04/01/2023
တတိယမြောက် ရာသီတော်ဦး (၂၀၂၃/၃)
(စစ်တိုက်ကြသည် ဆိုရာဝယ်)
၀၄ ၀၁ ၂၃
……….
ဒီနေ့ ၂၀၂၃ လွတ်လပ်ရေးနေ့ကြီးမှာ ကြာအင်းဆိပ်ကြီးမြို့မှာ မြိုင်မြိင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ဆိုသလို ပစ်သံခတ်သံတွေ ညံနေတဲ့သတင်းတွေ ဖတ်ရတယ်။ တပ်တွေ ရှေ့တန်းထွက်နေချိန် အခွင့်အရေးကို ရယူပြီး မြို့ပေါ်က တပ်ရင်းသုံးရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက် ဝင်တိုက်၊ ၂ရင်းရ၊ တစ်ရင်းတိုက်နေတုန်း၊ လေယာဉ်တွေဗုံးမိုးရွာ၊ တပ်ရင်းထဲက စစ်မိသားစုတွေ သုံ့ပန်းဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုများဆိုတဲ့ တိုက်ပွဲနိဂုံးချုပ်မဟုတ်တဲ့ ဖြစ်ဆဲသတင်းတွေ ဗလပွထနေရော။
ဒီဇင်ဘာနှောင်းပိုင်းကတည်းက ကော့ကရိတ်ဘက်မှာ တိုက်ပွဲတွေ ရက်ရှည်ဆက်တိုက်ဖြစ်နေလို့ အဲ့ဒီဘက်ကို အင်အားဖြည့်နေရတဲ့အချိန်ပါ။ ပိတ်ခဲတဲ့ မြဝတီကုန်သွယ်ရေးလမ်းကြောင်း ရက်ရှည်ပိတ်နေတာဟာ စစ်ပွဲမှာ စကစဘက်က မထိမ်းချုပ်နိုင်သေးဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ စစ်ပွဲနဲ့ လှမ်းတဲ့နေရာက စစ်သည်တွေကို စစ်မြေပြင်အသီးသီးကို ပို့ပေးနေရာကနေ နောက်တမ်းဟာပေါက်ဖြစ်ပြီး၊ ဒီအခွင့်အရေးကို အသုံးချသွားတာဖြစ်ပါတယ်။ ဘော်လုံးပွဲမှာ တိုက်စစ်အလွန်အကျွံလိုက်ရင်း နောက်တန်းဟာသွားရကနေ ပေးလိုက်ရတဲ့ ဂိုးမျိုးနဲ့ ဆင်ဆင်တူပါမယ်။ ဂိုးလိုချင်တော့ မလိုက်လို့ကလည်းမရ။ ရှိတာမှ ဒီ ၁၁ယောက်တည်း။
အတည်မပြုနိုင်သေးတဲ့ သတင်းအရ၊ ဒီတစ်ရက်တည်းမှာပဲ ရှမ်းတောင်ပိုင်း PDF ပူးပေါင်းအဖွဲ့တွေနဲ့ အင်းလေးဒေသ ဘုရားနီအနီး၊ ဆီဆိုင်မြို့အနီး၊ အောင်ပန်း-တောင်ကြီး စစ်ဆေးရေးဂိတ်မှာ ထိတွေ့မှုတွေဖြစ်တယ်ဆိုတဲ့သတင်းလည်း ဖတ်ရပါတယ်။
တပ်ရင်း၊ တပ်ဖွဲ့၊ တပ်မတွေရဲ့ စစ်ထွက်အခန်းအနား၊ သင်တန်းဆင်းအခန်းအနားသတင်းတွေ ဆက်တိုက်ထွက်လာပြီးတာနဲ့ ကပ်လျက်ပဲ တိုက်ပွဲသတင်းတွေကို စိတ်စိတ်ကလေး ဖတ်/ကြားလာရတာဟာ တိုက်ဆိုင်မှုလား၊ မူလရှိပြီးသား စီမံချက်က အသက်ဝင်လာတာလား။ မပြောတတ်ပါ။
……………
RFA က ဦးခင်မောင်စိုး၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့တန်းစခန်းတွေအထိ သွားပြီး သတင်းယူနေတဲ့ ဗီဒီယိုလေးလည်း ကြည့်ရပါတယ်။ ဗိုလ်စလုံးစခန်းလို့ သိရပါတယ်။ တောင်ကြောမြင့်မြင့်လေးတစ်ခုမှာရှိပုံပါပဲ။ လေအေးတွေ အဆက်မပြတ်တဟူးဟူးတိုက်နေပြီး ရဲဘော်တွေကလည်း Camp တဲကလေးတွေနဲ့၊ တစ်ချို့ မြေပြင်မှာ ပလပ်စတစ်ခင်းပြီး အိပ်နေတာတွေ့ရပါတယ်။ သဲအိပ်လေးငါးဆယ်လုံးဆင့်ထားတဲ့ ဘန်ကာခေါ်ရုံ ကလေးတစ်ခုပဲရှိပါတယ်။ အခိုင်အမာတွေမတွေ့ရပါဘူး။ ပြောချင်တာက လိုက်ကျင်းတွေ၊ ဘန်ကာတွေ၊ အခိုင်အမာ တဲတွေနဲ့ ခြံစည်းရိုးတွေခတ်ပြီး နေရာယူခံစစ်သေကုန်းတစ်ခုရဲ့ လက္ခဏာ မမြင်ရတာပါ။ သူတို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ လေကြောင်းအားသာမှု၊ လက်နက်ကြီးအားသာမှုတွေကို ဒရစပ်သုံးလာနေတော့ ခံစစ်သေစခန်းတွေထားတာဟာ ငါ့လာပစ်ကြ၊ ငါ့လာပစ်ကြ၊ ငါဒီမှဟလို့ အော်နေသလိုနေမှာဖြစ်လို့ပါပဲ။ ဒါ့ကြောင့် ယာယီစခန်းတွေမှာ အိပ်/နားပြီး မြန်မြန်ရွှေ့တပ်ဖျောက်။ နောက်တစ်နေရာမှာ ဘွားကနဲပေါ်လာ သွားတိုက်တဲ့နည်းဗျူဟာကို အလုပ်ဖြစ်ဖြစ် သုံးနေကြပုံရပါတယ်။ ဝေါလေလမ်းပေါ်မှာ တပ်ရင်းသုံးရင်းနဲ့ ပိတ်ဆို့ထားတဲ့ ကော်ဘရာစစ်ကြောင်းတစ်ခုလုံး ရုတ်တရက်ပျောက်သွားပြီး၊ ဒေါနတောင် အနောက်ခြမ်းက ကော့ကရိတ်မှာ တိုက်ပွဲဝင်နေတဲ့ နည်းနာနဲ့ တူနေပါတယ်။ လက်နက်၊ ရိက္ခာ၊ ဒဏ်ရာရလူနာတွေအတွက် ဖြေရှင်းဖို့ သူတို့မှာ နည်းနာရှိနေလို့နေမှာပါ။ နို့မဟုတ်ရင် တသွားတည်းသွား တတိုက်တည်းတိုက်နေလို့တော့ မရနိုင်ပါဘူး။ လက်ရှိပေးထားတဲ့အခြေအနေအရ၊ အသင့်လျော်ဆုံး စစ်နည်းဗျူဟာကို အသုံးချ တိုက်ပွဲဝင်နေတာလို့ပဲမြင်ပါတယ်။
ဒါဖြင့် အခိုင်အမာခံစစ်ကုန်းတွေ၊ စခန်းတွေနဲ့ နေရာယူထားတဲ့တိုက်ပွဲမရှိဘူးလားမေးလာရင်၊ နမ့်ဆန်မြို့နယ်ထဲက အိမ်ခြေ၆၀ပဲရှိတဲ့ TNLA တို့ရဲ့ ကုန်းသာရွာတိုက်ပွဲကမြင်သာစေပါတယ်။ နယ်မြေက၊ လမ်းပန်းအရ တောတောင်ထူထပ်ပြီး မြေပြင်စစ်ချီဖို့ ခက်တဲ့ TNLA နယ်မြေဖြစ်တယ်။ သူ့တပ်တွေအတွက် လက်နက်၊ရိက္ခာ၊ လူသူအင်အား စုစည်းထားပြီးအသင့်နေရာပါ။ ဒီနေရာကို ဒီဇင်ဘာ(၇)ရက်ကနေ ရဟတ်ယာဉ်တွေအသုံးပြုပြီး ကွန်မင်ဒိုအင်အား (၁၀၀+၂၀)နဲ့ ရုတ်တရက်ဝင်စီးပါတယ်။ (ဒီလိုစစ်ဆင်ရေးမျိုး အညာစစ်မြေပြင်မှာ မကြခဏသုံးပြီး အထိုက်လျောက်အောင်မြင်နေတာတွေ့ရပါတယ်)
အလစ်အငိုက်မို့ စခန်းတွေက ခဏဖယ်ပေးလိုက်ရပေမယ့် နဂိုကတည်းက အခြားတော်လှန်ရေးအင်အားစုတွေပါ ရှိနေတဲ့အနေအထားဆိုတော့၊ ချက်ချင်းဆိုသလို အပြင်ပန်းက ပတ်ဝိုင်းပြီး လမ်းပိတ်ချလိုက်ပါတယ်။ အတွင်းကလူတွေ ထွက်လို့မရသလို၊ အပြင်က စစ်ကူတွေလည်း (လေကြောင်းကလွဲလို့) ဝင်မရတော့ပါဘူး။ အဲ့ဒီမှာ ပိတ်မိထားတာတွေ ကောက်စားလိုက်တာ ပေါက်ကြားလာတဲ့သတင်းအရကို သေ၅၀၊ မိ၂၄ ဖြစ်နေပါတယ်။ တကယ့်စစ်မြေပြင်က ပကတိကိန်းဂဏန်းတွေကိုတော့ ဘယ်သူမှ မသိလိုက်နိုင်ပါဘူး။ အဲသလိုအနေအထားမျိုးရှိတဲ့ စစ်အင်အားစုအတွက် နေရာယူထိုင်ထားရလို့လည်း ဖြစ်တယ်လို့ အဖြေထွက်ပါတယ်။ ဒီပွဲအပြီးမှာ TNLA က နယ်မြေစိုးမိုးမှု မဆုံးရှုံးခဲ့ပါဘူး။ သူဆုံးရှုံးမှာ ကျည်ဆံနဲ့ စစ်သည်အချို့ပဲဖြစ်နိုင်ပါတယ်။ ဒါတောင် သူရရှိ ခြေမှုန်းလိုက်နိုင်တဲ့ ပမာဏထက် အများကြီး နည်းနိုင်ပါတယ်။
MNDAA က အရင်စုဖွဲ့ထားရှိပြီးသား တပ်မ(၆၁၁)ကို အသစ်ဖွဲ့စည်းမှုနဲ့ လူ/လက်နက်အင်းအား ထောင်ချီကို ပွဲမထုတ်ခင်မှာ အဲ့ဒီဝန်းကျင်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်နေတာာ တစ်လကျော်လောက်ရှိပါပြီ။ MNDAA တွေ နေရာသေထိုင်ထားတာ၊ မုံးပေါ်ကွင်းရဲ့ အရှေ့တောင်ဘက်ကြောတွေပေါ်မှာပါ။ ကြာပါပြီ။ ဒါတွေကို ပျောက်အောင် ပြိုအောင် လုပ်နိုင်ခဲ့တာ မတွေ့ပါဘူး။ ဒီဝန်းကျင်တွေမှာတော့ တိုက်ပွဲခဏခဏဖြစ်နေပါတယ်။ သူဆုတ်ခွာဖယ်ပေးထားတာဆိုလို့ ၂၀၂၁ နိုဝင်ဘာ၊ ၉ရက်မှာ မုံးကိုး/ကောင်းတပ်နားက ပို့စ် ၃ခုပဲရှိပါတယ်။ ကျန်တာက ရွှေ့လျားစစ်ကြောင်းတွေ အထိုင်စခန်းတွေနဲ့ နေနေတာပါ။ သူလည်း စခန်းသေတွေနဲ့ နေရတာ အဆင်ပြေနေတာပါပဲ။ ရေမြေတောတောင်အနေအထား၊ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်မှုအားတွေက အညာနဲ့ကွာပါတယ်။
KNLA, TNLA တို့ရဲ့ မြန်မြန်ရွေ့၊ ပြန်ဝိုင်းပတ် နည်းဗျူဟာမျိုး၊ လုပ်သေနတ်နဲ့ လက်လုပ်စိန်ပြောင်းတွေ အားကိုးနေရဆဲ အညာစစ်သည် များဆီမှာလည်း တွေ့ရပါတယ်။ ရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့မြေလှန်လုပ်တဲ့အခါ ဆိုင်မတိုက်နိုင်တော့ ဖယ်ပေးလိုက်ကြပါတယ်။ လက်နက်အင်အားအဆမတန်ကွာလို့ပါ။ ပြီးတော့ အဲ့ဒီဝင်သွားတဲ့စစ်ကြောင်းကို ပိတ်ပါတယ်။ အဝင်/ အထွက်လမ်းတွေမှာ မိုင်းဆင်ပါတယ်။ ခြုံခိုတိုက်ပွဲတွေဖေါ်ပါတယ်။ အဝင်စစ်ကြောင်း တနည်းနည်းနဲ့ (အထိအခိုက်အကျဆုံးများစွာနဲ့ဖြစ်ဖြစ်) ထွက်သွားပြီးရင်၊ ချက်ချင်း ရွာကိုပြန်ဝင်ရှင်း၊ ဝင်ထိုင်လုပ်ကြပါတယ်။ (ဒါ့ကြောင့်လည်း နောက်ပိုင်းမှာ ရဟတ်ယာဉ်တွေနဲ့ လျှပ်တစ်ပြက်စစ်ဆင် လျှပ်တစ်ပြက်ပြန်ထွက်နည်းကို သုံးလာတာတွေ့ရပါတယ်။) မြေပြင်မှာ ကျည်ကွယ်မျက်ကွယ်မဲ့ အညာဒေသလိုဟာမျိုးမှာတောင် လုံခြုံမှုရှိမနေတော တွေ့ရပါတယ်။
ဒီနည်းကို တစ်ဖက်တည်းက သုံးနေတာလားမေးရင်တော့၊ ဘယ်ဘက်ကမဆို သုံးနိုင်ပါတယ်။ တိုက်ခိုက်ရေးလူအင်အားလည်း များများရှိ၊ မြန်မြန်ရွှေ့လျားနိုင်တဲ့နည်းလမ်းလည်းရှိ၊ နယ်မြေလည်း ကျွမ်းကျင်နေမှ သုံးလို့ရပါမယ်။ မဟုတ်ရင်တော့ ရဟတ်ယဉ်နဲ့ပဲ အဆင်းအတက် လုပ်ရပါလိမ့်မယ်။ ရဟတ်ယာဉ်တစ်စင်းရဲ့ သယ်နိုင်တဲ့ လူအင်အားဟာ နှစ်ဆယ်အစိတ်ပဲရှိလို့၊ အဲ့ဒီဆင်းတဲ့နေရာကို လူနှစ်ရာလောက် ဝိုင်းပတ်ထားလိုက်ရင် အတော်ကျောချမ်းစရာကောင်းပါလိမ့်မယ်။
…………
ကျွန်တော့်ဝေါလ်မှာ အရင်စစ်သားဟောင်းတွေ ၊ ဒါမှ မဟုတ် လက်ရှိ တာဝန်ထမ်းဆောင်ဆဲတွေဖြစ်နိုင်တဲ့ အကောင့်က သတင်းတွေ ခဏခဏပေါ်ပါတယ်။ ကျွန်တော့်အကောင့်ထဲက သူတွေ သယ်သယ်လာတာပါ။ ဖတ်ကြည့်တဲ့အခါ၊ တစ်ဖက်သတ်အပြစ်ရပ်ရေးကို တွင်တွင် အပြစ်ဆိုနေတာတွေ့ရပါတယ်။ မင်းတို့ကောင်တွေက မပြစ်နဲ့၊ ထွက်မတိုက်နဲ့ ၊ ခံစစ်လုံအောင်ထားပြီး လာပစ်သမျှခံကြလို့ ညွှန်ကြားနေတာလား။ ဒီလိုနဲ့ သူတို့ လာပစ်တိုင်း ကျွန်တော်တို့ကတဖြုတ်ဖြုတ်ကြွေ သေပေးနေရမှာလားဆိုတဲ့လောင်မြိုက်နေသံတွေ မကြာခဏမြင်/ဖတ်ရပါတယ်။
ဒီနေ့ ကြာအင်းဆိပ်ကြီးမြို့တိုက်ပွဲသတင်းကတော့၊ ရှေ့ထွက်တိုက်နေတုန်း နောက်မှာ ကျန်နေတဲ့သူတွေ လာတိုက်တော့ ခံနေရတဲ့သတင်းမျိုးပါပဲ။
တစ်နှစ် အပစ်ရပ်ထားတယ် ဆိုပေမယ့်၊ တကယ့်မြေပြင် သတင်းတွေမှာတော့ အဲ့လို ခံစစ်စခန်းထဲချည်း ထိုင်နေတာမဟုတ်ပါဘူး။ မြို့စဉ်ရွာပတ်စစ်ကြောင်းထိုးနေတဲ့ သတင်းတွေလည်း ဖတ်နေရတာပါပဲ။ ထိုင်ချည်းနေရတဲ့ စခန်းတွေလည်း ရှိတယ်ကြားပါတယ်။ ကွမ်းယာလေးဝယ်၊ အရက်လေးထွက်သောက်ရင်တောင် မလုံခြုံတော့လို့ တစ်ညလုံးပဲငုတ်တုတ်ထိုင်နေရတဲ့ စခန်းတွေလည်း နည်းမှာမဟုတ်ပါဘူး။
အဲ့သလို စခန်းတွေထဲက စစ်သည်တွေရဲ့ ရင်တွင်းဖြစ်တွေကို အင်တာဗျူးယူနိုင်တဲ့လူကလည်းမရှိတော့ သူတို့စကားသံ ကျွန်တော်တို့ ကြားခွင့်မသာပါဘူး။
………
ဒါဖြင့် ရွေ့လျားစစ်က အားသာတာပေါ့လို့လည်း လက်ခမောင်း မခတ်သင့်ပါဘူး။ ခတ်လို့ မရပါဘူး။
စစ်လက်တံ ရှည်လာလေလေ၊ နောက်ပိုင်းက ထောက်ပို့လမ်းကြောင်းလည်း ရှည်လျားလာလေလေပါပဲ။ တုတ်လို့ အလွယ်ခေါ်တဲ့ လက်နက်တွေက ရှိနေပေမယ့်သူတို့ပြောင်းဝက ထွက်သွားတဲ့ အဆံတွေက တိုက်ပွဲတစ်ခါပြီးသွားတိုင်း တစ်ခါ ပါးလျသွားပါတယ်။ ဒါကို ဘယ်လိုပြန်ဖြည့်မလဲလို့ စဉ်းစားရတာကိုက အတော်ခေါင်းကိုက်စရာပါ။ အဆံမရှိရင် ဝါရင်းတုတ်ရင့်ရင့်တစ်ချောင်း ကိုင်ထားတာကမှ ပိုပေါ့ပါးပြီး အသုံးဝင်ပါဦးမယ်။ အခွံသာကျန်တဲ့ သေနတ်စုတ်က အသုံးမဝင်ပါ။ အဆံဆိုတာကလည်း စစ်ချီလမ်းတစ်လျှောက် ကိုယ်ဖြတ်သန်းသွားရတဲ့ လယ်ကွက်ထဲကရွံ့တွေ ကောက်လုံးပြီး လောက်စာလုံးလုပ်ပစ်လို့ရတာမျိုးမဟုတ်ပါဘူး။ ရနိုင်တဲ့ စုထားတဲ့ ရင်းမြစ်ဆီကနေ တိုက်ပွဲဆီ အချိန်မီရောက်အောင် အချိန်နဲ့ အန္တရာယ်နဲ့ ရင်းသယ်ရတာပါ။ တိုက်ပွဲတွေမှာ ကျည်ဆံမရှိတော့ပါဘူး၊ အမြန်ပို့ပါလို့ နောက်တန်းကိုစက်နဲ့ အမောတကော ပေါက်ချိန် ရန်သူ့ကြားဖြတ်သတင်းက ရသွားလို့ကတော့ ဒီစခန်း၊ ဒီကုန်း မိနစ်ပိုင်းထဲ ကျပြီးသားပါပဲ။ စစ်ပွဲမှတ်တမ်းတွေမှာ ဒါမျိုးအဖြစ်ပျက်က ဒင်းကြမ်းပါ။
နေ့လည်ကပဲ ၂၀၂၁ အောက်တိုဘာ ၁၆က ကြာအင်းဆိပ်ကြီးနယ်ထဲက ခုပ်ခွားရွာကို ရိက္ခာပို့ပြီးပြန်တဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခံရတဲ့အထဲ၊ ၆ဦးသေ၊ အရာရှိ စစ်သည်၁၆ဦးဖမ်းမိဆိုတဲ့ဖြစ်စဉ်ထဲက စစ်ကြောင်းမှူး ဗိုလ်မှူးအောင်ကျော်မင်းရဲ့ အင်တာဗျူးလေးကြည့်ရပါတယ်။ တိုက်ပွဲချိန် လေးနာရီကျော်။ စစ်ကူတောင်းတာ တစ်နာရီကျော်ကြာတဲ့အထိ မလာလို့ သူတို့စစ်ကြောင်းကျရပါတယ်တဲ့။ သူအကူတောင်းတာကို တစ်ဘက်က နားထောင်လိုက်ရပြီးရင်တော့ အဖမ်းခံရရင်ခံရ၊ မဟုတ်ရင် သေ နှစ်လမ်းပဲရှိတော့တာပါ။ ဒါ့ကြောင့် ရွေ့လျားနေတဲ့ စစ်ကြောင်းတိုင်းလည်း အန္တရာယ်မကင်းလှပါ။
ပန်းနဲ့ပေါက်တာမျိုးမဟုတ်တဲ့စစ်ပွဲမှာသူ့ဘက် ကိုယ့်ဘက် သေကျေ အနာတရရှိကြတာချည်းပါပဲ။ သက်ဆိုင်ရာ တပ်အသီးသီးဟာ အဲ့ဒီဒဏ်ရာအနာတရတွေကို တာဝန်ကြီးကြီးယူကြရပါတယ်။ သေလည်းအေးရော အိမ်သာကျင်းထဲပစ်ချထားလိုက်၊ အိမ်ထဲပစ်တင် အိမ်ပါမီးရှို့လို့ အမိန့်ပေးတတ်တဲ့နည်းမျိုးနဲ့ လွယ်လင့်တကူဖြေရှင်းလို့ရတာမျိုးဆိုရင်တော့လည်း မပြောတတ်ပါ။ မဟုတ်ရင် အတော့်ကို တာဝန်ကြီးကြ ခေါင်းပူ ပင်ပန်းကြရပါတယ်။ ကုသလို့ ကုန်သွားတဲ့ဆေးဝါးပြန်ဖြည့်ဖို့ စားသောက်လို့ ကုန်သွားတဲ့ ရိက္ခာပြန်ဖြည့်ဖို့ဆိုတာကလည်း တိုက်ပွဲတစ်ပွဲတိုက်ဖို့ ပြင်ဆင်စီစဉ်ရတာအောက်ကို မလျှော့တဲ့ စဉ်းအားအားထုတ်မှုမျိုးရှိရပါတယ်။ အများကြီးကျန်ပါသေးတယ်။ အလွယ်စဉ်းစားလို့ရတဲ့ မြင်သာတဲ့အချက်တွေကို ပြောတာပါ။ လူတွေမှာအကန့်အသတ်ရှိပါတယ်။ စစ်ပွဲတွေမှာလည်း ထည့်သွင်းတွက်ချက်ရမယ့် အကန့်အသတ်များပါတယ်။
ဒါ့ကြောင့် ဘယ်မြို့ဘယ်နယ်ကို သိမ်းပြနိုင်နေလို့လည်းလို့ မေးမငေါ့ကြပါနဲ့။ ဟိုဝင်တိုက်ပါလား၊ ဒီဝင်နှက်ပါလားလို့လည်း ကွင်းပြင်က ဖင်ခါးတောင်းကျိုက်ပြီး အားမပေးကြပါနဲ့။ ဖြည်းဖြည်းသာသာ လုပ်ကြပါ ပိတ်သတ်ကြီးရာလို့ပဲ လေပြေလေးထိုးချင်ပါတော့တယ်။ သူတို့အနာ သူတို့သိပါတယ်။ သူတို့အရှိန် သူတို့ရှိပါတယ်။ နားနေကြတာ၊ ပန်းတိုင်ပျောက်နေကြတာမဟုတ်ပဲ၊ သူတို့လည်း ကိုယ်စွန်းသမျှတော့ ကြိုးစားနေခဲ့ကြသူတွေချည်းမဟုတ်ပါလား။ အားလုံးဟာ ပေးထားချက် အကန့်အသတ်တွေကြားထဲမှာ လူးလွန့်လှုပ်ရှားနေကြရတာချည်းပဲမဟုတ်လား။ ဖြည်းဖြည်းသာသာ အားပေးကြရအောင်လေ။
Credit Nyein Aye Eain