21/07/2026
မိုက်ကယ် ကာရစ်ရဲ့ စီမံကိန်းထဲ အတင်းတိုးဝင်ဖို့ ပြင်ဆင်လာတဲ့ ၁၈ နှစ်အရွယ် မန်ယူလူငယ်ကြယ်ပွင့် ဂျားကော့ဗ် ဒီဗေးနီး
မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားလေးတွေ ရာသီကြိုမှာ ခြေစွမ်းပြတာ ဘာမှတော့ မဆန်းပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ ဂျားကော့ဗ် ဒီဗေးနီး (Jacob Devaney) ပြောသွားတဲ့ စကားကတော့ နည်းပြ မိုက်ကယ် ကာရစ် အိတ်ကပ်ထဲ လက်နှိုက်ထားရင်း တုတ်တုတ်မျှ မလှုပ်ဘဲ စဉ်းစားသွားရလောက်အောင်ကို ရဲရဲဝံ့ဝံ့ ရှိလွန်းနေပါတယ်။
ဒီဗေးနီးက "ကျနော် မန်ယူမှာပဲ အပတ်တိုင်း ပွဲထွက်ချင်တာ၊ အငှားထပ်သွားရမယ်ဆိုရင်လည်း သွားမယ်၊ မဟုတ်ရင်လည်း အသင်းမှာပဲ ကျန်ခဲ့ပြီး ကမ္ဘာ့အဆင့်တွေဆီက သင်ယူမယ်" ဆိုပြီး နည်းပြအဖွဲ့ဆီ သတိပေးချက်ထုတ်လိုက်တာပါ။ ပြီးခဲ့တဲ့ စတန့်မီရင် (St Mirren) မှာ အငှားသွားကစားတုန်းက အတွေ့အကြုံတွေ ရထားလို့လားတော့ မသိဘူး၊ ရာသီကြို ရက်ဇ်ဟမ်းနဲ့ ပွဲမှာဆိုရင်လည်း EFL ရဲ့ လူကောင်ထွား ထွား ဝါရင့်တိုက်စစ်မှူးကြီး ကီးဖာ မိုးရ် (Kieffer Moore) ကို လုံးဝ အိတ်ကပ်ထဲ ထည့်သိပ်ထားခဲ့တာ ဖြစ်ပါတယ်။
ကာရစ် ကိုယ်တိုင်ကလည်း ကွင်းလယ်ဆရာကြီး ပီပီ ဒီကောင်လေးရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်ကို သဘောကျလွန်းလို့ ချီးကျူးခဲ့ရတာပါ။ အခုတော့ ကာရစ်တစ်ယောက် ခေါင်းခြောက်ရတော့မှာ အသေအချာပါပဲ။ ဒီအတိုင်း အသင်းမှာပဲ အရံခုံမှာ သိမ်းထားရမလား၊ ဒါမှမဟုတ် အတွေ့အကြုံရအောင် အငှားပဲ ထပ်လွှတ်ရမလားဆိုတာ ပရိသတ်တို့ရော ဘယ်လိုထင်ကြလဲ ခင်ဗျာ။