09/07/2024
ကစားဟန်မကြိုက်ရင် လာမကြည့်နဲ့လို့ပြောလာတဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်
--------------------------
၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းကတော့ ၂၀၂၄ ဥရောပဖလားပြိုင်ပွဲမှာလဲ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းထားပါပြီ။
ဒါပေမယ့် ပြင်သစ်အသင်းရဲ့ ကစားဟန်အပေါ်မှာတော့ ပရိသတ်တွေက မကျေမနပ်ဖြစ်နေသလို ဝေဖန်သူတွေကလဲ ဝေဖန်နေကြပါတယ်။
တကယ်လဲ ပြင်သစ်အသင်းက အုပ်စုအဆင့်ကနေ ကွာတားဖိုင်နယ် အထိ ၅ပွဲကစားခဲ့ရာမှာ Open Play ကနေ တစ်ဂိုးမှမရခဲ့ပါဘူး။
ရခဲ့တဲ့ ဂိုးတွေမှာလဲ ၃ဂိုးက တစ်ဖက်အသင်းကစားသမားတွေ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိကြလို့ဖြစ်ပြီး တစ်ဂိုးတည်းသောဂိုးကိုလဲ အမ်ဘာပေက ပင်နယ်တီနဲ့ ရယူပေးထားတာပါ။
ဒီတော့ ပြင်သစ်ပရိသတ်တွေကလဲ ကစားပုံနဲ့ ပတ်သက်ပြီး ပြစ်တင်စကားဆိုသံတွေ ပြောလာချိန်မှာတော့ နည်းပြဖြစ်သူ ဒက်စ်ချမ့်စ်က - “အခုတစ်ပွဲမှာတော့ မတူနိုင်ပါဘူး။ အရင်က ကျန်ခဲ့ပါပြီ၊ကျွန်တော်တို့ရလဒ်တွေနဲ့ပတ်သက်ပြီး မကျေမနပ်၊မပျော်မရွှင်ဖြစ်နေတဲ့ ပြင်သစ်ပရိသတ် တွေအနေနဲ့ ဆီမီးဖိုင်နယ်ပွဲကို မကြည့်ပဲ အခြားအရာတွေကို ကြည့်ရှုနိုင်ပါတယ်။”လို့ ဒက်စ်ချမ့်စ်က ပြောလာတာပါ။
ပြင်သစ်အသင်းကတော့ ယနေ့ည မြန်မာစံတော်ချိန် ဇူလိုင် ၁၀ရက်နေ့ နံနက် ၁နာရီခွဲမှာ စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ကစားရပါမယ်။