30/11/2021
ရွှေဘောလုံးဆုမှာ စီရော်နယ်ဒို မက်ဆီကို ပြန်လိုက်ပြအုံးမှာလား......
ပြီးခဲ့တဲ့ ၂၀၁၂ ကိုကြည့်လိုက်ရင် မက်ဆီက ရွှေဘောလုံးဆု ၄ ဆု ရထားတဲ့ အချိန်မှာ ရော်နယ်ဒိုကတော့ ၁ ဆုသာ ရထားပါတယ်။
ဒါပေမယ့် ၂၀၁၇ အယောက်မှာတော့ မက်ဆီရော ရော်နယ်ဒိုပါ ဆု ၅ ကြိမ်စီ ရထားတဲ့အထိ စီရော်နယ်ဒို အလုပ်ကြိုးစား ပြခဲ့ပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း မက်ဆီက ရွှေဘောလုံး ၇ ဆုနဲ့ ရော်နယ်ဒိုကို ၂ ဆုတိတိ ဖြတ်ထားပြန်ပါပြီ။
မက်ဆီနဲ့ အမြဲလိုလို သူတင်ကိုယ်တင် ဆုတွေ ယူလေ့ရှိတဲ့ စီရော်နယ်ဒို မက်ဆီကို ဘယ်လို ပြန်လိုက်ပြအုံးမလဲ စိတ်ဝင်စားစရာပါ။.
ရော်နယ်ဒိုအနေနဲ့ ရွှေဘောလုံးဆုတွေ ထပ်မံ ရဖို့ဆိုရင် လက်ရှိကလပ်ဖြစ်တဲ့ မန်ယူနဲ့ ဆုဖလားတွေ ရယူဖို့ လိုအပ်နေပါတယ်။
ပြည်တွင်းလိဂ်မှာ မန်ယူအသင်း ရုန်းကန်နေရရင်တောင်မှ သူ့အနေနဲ့ သွင်းဂိုးတွေ အဆက်မပြတ် သွင်းပြနေဖို့ လိုအပ်နေပြီး ရှုံးထွက်ပွဲတွေ ဖြစ်တဲ့ ချန်ပီယံလိဂ်မှာလည်း အသင်းကို အနည်းဆုံး ဆီမီးအဆင့်ထိ ဆွဲတင်ပေးဖို့ လိုအပ်သလို ရွှေဖိနပ်ဆုမျိုးလည်း ရယူပြဖို့ လိုအပ်နေပါတယ်။
မန်ယူအသင်းဟာ အခြေအနေ ဆိုးနေပေမယ့် နည်းပြသစ် ရန်းနစ်ရဲ့ လက်ထပ်မှာ အပြောင်းအလဲ တစ်ရပ် ဖြစ်လာရင်တော့ အခြေအနေ တမျိုးတမည် ပြောင်းလဲသွားနိုင်ပါတယ်။ ရန်းနစ်အနေနဲ့ သူ့ကစားကွက်မှာ စီရော်နယ်ဒိုကို နေရာပေးမယ်လို့ မျှော်လင့်ရတာပါပဲ။
နိုင်ငံအသင်းဘက်မှာတော့ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ တူရကီနဲ့ အီတလီကို ကျော်ဖြတ်ရမှာပါ။
ပွဲကြပ်တွေ ဆိုပေမယ့်လည်း ဒီလို ပွဲကြပ်မျိုးမှာ ခြေစွမ်းပြနိုင်ရင် ပိုမို နာမည်ရလေ့ ရှိတာ ကြောင့် ဒါက စီရော်နယ်ဒိုအတွက် အခွင့်အရေး တစ်ရပ်လို့တောင် မြင်မိတယ်။.
လက်ရှိအချိန်မှာ စီရော်နယ်ဒိုက အသက် ၃၇ ရှိပြီ ဖြစ်သလို ကစားရတဲ့ အသင်းကလည်း ရီးယဲလ်လို ဂိုးတွေ ထိုင်သွင်းပြီး ဆုဖလာတွေ အာမခံပေးနိုင်တဲ့ အသင်းမဟုတ်ပါဘူး။
လာမယ့်နှစ်တွေမှာဆာလား၊ ဘာပေး၊ ဘင်ဇီမာ၊လီဝန် တို့လို ကစားသမားတွေကလည်း ရွှေဘောလုံးဆု ရဖို့ စိတ်အား ထက်သန်နေကြသလို မက်ဆီကိုယ်တိုင်ကပါ ဒီပြေးလမ်းမှာ ရှိနေဆဲပါ။
ဒါကြောင့် စီရော်နယ်ဒို အနေနဲ့ ပထမ အကြိမ်ကလို မက်ဆီကို ပြန်လိုက်ပြဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။
ဒါပေမယ့် အလုပ်အလွန်ကြိုးစားပြီး အသက် ၄၀ ကျော်အထိ ဘောလုံး ကစားဖို့ ရည်ရွယ်ထားတဲ့ စီရော်နယ်ဒိုကို လျှော့မတွက်ရဲသေးတာတော့ အမှန်ပါပဲ။.
စိုးနေ့သစ်