05/10/2025
🇲🇲 မြန်မာ့အကြီးကျယ်ဆုံး အားကစားသူရဲကောင်း ခေတ်တစ်ခေတ် ပြီးဆုံးခြင်း
ဘန်ကောက်ပို့စ်သတင်းစာ One ကိုယ်စားပြု ဆောင်းပါးရှင် Nick ဖော်ပြခဲ့တဲ့ Aung La N Sang နှုတ်ဆက်ကို နှုတ်ဆက်တဲ့စာသားကို ဖတ်ခွင့်ရအောင် ဘာသာပြန်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
🇲🇲 🐍 "The Burmese Python" (မြန်မာ့စပါးအုံး) သည် Zebaztian Kadestam ကို ဒုတိယအချီမှာ TKO ဖြင့် အနိုင်ရပြီးနောက် ONE Championship ကြိုးဝိုင်းကို ကျောကိုင်းကာ ခန်းနားသော အမွေအနှစ်ကို ချန်ထားခဲ့နိုင်ခဲ့ပြီဖြစ်သည်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်သော အောင်လက ဆွီဒင်နိုင်ငံသား၊ ONE ဝယ်လ်တာဝိတ် MMA ချန်ပီယံဟောင်းကို လက်သီးချက်များဖြင့် အနိုင်ယူလိုက်သောအခါ ဆူညံသံသည် နားကွဲမတတ် ကျယ်လောင်ခဲ့ပြီး ကွင်းရဲ့စတီးအမိုးကိုပင် လှုပ်ခါသွားစေပုံရသည်။
သို့သော် ထိုဆူညံသံမှာ နေမထွက်မီကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
မနက် ၇ နာရီခွဲအချိန်တွင် မြန်မာအလံများ သွယ်တန်းပြီး လုမ္ပနီအားကစားရုံတစ်ဝိုက်တွင် ပရိသတ် ထောင်ပေါင်းများစွာသည် အောင်လကို နောက်ဆုံးအကြိမ် လာရောက်ကြည့်ရှုရန် စောင့်ဆိုင်းနေခဲ့ကြသည်။
နောက်ဆုံးတွင် အနီ၊ အဝါ၊ အစိမ်း ရောင်စုံခြုံလွှမ်းသော နိုင်ငံတော်အလံကိုခြုံကာ ပေါ်ထွက်လာပြီး သူ၏ လမ်းလျှောက်တီးလုံး "အမဲလိုက်အက" ကို မြန်မာရော့ခ်စတား လေးဖြူ သီဆိုလိုက်သည့်အခါ ပရိသတ်တိုင်းကို ပေးအပ်ထားသော လက်ပတ်များသည် ထိုအရောင်များအတိုင်း စည်းချက်ညီညီ လင်းလက်ခဲ့ကြသည်။
[ One ဘက်က အောင်လထွက်လာချိန်မှာ မြန်မာအလံအရောင်ရဲ့ အရောင် ဖြစ်တဲ့ ဝါ၊စိမ်း၊နီ မီးရောင်ကို ပုရိတ်သတ်တွေရဲ့ လက်ပတ်ရော ကြိုးဝိုင်းအလယ်က မီးကိုပါ ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။]
ပွဲပြီးလို့ခဏအကြာတွင် သူသည် လက်အိတ်များကို ချွတ်ကာ ကြမ်းပြင်ပေါ် တင်လိုက်ပြီး ခေတ်တစ်ခေတ်ကို အဆုံးသတ်လိုက်သည်။
ပွဲပြီးဆုံးပြီးနောက် လွန်ပီနီအပြင်ဘက်တွင် တံခါးများ ပိတ်ပြီးသည့်တိုင် "အောင်လ! အောင်လ!" ဟူသော ကြွေးကြော်သံများက ပရိဝုဏ်တစ်လျှောက် ပဲ့တင်ထပ်နေခဲ့သည်။ နောက်ဆုံးတွင် သူပေါ်လာသည့်အခါ—သူ၏ တိုက်ခိုက်ရေးဘောင်းဘီအတိုဖြင့်၊ လက်ပွန်းပဲ့နေသည့် လက်များဖြင့် ရေခဲအိတ်တစ်လုံးကို ကိုင်ရင်း—ပရိသတ် ရာပေါင်းများစွာက သူ့ကို နောက်ဆုံးအကြိမ် ဝိုင်းအုံခဲ့ကြသည်။
"မြန်မာပရိသတ်တွေ... သူတို့ကို ကျွန်တော် လွမ်းနေတော့မှာပါ" ဟု သူသည် ကျွန်တော့်ကို တိုးတိုးလေး ပြောခဲ့သည်။ "မြန်မာပရိသတ်တွေလို ပရိသတ်မျိုး မရှိပါဘူး။"
အားကစားဖြင့် စိတ်ဝမ်းကွဲပြားနေသော နိုင်ငံတစ်နိုင်ငံကို စည်းလုံးစေခဲ့သည့် ထိုသူသည် ပြုံးရွှင်လျက် လက်များကို မြှောက်ကာ ဘန်ကောက်နေ့လည်ခင်းထဲသို့ လျှောက်လှမ်းထွက်ခွာသွားခဲ့သည်။
သူသည် အောင်မြင်ချိန်၌ နှိမ့်ချပြီး၊ ရှုံးနိမ့်ချိန်၌ စိတ်ထားကောင်းထားခဲ့သည်။ ထို့အပြင် မည်သည့်နည်းနှင့်မဆို ONE Championship ရဲ့ အောင်မြင်မှု့တည်ဆောက်ရာတွင် အထောက်အကူပြုခဲ့သူဖြစ်သည်။
ယခုအခါ Hall of Fame (ဂုဏ်ပြုချီးမြှင့်ခံရသူများ စာရင်း) သို့ သေချာပေါက် ရောက်ရှိလာတော့မည် ဖြစ်သည်။ သို့သော် ထိုဂုဏ်ပြုမှုသည်ပင် သူ၏ ခရီးလမ်းကို လိုက်ပါခဲ့သော သန်းပေါင်းများစွာသော ပရိသတ်အတွက် သူ၏ အဓိပ္ပာယ်ကို တစ်စိတ်တစ်ပိုင်းသာ ဖော်ပြနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံဧ။်ဂုဏ်ယူစရာ။ မြန်မာ့စပါးအုံး။
သူသည် ဤကုမ္ပဏီ၏ တန်ဖိုးထားသော "သမာဓိရှိခြင်း၊ နှိမ့်ချခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ လေးစားမှုရှိခြင်း၊ သတ္တိရှိခြင်း၊ စည်းကမ်းရှိခြင်းနှင့် ကရုဏာရှိခြင်း" ဟူသည့် တန်ဖိုးများကို ပုံဖော်ခဲ့ပြီး၊ သူ့ကို သိခွင့်ရခြင်း၊ ကြည့်ရှုခွင့်ရခြင်း၊ သူ၏ စကားများကို နားထောင်ခွင့်ရခြင်းတို့အတွက် ကျွန်ုပ်တို့အားလုံး ပိုမိုကောင်းမွန်လာခဲ့ကြသည်။