk Alone" ကသာ သူတို့ရဲ့ ဘဝနဲ့ စစ်မှန်တဲ့ သစ္စာတရားကို ကိုယ်စားပြုနေပါတော့တယ်။
-Nyan El Maestro