27/08/2026
မိသားစု
______________
#စိုင်းဝင်းမြင့်
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက်နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်အခုတ်ခံရတယ်
မိသားစုသီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ် ။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန် ။
မိသားစုဆိုတာ
ရှင်သန်ဖို့အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင် ။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေးဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး ။
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ဘဝတစ်ခု ။
ငါဟာလမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့သွေးသားတော်ဆက်တယ်လို့ ထင်တယ် ။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက် ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မဝင်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ ။ ။
Sai Win Myint