12/02/2024
ပေါင်းသင်းဆက်ဆံရေးကောင်းသူတယောက်ဖြစ်ဖို့ ဒီလိုမဟာဗျူဟာတွေကို ကျင့်သုံးပါ
ပေါင်းသင်းဆက်ဆံရေး ကောင်းသူတယောက်ဖြစ်လာဖို့ အဓိကလိုအပ်ချက်က တဖက်သားကို စိတ်ဝင်စားခြင်း၊ စိတ်ပါလက်ပါ ပြောဆိုခြင်း ဖြစ်ပါတယ်
အသေးစိတ်အနေနဲ့ သတိပြုရမယ့်အချက် တော်တော်များများရှိပါတယ်။ အချို့အချက်တွေက အရေးမကြီးတဲ့အရာတွေ၊ လူတိုင်းသိတဲ့အချက်တွေလို့ ထင်ရပေမယ့် တကယ့်လက်တွေ့မှာဆိုရင် ဒီအချက်တွေက လိုက်နာကျင့်သုံးခံတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သေချာ သတိပြုကြည့်မယ်ဆိုရင်ပေါ့
- မိမိနာမည်ကိုပြောပြီး မိတ်ဆက်ပါ။ သေသေချာချာ မသိသေးတဲ့သူနဲ့ လူချင်းတွေ့ပြီး စကားပြောတဲ့အခါမျိုးမှာ ဖြစ်ဖြစ်၊ တယောက်ယောက်ဆီ ဖုန်းဆက်တဲ့အခါမျိုးမှာ ဖြစ်ဖြစ် ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်ပါ၊ ဟယ်လို ကျွန်တော် .......ပါခင်ဗျာ စသဖြင့် မိမိနာမည်ကို အရင်ဆုံး ဖွင့်ပြောမိတ်ဆက်ပါ
- တယောက်နဲ့တယောက် တွေ့ဆုံနှုတ်ဆက်ရတဲ့အခါ မိမိကအရင် လက်ဆန့်တန်းပေးတဲ့ အကျင့်နဲ့ လက်ကို အားရပါးရ ဆုပ်ကိုင်နှုတ်ဆက်တတ်တဲ့ အလေ့အကျင့်တွေကို မွေးမြူပါ
- နာမည်တွေကို မမေ့အောင် မှတ်သားပါ။ စတင်မိတ်ဆက်သိကျွမ်းရတဲ့ စကားဝိုင်းမှာ မိတ်ဆွေသစ်တွေရဲ့ နာမည်ခေါ်ပြီး စကားပြောခြင်းအားဖြင့် သူတို့ရဲ့ နာမည်တွေကို ကိုယ့်ခေါင်းထဲ စွဲမြဲသွားအောင် ဂရုစိုက်ပါ။
- စကားပြောရင် မျက်နှာတည့်တည့်ကြည့်ပြောပါ။ တဖက်လူစကားကို နားထောင်တဲ့အခါမှာလည်း ပြောသူမျက်နှာကို ကြည့်ပြီး နားထောင်ပါ။ မျက်လုံးချင်းဆုံတဲ့အခါ တဖက်လူအနေနဲ့ သူပြောတဲ့ စကားအပေါ် ထက်သန်ယုံကြည်မီု ဘယ်လောက်ရှိတယ်ဆိုတာ ခင်ဗျား ခန့်မှန်းနိုင်သလို သူရဲ့စကားကို ခင်ဗျား ဘယ်လောက်စိတ်ပါဝင်စားမှုရှိတယ်ဆိုတာကိုလည်း တဖက်လူ သိသွားနိုင်မယ်
- မိမိနဲ့ စကားပြောရတဲ့အတွက် တဖက်လူ စိတ်ချမ်းသာသွားစေရမယ်ဆိုတဲ့ စိတ်ဓာတ်မွေးပါ
တဖက်လူကို ချီးမွမ်းပြောဆိုစရာ စကားကိုရှာပြီး ပြောပါ။ တဖက်လူစိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောပါ။ သူပြောခွင့်ရအောင် စကားစပါ
- အပြုဘက် အကောင်းဘက်က ရှုမြင်တဲ့စကားတွေကို ပြောပါ။ ရွှင်ပျလန်းဆန်းတဲ့ သဘောထားဟာ ကူးစက်လွယ်တယ်။ ကိုယ့်ကြောင့် တဖက်သား စိတ်ရွှင်လန်းသွားပါစေ။ မိမိအလုပ် မိမိဘဝနဲ့ပတ်သတ်ပြီး ညည်းတွားတဲ့စကားတွေ မပြောမိအောင် သတိပြုပါ။ ကိုယ့်အကြောင်းနဲ့ကိုယ် စိတ်ညစ်နေရတဲ့အထဲ သူကလာပြီး ခိုညည်းညည်းနေပြန်တယ်ဆိုပြီ း ခင်ဗျားကို စိတ်ပျက်သွားလိမ့်မယ်
- စကားဖွာတဲ့သူမဖြစ်အောင် ဆင်ခြင်ပါ
လူတယောက်က ခင်ဗျားနဲ့ကြုံတုန်း ပြောသွားမိတဲ့ စကားတိုင်းဟာ လူတကာကို လျှောက်ပြောဖို့ မဟုတ်ဘူးဆိုတာ သတိပြုရမယ်။ ခင်ဗျားကို ယုံကြည်ပြီး တိုင်ပင်တဲ့ ကိစ္စကို ခင်ဗျားက တခြားလူတွေကို လျှောက်ပြောမယ်ဆိုရင် ခင်ဗျားဟာ နှုတ်မစောင့်တဲ့သူ၊ ပါးစပ်ဖွာတဲ့သူအဖြစ် ကင်ပွန်းတပ်ခံရပါလိမ့်မယ်
- သူတပါးအရေးကို အလေးထားပါ
ကိုယ့်ကိစ္စချင်း ရှေ့တန်းမတင်ဘဲ တဖက်လူ ကိစ္စတွေကို မိမိစိတ်ဝင်စားကြောင်း၊ စိုးရိမ်ပူပန်တတ်ကြောင်း ပြသပါ။ အနည်းဆုံး နှုတ်၏ဆောင်မခြင်းနဲ့ ကူညီဖို့ ဝန်မလေးပါနဲ့။ မိမိအရေးကို စိတ်ဝင်စားတဲ့သူ စာနာထောက်ထားတဲ့သူကို ခင်မင်တတ်ခြင်းဟာ လူတိုင်းသဘာဝ ဖြစ်ပါတယ်
- တဖက်သားပြောတဲ့စကားကို တိတိကျကျနားလည်အောင် ကြိုးစားပါ
မိမိခေါင်းထဲ မရှင်းမလင်းဖြစ်နေရင် တိတိကျကျ ထပ်မေးပါ။ တဖက်လူစကားကို ရှင်းလင်းသေချာအောင် မေးခြင်းဟာ သူ့ကို ဂရုစိုက်တယ်၊ လေးလေးစားစား ဆက်ဆံတယ်ဆိုတဲ့ သဘောသက်ရောက်တဲ့အတွက် တဖက်လူက ခင်ဗျားကို ကျေနပ်သဘောကျပါလိမ့်မယ်
- အစည်းအဝေးပွဲတွေ ချိန်းထားတာတွေရှိရင် အချိန်တိတိကျကျ ရောက်အောင်သွားပါ
နောက်ကျတယ်ဆိုတာ အလေးမထားဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ကိုယ့်ဘက်က အချိန်မီရောက်မလာနိုင်ရင် မိမိနောက်ကျစရာ ရှိတဲ့အကြောင်း၊ ဘယ်အချိန်လောက်မှ ရောက်လာနိုင်မယ့်အကြောင်း ဖုန်းဆက်ပြီး ကြိုတင်အကြောင်းကြား တောင်းပန်ထားသင့်ပါတယ်