03/12/2024
ရော်နယ်ဒိုစကားကို နားထောင်ပြီး မန်ယူကစားသမားတစ်ဦးကိုခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ် စိတ်ဝင်စားနေ
*************
'ခရစ္စတီယာနို ရော်နယ်ဒို' က မန်ယူကစားသမား ၃ ဦးမှာ ထိပ်တန်း အရည်အချင်းတွေရှိကြောင်း ပြောကြားဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာ အဆိုပါ ၃ ဦးထဲက တစ်ဦးကို ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက 'ပီးယားစ် မော်ဂန်' (Piers Morgan) နဲ့ပြုလုပ်တဲ့ 'ရော်နယ်ဒို' ရဲ့ အင်တာဗျူးဟာ အတော်လေး ဟိုးလေးတကျော်ကျော် ဖြစ်သွားပါတယ်။ အဆိုပါ အင်တာဗျူးမှာ ဘလွန်းဒေါ ၅ ဆုရှင်ဟာ သခင်ကြီးတို့ရဲ့ နည်းပြချုပ် 'အဲရစ်တန်ဟက်' အပါအဝင် အသင်းပိုင်ရှင် 'ဂလေဇာ' မိသားစုကိုလည်း ဝေဖန်သွားပါတယ်။ အဆိုပါ အင်တာဗျူးဟာ ဆိတ်ကြီးရဲ့ မန်ယူကစားသမားဘဝ တကျော့ပြန်ခရီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဆိတ်ကြီးက သခင်ကြီးတို့ရဲ့ကစားသမား ၃ ဦးကို အမွမ်းတင် ချီးကျူးသွားပါတယ်။ "မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျွန်တော် ညွှန်းဆိုချင်တဲ့ ကစားသမားက 'ဒီယေဂို ဒါလော့' ပါပဲ။ သူက ငယ်ရွယ်ပေမယ့် အရမ်း ပရိုဖက်ရှင်နယ်ဆန်ပါတယ်။ သူ့အနေနဲ့ အချိန်အကြာကြီး ဘောလုံးကစားနိုင်မယ့်အကြောင်းကို သံသယဖြစ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ငယ်ရွယ်သေးတယ်၊ စမတ်ဖြစ်တယ်၊ အရမ်း ထက်မြတ်ပါတယ်။ 'လီဆန်ဒရို မာတီနက်ဇ်' လည်း ကောင်းပါတယ်။ 'ကပ်စမဲရိုး' က အသက် ၃၀ ကျော်တာတောင် လန်ပျံနေတုန်းပါဗျာ။ ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးက 'ဒါလော့' ပါပဲ။" ဆိုပြီးတော့ 'ရော်နယ်ဒို' က ပြောကြားဖူးပါတယ်။ လက်ရှိမှာတော့ မက်ဒရစ်သားတွေဟာ ပေါ်တူဂီညာနောက်ခံလူကို စိတ်ဝင်စားလာပြီလို့ သိရပါတယ်။ 'အဘတန်ဟက်' မန်ချက်စတာကို စတင် ရောက်ရှိချိန်ကနေ မက်ဒရစ်သားတွေဟာ 'ဒါလော့' ကို စောင့်ကြည့်နေခဲ့ပါတယ်။ မက်ဒရစ်သားတွေဟာ ကြိုးကြာငှက်ကြီးတို့ရဲ့ အစွန်နောက်ခံလူ 'ထရန့် အလက်ဇန်းဒါး အာနိုးလ်' နဲ့ အဆင်မပြေတာကြောင့် သခင်ကြီးတို့ရဲ့ နောက်ခံလူကို စိတ်ဝင်စားလာတာပါ။ လက်ရှိမှာတော့ 'ဒါလော့' ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၅၀ လောက်အထိ ရှိနေပါတယ်။ 'ဒါလော့' ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက သခင်ကြီးတို့ရဲ့ ဦးစားပေးကစားသမားဖြစ်ပြီးတော့ နည်းပြသစ် 'ရူဘင် အမ်မိုရင်' လက်ထက်မှာလည်း အဓိကနေရာက ပါဝင်နေပါတယ်။ အသက် ၂၅ နှစ်သားဟာ ပေါ်တူဂီလူမျိုး နည်းပြကိုလည်း အထူး သဘောကျနေပါတယ်။ "ပုဂ္ဂိုလ်ရေးပိုင်းအရ ကျွန်တော် သူ့ကို မသိပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ နိုင်ငံအသင်းက အသင်းဖော်တွေကြောင့် သူ့ကို သိတာပါ။ သူဟာ တကယ်တော်တဲ့နည်းပြတစ်ဦးပါ။ သူက စိတ်ဓာတ်ကောင်းပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာဘဲ သူ,ဘာလိုချင်တာလဲဆိုတာ သူကိုယ်တိုင်သိပါတယ်။ ကစားသမားတွေဆီကနေ သူက အရမ်းတောင်းဆိုပါတယ်။ ကျွန်တော်ကလည်း အဲ့ဒါကို သဘောကျပါတယ်။ ဒီအသင်းမှာ ဒါမျိုးက လိုအပ်နေတဲ့အရာပါ။ သူ့ရဲ့ သတ်မှတ်ချက်တွေက အရမ်းမြင့်မားပါတယ်။ ရည်မှန်းချက်ကောင်းတဲ့ နည်းပြတစ်ယောက်ကို မြင်ချင်ရင် ခင်များက သူ့ကို ကြည့်ရမှာပါ။ ဒီတော့ လာမယ့်ပွဲစဉ်တွေမှာ သူ့အနေနဲ့ ဒီထက်ကောင်းလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့က အတူတကွ အနိုင်ရလာဒ်တွေ ရယူနိုင်မှာပါ။ ဒါက ကျွန်တော် မျှော်လင့်နေတဲ့အရာပါ။" ဆိုပြီးတော့ 'ဒါလော့' က ပရီးမီးယားလိဂ်ရဲ့ တရားဝင် website ကို ပြောကြားသွားပါတယ်။ 'ဒါလော့' ဟာ နည်းပြသစ် 'အမ်မိုရင်' လက်ထက် ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာတော့ ၂ ပွဲအထိ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။ အဆိုပါ ပွဲစဉ် ၂ ပွဲမှာလည်း သူ့အနေနဲ့ အလန်းစား စွမ်းဆောင်ရည်တွေကို ပြသထားပါတယ်။ ယနေ့ညမှာတော့ 'ဒါလော့' ရဲ့ မန်ယူအသင်းဟာ ခါးသီးပြိုင်ဖက် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ နည်းပြသစ် 'အမ်မိုရင်' ရောက်ရှိလာခြင်းနဲ့အတူ သခင်ကြီးတို့သမိုင်းမှာ မကြုံဖူး၊ မကြားဖူးတဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့လာခဲ့ရပြီဖြစ်ပါတယ်။ 'အမ်မိုရင်' ဟာ ဥယျာဉ်မှူးကောင်းတစ်ယောက်ဖြစ်တယ်လို့ ညွှန်းဆိုရမှာဖြစ်ပြီးတော့ 'အမ်မိုရင်' ကြောင့်ပဲ 'ရက်ဖို့ဒ်'၊ 'ဟွိုက်လန်း' နဲ့ 'ဇက်ဇီ' တို့ ဂိုးမြူးလာကြတာပါ။ ဒါ့အပြင် ပေါ်တူဂီလူမျိုးနည်းပြရဲ့ ၃-၄-၃ ကစားကွက်မှာ အသင်းကို အဓိက မောင်းနှင်ပေးနေတာကတော့ 'ဒါလော့'၊ စစ်သည်လေးသိန်း 'ဘရူနို' နဲ့ အိုင်ဗရီကို့စ်မက်ဆီ 'အာမက်' တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစောပိုင်းကာလတွေတုန်းက ဂိုးမသွင်းနိုင်လို့ ဘောလုံးပွဲသုံးသပ်သူတွေဆီမှာ ဝေဖန်ခံခဲ့ရတဲ့ 'ဇက်ဇီ' တစ်ယောက်လည်း သွင်းဂိုးတွေ ရှာတွေ့နိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်ကျည်းတုံးကြီး 'ဇက်ဇီ' ကိုတော့ သခင်ကြီးတို့ရဲ့ လက်ဂျန့်ကြီး 'ပေါလ်စခိုးလ်' ကလည်း ဝေဖန်ဖူးပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်အသင်းနဲ့ပွဲက သွင်းဂိုး ၂ ဂိုးကြောင့် 'ဇက်ဇီ' ဟာ သူ့အပေါ်မှာ ဝေဖန်နေသူတွေကို အသံတိတ်စေခဲ့ပြီဖြစ်ပါတယ်။