Zen o' Bike

Zen o' Bike This is just a personal blog of an amateur cyclist from Myanmar. Nothing more! Nothing to be expecte

ဒီ Graph လေးက ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းကနေ ရတဲ့ အချက်အလက်ပေါ့ဗျာ။ ဒီ အချက်အလက်အရဆိုရင် ရန်ကုန်တိုင်းဒေသကြီးဟာ စက်ဘီး ...
14/11/2025

ဒီ Graph လေးက ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းကနေ ရတဲ့ အချက်အလက်ပေါ့ဗျာ။ ဒီ အချက်အလက်အရဆိုရင် ရန်ကုန်တိုင်းဒေသကြီးဟာ စက်ဘီး ပိုင်ဆိုင်တဲ့ အိမ်ထောင်စုအရေအတွက် ၈၁၀ ၀၀၀ ကျော်နဲ့ ထိပ်ဆုံးမှာ ရှိတဲ့ တိုင်းဒေသကြီး တခု ဖြစ်ပြီးတော့၊ ရှိတဲ့ အိမ်ထောင်စု အရေအတွက်ကို စက်ဘီး ပိုင်ဆိုင်မှုနဲ့ ယှဉ် ကြည့်မယ်ဆိုရင်တော့ ရှိသမျှ အိမ်ထောင်စု ၁.၇ သန်းကျော် အိမ်ထောင်စုရဲ့ ၄၇% က စက်ဘီးရှိကြတယ်လို့ တွေ့ရလိမ့်မယ်။

ဆိုတော့ စဉ်စားစရာကဗျာ

၁။ ဇယားထဲမှာ မြင်ရတဲ့အတိုင်း စက်ဘီးပိုင်ရှင် အရေအတွက် အများဆုံး (၈ သိန်းကျော်) က ရန်ကုန်မှာ ရှိနေတာ. ဒီလို မသေးတဲ့ စက်ဘီးသမား အင်အားစုကြီး ရှိနေခြင်းဟာ ကျိတ်ကျိတ်တိုးနေတဲ့ မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ကြီးကို ထိထိရောက်ရောက် ဖြေရှင်းပစ်နိုင်မယ့် အကောင်းဆုံး အခွင့်အလမ်းကြီးလို့ မြင်သလား..

၂။ ဒါမှမဟုတ်... လက်ရှိ ကားတွေအတွက်ပဲ အဓိကဦးစားပေးထားတဲ့ လမ်းမကြီးတွေနဲ့ မြို့ပြစီမံကိန်းတွေ ကြောင့် ရန်ကုန်ရဲ့ ၄၇% သော စက်ဘီးပိုင်ရှင်တွေဟာ လမ်းပေါ်ထွက်ဖို့အတွက် နေ့စဉ် စိန်ခေါ်မှုတွေ၊ ဖိအားတွေ ကို အောင့်သက်သက် ရင်ဆိုင်နေရတယ်လို့ ပြောနေတာများ ဖြစ်မလား။

ခင်ဗျားတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့ကြပါ။

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၇)""တကိုယ်တော် ခရီးလား... ဒါမှမဟုတ် ဘော်ဒါတွေနဲ့သွားမှာလား"  စက်ဘီးစီး ခရီးသွားခြင်း ...
23/10/2025

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၇)"

"တကိုယ်တော် ခရီးလား... ဒါမှမဟုတ် ဘော်ဒါတွေနဲ့သွားမှာလား" စက်ဘီးစီး ခရီးသွားခြင်း အတွေ့အကြုံဟာ ခင်ဗျားက တကိုယ်တော် ခြေစုံပစ် ထွက်မှာလား၊ ဘော်ဒါ တယောက်ယောက်နဲ့ နှစ်ဦးတွဲသွားမလား ဒါမှမဟုတ် လူအများကြီးပါတဲ့ အဖွဲ့လိုက် သွားမလား ဆိုတဲ့အပေါ်မှာ မူတည်ပြီး သိသိသာသာ ကွဲပြားသွားနိုင်ပါတယ်။ ‘မြန်မြန်သွားချင်ရင် တယောက်ထဲသွား၊ ဝေးဝေးသွားချင်ရင် အပေါင်းအသင်းနဲ့ သွား’ ဆိုတဲ့ ဘယ်ပညာရှိပြောခဲ့လဲမသိတဲ့ စကားလေးကလဲ သိပ်မှတ်သားစရာကောင်းတယ် မလား။

ဒီတော့ ... လမ်းပေါ်ကို ကိုယ့်ဘာသာ တပွေတည်း ထွက်သွားပြီဆိုရင် ခင်ဗျားခများက ခေါင်းဆောင် ဖြစ်သွားပါပြီ။ ဘယ်လောက်မြန်မြန် သွားမလဲ၊ ကော်ဖီသောက်ဖို့ ဒါမှမဟုတ် ဓာတ်ပုံရိုက်ဖို့ ဘယ်အချိန် ရပ်မလဲ၊ ခင်ဗျားပဲ ဆုံးဖြတ်ရမှာ။ နေ့စဉ် ကုန်ကျစရိတ်ကို ဘယ်လောက်သုံးစွဲမလဲ (ဆိုင်မှာဝင်စားဖို့ အဖွဲ့နဲ့ အတူတူ လိုက်ပါဖို့ ဖိအားပေးခံရတာမျိုး မရှိတော့ဘူးပေါ့) ပြီးတော့ ပင်ပန်းလာတဲ့အခါ အဲ့ဒီနေ့အတွက် ခရီးစဉ်ကို ရပ်နားလိုက်လို့လဲ ရတယ်။ ခင်ဗျား တစ်ယောက်တည်း ဖြစ်နေတဲ့အခါ အတွေးတွေကို ချင့်ချိန်ဖို့အတွက် အချိန်တွေ အများကြီး ရှိနေပါတယ်။

ခရီးစဉ်အဆုံးသတ်မှာ လမ်းတစ်လျှောက်က စိန်ခေါ်မှုအားလုံးကို ကျော်လွှားဖို့ ခင်ဗျားဟာ တယောက်တည်းရဲ့ အစွမ်းအစ၊ ဇွဲသတ္တိနဲ့ ခွန်အားရှိခဲ့တယ် ဆိုတာကို သိလိုက်ရတဲ့အတွက် ထူးခြားတဲ့ အောင်မြင်မှု ခံစားချက်မျိုး ခံစားရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အားနည်းချက်ကတော့ တစ်ကိုယ်တော် ခရီးထွက်တာဟာ၊ အထူးသဖြင့် လမ်းခရီးက လူသူမနီး၊ ပျင်းရိဖွယ် ရှုခင်းတွေ ဖြစ်နေတဲ့အခါမျိုးမှာ အထီးကျန် နိုင်ပါတယ်။ ညနေခင်းမှာ စက်ဘီး ဘီးပေါက်တာ ၁၀ ခါ မက ဖြစ်လာတဲ့ အခိုက်အတန့်မျိုးမှာ ခင်ဗျားရဲ့ စိတ်ဓာတ်ကို ပြန်မြှင့်တင်ပေးဖို့ ဘယ်သူမှ ရှိနေမှာ မဟုတ်ဘူး။
မိတ်ဆွေတွေနဲ့ဆိုရင်တော့ ဆန့်ကျင်ဘက်ပါပဲ။ အောင်မြင်မှုတွေကို အတူတူ ဆင်နွှဲ ဖို့ လူရှိတယ်။ တချိန်လုံး ခများချည်း ဘီးပေါက်နေတာကို မျက်ခွက်ပြောင်မဲ့သူရှိတယ်၊ နေမကောင်းဖြစ်တဲ့အခါ၊ စက်ဘီးပျက်တဲ့အခါ ဒါမှမဟုတ် s**t hit the fun (ပန်ကာထဲ ချီးဝင်သွား) တဲ့အခါ အကူအညီပေးဖို့ လူတွေ အသင့်ရှိ နေပါလိမ့်မယ်။

ဒါပေမဲ့ သတိထားပြီး ရွေးချယ်ဖို့တော့ လိုအပ်တယ်။ အိမ်မှာ အချစ်ဆုံးသူငယ်ချင်းတွေဟာ လမ်းပေါ်ရောက်တဲ့အခါမှာလဲ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်မနေတတ်ဘူးရယ်။ ခရီးမထွက်ခင်မှာ ကောင်းတဲ့ စက်ဘီးစီးခရီး ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတဲ့ အတွေးအခေါ်ချင်း တူညီ နေဖို့က အရေးကြီးတယ်။ ခင်ဗျားက မနက် ၇ နာရီ စထွက်ချင်နေချိန်မှာ ခင်ဗျားရဲ့ သူငယ်ချင်းက အိပ်ရာထနောက်ကျရတာကို သဘောကျနေတယ်ဆိုရင် ပျော်စရာထက် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင် နေရနိုင်ပါတယ်။ ခများက ညနေခင်း ဘီယာမော့ချင်နေချိန်မှာ ဒီနေ့ ရေဘယ်မှာချိုးရမလဲဆိုပြီး တယောက်တည်း ပြဿနာတက်နေတဲ့ ဘော်ဒါမျိုး ဖြစ်နေနိုင်တယ်။

ညှိနှိုင်းနိုင်ဖို့က အဓိကပဲ။ ညှိနှိုင်းပေးဖို့လည်း ပြင်ဆင်ထားပါ။ တခြားသူတွေနဲ့ ခရီးသွားခြင်းဟာ အဖွဲ့လိုက် ဆုံးဖြတ်ချက်ချဖို့ ကြိုးစားရတာမျိုး ဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ ကိုယ်လိုချင်တာ မရလိုက်တဲ့သူ တစ်ယောက်ယောက်တော့ အမြဲတမ်းရှိ နေတတ်ပါတယ်။

အဖွဲ့ကြီးတွေမှာဆိုရင် မိတ်ဆွေတွေနဲ့ ခရီးသွားခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ အားနည်းချက်တွေဟာ ပိုပြီးတော့ ကြီးမားလာ ပါလိမ့်မယ်။ များသောအားဖြင့် ခရီးစဉ်စီစဉ်သူ ခေါင်းဆောင်တစ်ဦးရှိတဲ့အတွက် လမ်းကြောင်းစီစဉ်ဖို့ ဒါမှမဟုတ် မြေပုံသယ်ဆောင်ဖို့ တာဝန်ကနေတော့ ခင်ဗျား ကင်းလွတ်ကောင်း ကင်းလွတ်နေနိုင်ပါတယ် (ခများသာ ‘စက်ဘီးဆို မောင်ဂွတို’ တို့၊ ‘စက်ဘီးသုတေသီ ဆရာဟိန်း’ တို့ မဟုတ်ဘူးဆိုရင်ပေါ့လေ) ရှေ့ကလူနောက်ပဲ လိုက် သွားလိုက်၊ ပြီးတော့ ခုနက ပြောတဲ့ ပန်ကာထဲ ချီးစင် တဲ့ ကစ္စမျိုးကြုံလာရင် အကူအညီပေးဖို့ ဆန္ဒရှိတဲ့ လူအယောက် ၂၀ လောက် အသင့်ရှိနေ မှာပါ (ခုစာဖတ်နေတဲ့သူက အမျိုးသမီးဆိုရင် ‘လူအယောက် ၄၀ လောက်’ ရှိလိမ့်မယ် လို့ပြင်ဖတ်ပါ)။

နောက်တစ်ဖက်မှာတော့ ကော်ဖီသောက်ဖို့ ခဏရပ်နားတာမျိုးလို ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခုကတောင် တစ်နာရီလောက် ကြာသွားနိုင် ပါတယ်။ စက်ဘီးစီးခရီးသွားခြင်းကို လူအများကြီးစိတ်ဝင်စားလာအောင် ဆွဲဆောင်ထားတဲ့ ဆိတ်ငြိမ်အေးသက်မှု (Zen mind) ကို ရှာဖွေရတာလည်း ခက်ခဲပါတယ်။ အဖွဲ့သေးသေးလေးမှာ ခဏလောက် ရှေ့ကို နင်းထွက်သွားလို့ရပေမဲ့ အဖွဲ့ကြီးကြီး မှာတော့ စကားပြောဖို့ ဘေးချင်းယှဉ်ပြီး လိုက်လာသူ တစ်ယောက်ယောက် က အမြဲရှိနေတတ်ပါတယ်။ တစ်ကိုယ်တော် စက်ဘီးသမားတွေ ဒါမှမဟုတ် သူငယ်ချင်း အုပ်စုသေးသေးလေးတွေအတွက် ရိုးရှင်းလွန်းတဲ့ ကိစ္စတွေ (ဥပမာ- သဘာဝစခန်းချတာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ဖို့ ရပ်တာ) ဟာ အဖွဲ့အင်မတန်ကြီးတဲ့အခါမျိုးမှာ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။

ဒီလို အားသာချက်၊ အားနည်းချက်တွေကို သိပြီး ခများ ဘယ်လိုသွားချင်လဲ၊ ဘယ်လောက်ဝေးဝေး သွားချင်လဲ ဆိုတဲ့ အပေါ်မူတည်ပြီး တယောက်တည်း သွားမလား၊ ဘော်ဒါတွေနဲ့သွားမလား၊ အဖွဲ့တွေနဲ့ လိုက်မလား အမှန်ကန်ဆုံး ဆုံးဖြတ်နိုင်ကြပါစေ။ ဘယ်လိုပဲ သွားဖြစ်၊ သွားဖြစ် ဆုံးဖြတ်ချက် အမှားကနေတောင် သင်ခန်းစာတွေ ပြန်ယူနိုင်တယ်ဆိုတာလေးလဲ သတိချပ်ရင်းပေါ့။

(Travelling Two ရဲ့ Bicycle Touring Basic ကို ဘာသာ ပြန်ဆိုထားတာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်သလို၊ ဆက်လက် ပြန်ဆို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ - Zen o' Bike)

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၁)" >>> https://www.facebook.com/103704294475089/posts/321100866068763/
"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၂)" >>> https://www.facebook.com/103704294475089/posts/321543192691197/
"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၃)" >>> https://www.facebook.com/103704294475089/posts/322166842628832/
"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၄)" >>>
https://www.facebook.com/103704294475089/posts/324063069105876/
စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၅) >>> https://www.facebook.com/.../a.106412470.../324642705714579/
စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၆) >>>
https://www.facebook.com/ZenOBike/posts/pfbid02eUw7cVKWgFzU4QtmPJk4EHQBQu7qwPcw8C7ysNVbe5bjS5qC8cSHdU1GRVD7ct8wl?rdid=Egz79Sj9VCRFYTeI #

Sir John Foster Fraser, Samuel Edward Lunn & Francis Herbert Lowe ဆိုတဲ့ သုံးယောက်က ၁၈၉၆ မှာ စက်ဘီးစီး ခရီးတခု ထွက်ခဲ့တာ...
24/07/2022

Sir John Foster Fraser, Samuel Edward Lunn & Francis Herbert Lowe ဆိုတဲ့ သုံးယောက်က ၁၈၉၆ မှာ စက်ဘီးစီး ခရီးတခု ထွက်ခဲ့တာမှာ နှစ်နှစ်အတွင်း မိုင်းပေါင်း ၁၉,၂၃၇ မိုင်နဲ့ တိုက်ကြီးသုံးခု၊ နိုင်ငံပေါင်း ၁၇ နိုင်ငံကို လည်ပတ်ခဲ့တယ် ဆိုပဲ။

သူ့ရဲ့ Round the world on a Wheel ဆိုတဲ့ ဒီ စက်ဘီးစီးခရီးသွား စွန့်စားခန်းတွေရေးထားတဲ့စာအုပ်မှာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်က အတွေ့အကြုံတွေကို စာမျက်နှာ ၄၀ လောက် ထည့်ရေးထားတာလဲတွေ့ရတယ်။

သူတို့အဖွဲ့ စက်ဘီးစီး ကမ္ဘာပတ်ရင်း မြန်မာနိုင်ငံရောက်ခဲ့တဲ့အချိန်က သီပေါမင်း ပါတော်မူပြီး ၁၂ နှစ်အကြာမှာပါ။

စိတ်ဝင်စားသူတွေအတွက် မြန်မာနိုင်ငံအတွင်း ရောက်ရှိစဉ်နေ့ရက်များအကြောင်း နည်းနည်းချင်း ဘာသာပြန်ဖော်ပြပေးပါ့မယ်။

(မြေပုံသုံးတာ၊ လမ်းကြောင်းရေးတာ၊ အကွာအဝေး၊ အမြင့် စသဖြင့် တွက်တာတွေနဲ့ပတ်သက်ပြီး ရေးပေးဖို့ Message တခုရခဲ့တာ တော်တော်ကြ...
21/07/2022

(မြေပုံသုံးတာ၊ လမ်းကြောင်းရေးတာ၊ အကွာအဝေး၊ အမြင့် စသဖြင့် တွက်တာတွေနဲ့ပတ်သက်ပြီး ရေးပေးဖို့ Message တခုရခဲ့တာ တော်တော်ကြာပြီ။ ရေးထားပြီး မတင်ဖြစ်ပဲ ရှိနေတုန်း အထွေထွေအာရုံနောက်မှု တွေကြောင့် သိပ်မရေးဖြစ်ပဲ ပစ်ထားရာက ခု ကွန်ပျူတာရှင်းရင်း ဒီစာလေး ပြန်တွေ့လို့ တင်လိုက်တာပါပဲ။
ဒီအချိန် ဘယ်သူမှ စက်ဘီးစီး ခရီးမထွက်ကြမှန်းလဲ သိပါရဲ့။ သို့သော် အာသာပြေပေါ့ဗျာ။)

နိုင်ငံဖြတ်ကျော် စက်ဘီးစီးခရီး သွားကြမယ်လို့ ဆုံးဖြတ်ပြီးကြတဲ့အခါ လမ်းကြောင်း စဆွဲကြပါတယ်။ အစောပိုင်း သွားဖြစ်မယ် မသွားဖြစ်ဘူး မဆုံးဖြတ်ရသေးခင် လမ်းအနေအထား အကြမ်းဖျင်း ခန့်မှန်းစဉ်အခါတုန်းကတော့ Google Map ကိုသုံးပြီး လမ်းအခြေအနေ ကြည့်ခဲ့ပေမဲ့ အခု လမ်းကြောင်းအသေးစိတ်ပြင်ဆွဲရတော့မယ် ဆိုတဲ့အခါကျ ကျနော်တို့ Locus Map Pro ကို ဝယ်သုံးရပါတယ်။ ဒီ Android App မြေပုံဟာ အတော်လေးတိကျတယ်လို့ နာမည်ကောင်းရထားတဲ့ App လဲ ဖြစ်ပါတယ်။ လမ်းကြောင်းဆွဲစဉ်မှာ အစပိုင်းကတော့ ကျနော် ရော ကိုမျိုးမြင့်ဘို ပါ ကိုယ့်စိတ်ကူးနဲ့ကိုယ် အကြမ်းထည် ဆွဲနေကြပေမဲ့ နောက်ပိုင်းမှာ ကိုမျိုးမြင့်ဘို ဆွဲတာကိုပဲ အတည်ယူတော့မယ်လို့ ဆုံဖြတ်လိုက်ပါတယ်။ သူက အတွေ့အကြုံ ရှိထားသူ ဆိုတော့ မြေမျက်နှာပြင် အနိမ့်အမြင့်၊ နားသင့်တဲ့နေရာ၊ စားသောက်နိုင်တဲ့နေရာ စသဖြင့် မြေပုံ ပါအချက်အလက်တွေကို Locus Map၊ Google Map၊ Google Earth စတဲ့ App သုံးခုနဲ့ တိုက်ဆိုင် စစ်ဆေးပြီး ဆွဲခဲ့တယ်လို့ သိရပါတယ်။ သိပ်မကြာခင်မှာပဲ တစ်ရက်ချင်းစီ၊ တစ်ပိုင်းချင်စီ လမ်းကြောင်းတွေ သူ့ဆီက ထွက်လာပါတယ်။ ကျနော်ကတော့ Website တွေမွှေ၊ ကိုယ်သွားမဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့ လည်ပတ်သင့်တဲ့နေရာတွေ၊ ကိုယ်သွားမဲ့နိုင်ငံက အထင်ကရ မဝင်မဖြစ် ဝင်သင့်တဲ့နေရာတွေကို လိုက်ရှာပါတယ်။ ပြီးတော့ သူ့လမ်းကြောင်းမှာ အဲ့ဒီ့နေရာတွေ ပါမပါ ပြန်တိုက်၊ မပါသေးရင် ပါအောင် ဆွဲထည့်လို့ ရ မရ ညှိ၊ စသဖြင့် ပြင်ဆင်ကြတယ်။

ကျနော်တို့ လမ်းကြောင်း ဆွဲစဉ် အခါမှာရော ခရီးသွားနေစဉ်မှာပါ မြေပုံကို အီလက်ထရောနစ် မြေပုံပဲ သုံးသွားပါတယ်။ စက္ကူမြေပုံ တစ်ယောက်မှ မသုံးသွားကြပါဘူး။ အီလက်ထရောနစ် မြေပုံဆိုရာမှာ ကျနော်က Locus Map နဲ့ Google Map ကို သုံးပြီး ကျန်နှစ်ဦးကတော့ အဲ့ဒီ မြေပုံ နှစ်ခု ကို လမ်းကြောင်း ကြည့်ဖို့ သုံးတဲ့အပြင် လမ်းကြောင်းကို မှတ်တမ်းတင်ဖို့ Strava ပါ သုံးကြပါတယ်။

Electronic Map နဲ့ Paper map ဘာကွာလို့လဲ။ ဒီလို မေးစရာ ရှိပါတယ်။ ဒီတော့ ပြန်မေးရမှာက ဒီဘက်ခေတ်မှာ စက္ကူမြေပုံ ကြည့်တတ်တဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ ဆိုတာပါ။ ကွာခြားချက်က အဲ့ဒါပါပဲ။ ဒါပေမဲ့ သူတို့ နှစ်ခုလုံးမှာ အားသာချက် အားနည်းချက် ကိုယ်စီရှိကြပါတယ်။

Electronic Map ရဲ့ အားသာချက်
===================

၁။ စမတ်ဖုန်းပေါ်က မြေပုံဟာ ခင်ဗျား ဘယ်မှာ ရှိနေလဲ ဆိုတာကို အချိန်မရွေး တိကျစွာ သိနိုင်ပါတယ်။

၂။ ခင်ဗျားသွားလိုတဲ့ လမ်းကြောင်းကို ကြိုတင်ရေးဆွဲထားပြီးတဲ့နောက် အဲ့လမ်းကြောင်းအတိုင်း စမတ်ဖုန်းက လမ်းညွှန်ပြသပေးနေပါလိမ့်မယ်။

၃။ မြေပုံကို တစ်ချိန်လုံး ထုတ်ကြည့်နေစရာ မလိုပဲ သူက အလိုအလျောက် အသံထွက် လမ်းညွှန်ပေးနေနိုင်တာမို့ စက်ဘီး ရပ်လိုက်၊ မြေပုံကြည့်လိုက် လုပ်နေစရာ မလိုပါဘူး။

၄။ ဖုန်းတစ်လုံးထဲနဲ့ သွားလိုတဲ့နေရာ၊ နိုင်ငံတိုင်းရဲ့ မြေပုံကို ကြည့်နိုင်တာမို့ သယ်ယူရတာ အလုပ်မရှုပ်ပါဘူး။

၅။ မြေမျက်နှာပြင် အမြင့်ကိုလဲ သိနိုင်တာမို့ ခင်ဗျား ဘယ်လောက်အမြင့်မှာ ရှိနေတယ်၊ ဘယ်လောက် တက်ရ၊ ဆင်းရမယ် စတာတွေကို တိတိကျကျ သိနိုင်ပါတယ်။

၆။ “Way Marks” လေးတွေ ထားနိုင်တာမို့ ခင်ဗျားသွားခဲ့သမျှ နေရာတိုင်းကို မှတ်တမ်းတင်ထားနိုင်မှာပါ။

၇။ ခင်ဗျားသွားခဲ့တဲ့ လမ်းကြောင်းအကွာအဝေး ဒါမှမဟုတ် တက်ခဲ့တဲ့ မြေမျက်နှာပြင်အမြင့် အတိအကျကို ပြန်တွက်ချက်နေစရာ မလိုပဲ အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်။

၈။ အခပေး‌မြေပုံတွေဟာ Download ရယူထားနိုင်တာမို့ ခင်ဗျား ဖုန်းလိုင်း မမိမှာ၊ အင်တာနက် မရမှာ ပူစရာမလိုပဲ အချိန်မရွေး အသုံးပြုနိုင်ပါတယ်။

Electronic Map တွေရဲ့ အားနည်းချက်
=====================

၁။ အကြီးမားဆုံး အားနည်းချက်ကတော့ ဘတ္ထရီ ကုန်သွားရင် ဘာမှ လုပ်မရတော့ပါဘူး။ အားသွင်းကြိုး ဘာညာတွေအတွက် ပစ္စည်းသယ်ရ ပိုလာသလို၊ Solar Charger, Power Bank စတာတွေ ယူမယ်ဆိုရင် ပိုလို့ လေးလံပါတယ်။

၂။ ကနဦး ရင်းနှီးမြှုပ်နှံရတဲ့ ဈေးနှုန်းအားဖြင့် စမတ်ဖုန်းဈေးနဲ့ Electronic Map ဈေးဟာ စက္ကူမြေပုံ ဈေးနဲ့ အတော်လေး ကွာပါတယ်။

၃။ အချို့ Electric Map တွေဟာ စက္ကူမြေပုံမှာလို စက်ဘီးစီးနိုင်တဲ့ လမ်းတွေကို တိတိကျကျ မပြသထားကြပါဘူး။

၄။ နိုင်ငံတိုင်း၊ ဒေသတိုင်းအတွက် တိကျတဲ့ အချက်အလက်တွေကို အီလက်ထရောနစ် မြေပုံတိုင်းက မပေးနိုင်ပါဘူး။ အချို့သော အခပေး App တွေမှာသာ ရနိုင်ပါတယ်။

စက္ကူမြေပုံတွေရဲ့ အားသာချက် (ဒါတွေက စက္ကူမြေပုံကြည့်တတ်သူတွေရဲ့ ပြောပြချက်တွေပါ။ ကျနော် မကြည့်ပါဘူး)
===========================

၁။ စက္ကူမြေပုံသုံးပြီး ခရီးသွားရတာဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု ပိုရစေပါတယ်။ GPS ကတော့ အဲ့ဒီလို ပျော်ရွှင်ကျေနပ်စေမှုမျိုး မရနိုင်ပါဘူး။

၂။ အီလက်ထရောနစ် မြေပုံမှာ မပါတဲ့ စက်ဘီးစီးပြီးသွားနိုင်တဲ့ လမ်းသေးလမ်းမြောင်လေးတွေကအစ Update ဖြစ်တဲ့ စက္ကူမြေပုံပေါ်မှာ တွေ့ရနိုင်ပါတယ်။

၃။ မျက်နှာပြင်သေးတဲ့ စမတ်ဖုန်းတွေထက်စာရင် စက္ကူမြေပုံပေါ်မှာ နေ့စဉ် လမ်းကြောင်းအသေးစိတ် ပြင်ဆင်ရေးဆွဲရတာ အများကြီး လွယ်ကူပါတယ်။

၄။ တစ်နေ့တာ ခရီးပြီးဆုံးပြီးနောက် စက္ကူမြေပုံပေါ်မှာ ခဲတံလေးနဲ့ တို့ပြီး တစ်ရက်တာ ခရီးစဉ်ကို အသာအယာ မှတ်သားနိုင်ပါတယ်။ တစ်ချို့ကတော့ သူတို့မြေပုံပေါ်မှာ အမှတ်အသားလုပ်တာ မကြိုက်တတ်ကြတာမျိုးတော့ ရှိပါတယ်။

၅။ စမတ်ဖုန်းလို အားကုန်မှာ မပူရလို့ အချိန်မရွေး နေရာမရွေး ကြည့်နိုင်ပါတယ်။

စက္ကူမြေပုံရဲ့ အားနည်းချက်
===============

၁။ ခင်ဗျား စက္ကူမြေပုံ ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။ မလွယ်ပါဘူး။ သေချာ လေ့လာသင်ယူဖူးသူမှ ကြည့်တတ်တာမျိုးပါ။

၂။ ခင်ဗျား နိုင်ငံတွေ အများကြီး၊ နေရာတွေ အများကြီး သွားမယ်ဆိုရင် မြေပုံတွေ အများကြီး လိုလာမှ ဖြစ်ပြီး သူတို့ဈေးကလဲ မနည်းပါဘူး။ ဒါ့အပြင် နေရာယူတာ၊ ဝိတ်ပိုလာတာတွေလဲ ရှိဦးမှာပါ။

၃။ စက္ကူမြေပုံတွေကို နိုင်ငံတစ်နိုင်ငံရောက်တိုင်း ကြိုကြိုဝယ်ရမှာ ဖြစ်ပြီး နယ်စပ်မြို့တွေမှာ တစ်ခါတစ်လေ ဝယ်မရတာတွေလဲ ရှိတတ်ပါတယ်။

၄။ ခေါက်ရသိမ်းရ၊ မစုတ်မပြဲ၊ မစွန်းမထင်းအောင် ကာကွယ်ရနဲ့ အလုပ်ရှုပ်ပါတယ်။

ဆိုတော့ ဘယ်လို မြေပုံသုံးမလဲကတော့ ခင်ဗျားရဲ့ ရွေးချယ်မှုပါပဲ။

Old School တွေကတော့ စက္ကူမြေပုံသုံးရတာ ကြိုက်ကြတုန်းပါပဲ။ ဒါပေမဲ့ လောင်းရဲပါတယ်။ သူတို့သာ ခေတ်ပေါ်နည်းပညာနဲ့ စိမ်းတဲ့သူ မဟုတ်ရင် ဘယ်လောက်ပဲ စက္ကူမြေပုံ ကြိုက်ကြိုက် ရံဖန် ရံခါတော့ အီလက်ထရောနစ် မြေပုံကို ခိုးသုံးမှာ မလွဲပါဘူး။

သုံးခဲ့တဲ့ အတွေ့အကြုံအရ Electronic Map လဲပဲ စသုံးသုံးချင်းမှာ လေ့လာရပါတယ်။ သူဘယ်လို အလုပ်လုပ်လဲ သိဖို့ အရင်လေ့လာပြီးမှ သူ့ကို အသုံးချတာ ပိုထိရောက်တယ်မလား။ ဒါပေမဲ့ သိပ်အခက်အခဲကြီးကြီးမားမား မရှိပါဘူး။ ကလိတာ အားနည်းတဲ့သူတွေအဖို့တော့ Locus Map သုံးနည်း အသေးစိတ်ဖတ်ချင်ရင် ဒီလင့်မှာ သွားလေ့လာလို့ရပါတယ်။

https://docs.locusmap.eu/doku.php?id=manual:user_guide

ဓါတ်ပုံ - အင်တာနက်

လမ်းပေါ်က ကတောက်ကဆများ နှင့် အထာကျကျ တုံ့ပြန်ခြင်း===================================ရန်ကုန်မြို့လမ်းများပေါ်တွင် ယာဉ်အမ...
30/03/2022

လမ်းပေါ်က ကတောက်ကဆများ နှင့် အထာကျကျ တုံ့ပြန်ခြင်း
===================================

ရန်ကုန်မြို့လမ်းများပေါ်တွင် ယာဉ်အမျိုးမျိုး၊ လူ့စရိုက်အဖုံဖုံ၊ စိတ်နေစိတ်ထား အထွေထွေတို့ နေ့စဉ်သွားလာလှုပ်ရှားကြရာတွင် ယာဉ်အသုံးပြုသူအချင်းချင်း မကြာခန ကတောက်ကဆ စကားများကြ၊ ရံဖန်ရံခါ ဆင်းသတ်ကြတာမျိုး ကြုံဖူး တွေ့ဖူးကြမည် ထင်သည်။ ဒီနေ့ချိန်လို ရောဂါဘယဘေး၊ အတားအဆီး အစစ်အဆေး အထုအထောင်းဘေး၊ တောကြောင်ဘေး စသဖြင့် ဘေးအမျိုးမျိုးများကြားတွင် ကုန်ဈေးနှုန်းဖိအား၊ အလုပ်အကိုင်ဖိအား စသဖြင့် ဖိအားအမျိုးမျိုးဖြင့် လှုပ်ရှားသွားလာ ရှင်သန်နေကြသူတွေအဖို့ စိတ်အခန့်မသင့်ချိန် လမ်းပါ်က အဖြစ်အပျက်တခုကတဆင့် ရန်ပွဲတခုသို့ ပြောင်းလဲသွားရန် ပို၍ပင် လွယ်ကူပေသည်။

ပြီးခဲ့သည့် ရက်အနည်းကပင် နာမည်ကျော်မင်းသား ဝီစမစ် တယောက် မိမိဇနီးအပေါ် အရွှန်းဖောက် ဟာသလုပ်သည်ကို စိတ်မထိန်းနိုင်ပဲ၊ ကျူးလွန်သည့် ဟာသပညာရှင်ကို အော်စကာစင်မြင့်ထက်ထိ ပါးတက်ရိုက်သည့် အဖြစ်အပျက်မျိုး ဖြစ်ခဲ့ပြီး ရက်အနည်းငယ်အကြာ လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ဖြစ်စဉ်အပေါ် မြန်မာပြည်ရှိပညာရှင်ကြီးများက သုံးသပ်ဝေဖန်ကြသည်မှာ - EQ Level 200+ ရှိကြပြီး မိမိတို့ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဒိတ်ဒိတ်ကျဲ Professional ကြီးများက “ဝီစမစ် ၏ တုံ့ပြန်ပုံမှာ ပရိုမဆန်ကြောင်း၊ EQ အင်မတန်နိမ့်ရာကျကြောင်း၊ မကျေနပ်ချက်ကို အောင့်အည်းသည်းခံလျက် အပြုံးမပျက် ကျိတ်ခံသင့်ကြောင်း” ပြောဆိုကြသလို၊ စိတ်ခံစားချက် မြင့်မားပြီး High Slef-Esteem သမားများကလဲ “ဝီစမစ် ၏တုံ့ပြန်မှုမှာ အင်မတန်သင့်မြတ်လျော်ကန်ကြောင်း၊ မိမိသာဆိုလျှင် တချက်မက ဆယ်ချက်ခန့် ကြုံးခဲ့မည် ဖြစ်ကြောင်း၊ စော်ကားခံရမှုကို ထိုက်တန်အောင် တုံ့ပြန်ခဲ့ပြီး ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ရလဒ်များသည် မတုံ့ပြန်ပဲ ကျိတ်ခံစားခဲ့ရ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ခံစားချက် ကိုယ့်ကိုယ်ကို လေးစားစိတ် ပျောက်ဆုံး ခြင်းထက်စာလျှင် များစွာ တော်သေးကြောင်း” ဝေဝေဆာဆာ လေကန် ကြလေသည်။

နိစ္စဓူဝ လမ်းပေါ်မှာ ကြုံတွေ့ရလေ့ရှိသော စိတ်တိုစရာ ကိုယ့်ယို့ကားယား အပြုအမူများ၊ ဆဲဆိုကြိမ်းမောင်းသံများ၊ လူမိုက်ဆန်ဆန် စိန်ခေါ်ခံရမှုများကိုရော မိတ်ဆွေတို့ အနေဖြင့် ဘယ်လိုတုံ့ပြန် ကြပါသလဲ။ ဆဲရင် ပြန်ဆဲ၊ စိန်ခေါ်ရင် ဆင်းထိုး လုပ်ကြပါသလား၊ သို့မဟုတ် မသိကျိုးကျွံပြု ရှောင်ထွက်သွားကြပါသလား။

ဒီနေရာတွင်လဲ ဆရာ့ဆရာကြီးများ၏ ဩဇာသက်ရောက်မှုက ရှိနေပြန်သည်။ အချို့က “ကျားသည် ခွေးနှင့် ယှဉ်မကိုက်၊ တန်ရာ တန်ရာသာ စွန့်စားရာ၏” ဟု ဩဝါဒ ချွေကြသလို၊ အချို့ကလဲ “ကျားမှန်လျှင် ကျားမှန်းသိအောင်ပြရမည်၊ ခွေးကိုပင် အလျှော့ပေးနေရလျှင် ကျားကြောက်သာ ဖြစ်သည်” ဟု ဆေးထိုးကြပြန်သည်။ အဆိုပါ အယူအဆ နှစ်ရပ်အပေါ်တွင်လည်း မိတ်ဆွေတို့ မည်သို့အမြင်ရှိကြသည်ကို သိလိုပေသည်။

မိတ်ဆွေတို့ စဉ်းစားရာတွင် အထောက်အကူဖြစ်စေရန် Scenario တခုကို ဖော်ပြရသော် ဘဝမရှိ၊ အနာဂတ်မရှိ၊ မိသားစုမရှိ၊ ကြုံသလိုရေစုံမျှောလိုက်နေသော အုတ်ကြားမြက်ပေါက် တကောင်နှင့် လမ်းပေါ် ကတောက်ကဆ ဖြစ်ရပ်တခုအတွက် ထိုးကျိတ်ရိုက်နှက် သတ်ပုတ်ကြရခြင်းနှင့် ဘဝရှိ၊ အနာဂတ်ရှိသူ တယောက်နှင့် စိတ်အခန့်မသင့်ကြသည့်အချိန် လမ်းပေါ်ကတောက်ကဆ ဖြစ်ရပ်ကြောင့် ထိုးကျိတ်သတ်ပုတ်ရခြင်းတို့ မည်သို့ကွာခြားကြောင်း ဦးစွာသုံးသပ်သင့်ပေသည်။

ရှေးခေတ် ဆာမူရိုင်းများသည် နောက်ကျောမှ ဓါးထိုးခံရမည်ကို လွန်စွာကြောက်ကြ၏။ သေရမည်ကို စိုးရိမ်ခြင်းထက် သူတို့အား မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် အဖက်မတန်သူအဖြစ် ရန်သူက သတ်မှတ်မှာ စိုးရိမ်ခြင်းဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ချောင်းမြောင်းသတ်ဖြတ်ခြင်းလည်းမလုပ်လို ဖက်ပြိုင်ရမည့်သူမှာ မိမိထက် ဂုဏ်သိမ်ငယ်သူ ဖြစ်လျှင် တိုက်ခိုက်ခြင်းပင် မပြုပေ။ ရံဖန်ရံခါ မိမိရှုံးနိုင်မည်မှန်းသိရက်နှင့် တိတ်တဆိတ်လုပ်ကြံခြင်းမပြုပဲ တဖက်သား၏ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် မျက်နှာချင်းဆိုင်သာ တိုက်ခိုက်ပြီး အရှုံးခံတတ်သော သာဓကများလဲ ရှိကြသည်။ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတလျှောက် စီးချင်းထိုးပွဲများတွင်လည်း ဂုဏ်ရည်တူချင်းသာ တိုက်ခိုက်ကြလေသည်။

သို့ဆိုလျှင် လမ်းပေါ်တွင်ကြုံရသည့် အုတ်ကြားမြက်ပေါက်တကောင်က ဆဲဆို ရိုင်းပျသော် အဖက်မတန်ဟု သတ်မှတ်ကာ မသိကျိုးကျွံပြု ရှောင်ထွက်ပေးရမည်လား၊ ဘာမဟုတ်သည့်ကောင်က ရိုင်းပျစော်ကားသည်ကိုပင် ခံလိုက်ရတော့မလား စသဖြင့် Self-Esteem ဆိုင်ရာ မေးခွန်းများ မေးရန် ရှိပေသည်။ မဟုတ်ပါ။ ငါက မှန်လိုကျင့်တတ်တယ်၊ နယူတန်ရဲ့ နိယာမ ဘလာ ဘလာ ဘလာ အူကြောင်ကျား အကွက်တွေ မေ့ထားလိုက်ပါ။ အပြုအမူတိုင်းအတွက် ထိုက်တန်သည့် တုံ့ပြန်မှုပြုလုပ်သင့်ပါသည်။ သို့သော် တဖက်သား ပြုသည့်အတိုင်း ပြန်ပြုစရာ လိုသည် မလိုသည်က သင့်ရွေးချယ်မှုသာ ဖြစ်ပါသည်။ ကျနော် ကတော့ အထာကျကျ တုံ့ပြန်မှုများသာ ပြုလုပ်နိုင်ရန် ကြိုစားပါသည်။ ယင်းအတွက် အထာကျကျ တုံ့ပြန်နည်း တချို့ကို ရှာဖွေ ဖော်ပြပေးလိုက်ရပါသည်။

အထာကျကျ ဘယ်လို တုံ့ပြန်မလဲ။

ဟုတ်ကဲ့ အပေါ်က စာတွေက အရည်မရ အဖတ်မရ စကားကြောရှည်နေတာတွေသာ ဖြစ်ပြီး ဒီပို့စ်ရဲ့ အဓိက ရည်ရွယ်တဲ့ အကြောင်းအရာက ခုမှ စတာပါ။ ကျနော်တို့ စက်ဘီးစီးကြတဲ့အခါ ရံဖန် ရံခါ အခြား ယာဉ်တွေရဲ့ မဆင်မခြင် ပြုမူမှုမျိုး ကြုံရတာ ရှိတတ်သလို၊ ကိုယ်ကိုယ်တိုင်က အမှားပြုမိတာတွေ လဲ ရှိတတ်ပါတယ်။ အဲ့ဒီ အခါမျိုးမှာ ကိုယ်က မှားမှား သူက မှားမှား အများဆုံး အဆဲခံရ၊ ဟွန်းတီးခံရ၊ ဘာအော်လို့ အော်မှန်းမသိ ကားပေါ်က အော်သွားတာ ခံရတာက စက်ဘီးသမား တွေပါပဲ။ ဒီလို ကြုံရတဲ့အခါ (ကိုယ်ကလဲ သည်းခံချင်စိတ် ရှိမနေတဲ့အခါ) ဘယ်လို တုံ့ပြန်သင့်ပါသလဲ။ ရိုးရိုးရှင်းရှင်း ခများ ပြန်အော်ချင် အော်လိုက်လို့ရတာပဲ။ ဒါပေမဲ့ အထာကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း နည်းလေးတွေနဲ့ ဒီလိုလေးတွေ လုပ်နိုင်ပါတယ်။

၁။ “ကားနောက် မီးသီး ကျွမ်းနေကြောင်း” ပြောပြလိုက်ပါ။

၂။ “ငါတော့ အိပ်ချင်ပြီ၊ နင်လည်းအိပ်တော့လေ” ဆိုတဲ့ သီချင်း ကို အော်ဆိုပြပြီး အဲ့ကောင်ကို Earworm ထည့်ပေးလိုက်ပါ။

၃။ “ဖုန်းခေါ်လိုက်” ဆိုတဲ့ ပုံစံမျိုး လုပ်ပြပါ။

၄။ အားပေးတယ် သားယီး ချ ချ ဆိုတဲ့ပုံစံနဲ့ လက်ခုပ်လေး ဖြေးဖြေးမှန်မှန် တီးပြလိုက်ပါ။

၅။ ဖလိုင်းကစ်စ် ပေးလိုက်ပါ။

၆။ ဗလထုတ်ပြ (ကြွက်သားတွေ ညှစ်ပြ) ပါ။

၇။ ပြုံးရယ်ပြီး တာ့တာ ပြပါ။

လူတွေဟာ တယောက်နဲ့ ထိပ်တိုက်တွေ့၊ ကတောက်ကဆ ဖြစ်ကြတဲ့အခါ ဒေါသ နဲ့သာ တုံ့ပြန်တတ်ကြတာ သဘာဝပါပဲ။ တဖက်ကလဲ ဒီလိုပဲ တုံ့ပြန်လာမယ်လို့ မျှော်လင့်ပြီးသား ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ခများက အဲ့လိုမဟုတ်ပဲ မမျှော်လင့်ထားတဲ့ ပုံစံနဲ့ တုံ့ပြန်လိုက်တဲ့အခါ တဖက်သားမှာ အငိုက်မိပြီး အူကြောင်ကြောင် ဖြစ်သွားရပါတယ်။ ပြီးတော့ ဒါကို နားလည်ဖို့ အချိန်အတော်ပေးမိတတ်ပါတယ်။ ပိုဆိုးရင် တနေကုန် ဒီကိစ္စက ခေါင်းထဲက ထုတ်မရ ဖြစ်နေတတ်ပါတယ်။ ဖြစ်စဉ်အပေါ်လဲ သေချာပြန်သုံးသပ် စဉ်းစားမိစေတတ်ပါတယ်။ ဒီလိုတုံ့ပြန်ပုံ နည်းလမ်းက ခင်ဗျားအတွက် အဓိပ္ပါယ်အရှိဆုံးနဲ့ အကောင်းဆုံး တုံ့ပြန်မှု ဖြစ်တယ်လို့ပဲ အကြံပြုလိုက်ပါရစေ။

19/09/2021

Fire Starter အလွယ်တကူမရနိုင်တဲ့အချိန် မီးဘယ်လိုမွှေးမလဲ။

Ferro Rod တွေကို သီးသန့်ဝယ်လို့ရသလို Tactical Weapon တွေ၊ Bushcraft Knife တွေ၊ Survival Kit/Pouch တွေမှာ တွဲလျက်ပါလာတာမျိုးလဲ ရှိတတ်ပါတယ်။ Bushcraft သမားတွေ တောတိုးရင်း သုံးကြတာ များတယ်။ (အလွယ်တကူ Cricket မီးခြစ်သုံးလဲရရဲ့သားနဲ့ ဘာလို့မသုံးလဲဆိုပြီး စားမယ် ဆိုရင် မသုံးချင်လို့ မသုံးတာပေါ့ဗျာလို့ ဖြေမှာပါ။ စ တာပါ.. ဖယ်ရိုရော့ မှာတချို့အခြေအနေတွေအတွက် ပိုအားသာတဲ့ အချက်တွေရှိပါတယ်)။

ဒီပို့စ်လေးကတော့ တောတိုးရင်း ဖြစ်ဖြစ်၊ မီးမွှေးဖို့ လိုတဲ့အခါ သစ်ကိုင်းခြောက်၊ မြက်ခြောက်၊ လဲမှို့၊ သစ်စေး စသဖြင့် Fire Starter အနေနဲ့သုံးရတဲ့အရာလေးတွေ အလွယ်တကူ မရနိုင်တဲ့နေရာမျိုးမှာ ကိုယ့်မှာ ပါလာနိုင်တဲ့ပစ္စည်းတွေနဲ့ alternatively ဘယ်လို သုံးနိုင်သလဲဆိုတာကို အဓိကထား မျှဝေမှာပါ။

၁။ ဂွမ်းလုံး နဲ့ Vaseline
ဂွမ်းဆိုတာ တောထဲပဲသွားသွား၊ အရေးပေါ်လို့ပဲ ပြေးရလွှားရပါစေဦး၊ မဆောင်မဖြစ် ဆောင်ရတဲ့အထဲပါပါတယ်။ အလားတူ Vaseline ကလဲ အရေပြားနဲ့ ပတ်သက်လို့ ဖြစ်ဖြစ် အသေးစား ထိခိုက်ရှနာတွေမှာ ဖြစ်ဖြစ် အသုံးများ၊ အဆောင်များ တတ်ကြတဲ့ အဖိုးနည်း ဝန်ပါ အသုံးအလွန်တည့်တဲ့ Petroleum Jelly တစ်မျိုးပါပဲ။ ဂွမ်းက မီးအင်မတန်စွဲလွယ်တယ်။ ဒါပေမဲ့ မီးတောက် မြန် မီးငြိမ်းမြန်လို့ ခင်ဗျား မီးမွှေးချိန်တောင် ရလိုက်မှာ မဟုတ်ဘူး။ အဲ့တော့ ဂွမ်းလုံး တခြမ်းကို Vaseline ထူထူလေးသုပ်ပြီးမှ မီးကူးအောင် လုပ်ရမှာပါ။ ဂွမ်းလုံး တခုလုံး Vaseline သုတ်လိုက်ရင်တော့ Ferro Rod ကလာတဲ့ မီးပွင့်က မီးစွဲမှာ မဟုတ်ပါဘူး။ မီးခတ်တဲ့အခါ ဂွမ်းချည်းသက်သက် ရှိတဲ့အခြမ်းကို မီးပွင့်ကျအောင် ခတ်ရမှာပါ။ အဲ့နောက်မှ မီးက Vaseline သုတ်ထားတဲ့အခြမ်းကိုရောက်တဲ့အခါ အချိန်အကြာကြီး မီးစွဲလောင်နေမှာ ဖြစ်ပါတယ်။ တော်ယုံ လေကြောင့်နဲ့လဲ မီးမငြိမ်းတဲ့အတွက် Wind Proof ဖြစ်ပါတယ်။

၂။ Duct Tape
Duct Tape ရဲ့ အသုံးတည့်ပုံက အင်မတန်များလှပါတယ်။ ခများ တီထွင်ဉာဏ်ရှိသ၍ အမျိုးမျိုးလုပ်သုံးနိုင်ပါတယ်။ Duct Tape နဲ့ ရေပုံးလုပ်ပြီး ရေခပ်တာတောင် ရှိပါသေးတယ်။ အခုကတော့ မီးမွှေးမှာ ဖြစ်ပါတယ်။ လက်တော့ အတော်ဝင်ပါတယ်။ ဒါပေမဲ့ အရေးပေါ်လို့သုံးမဲ့သူအတွက်တော့ လက်ဝင်တာက အဓိက မကျပါဘူး။ ပထမဆုံး DT ကို တပေခွဲလောက်ဖြတ်ပြီး ကန့်လန့်ဖြတ် အပြားသေးသေးလေးတွေဖြစ်အောင် ဖြတ်ရမှာပါ။ ရလာတဲ့ အပြား/အမျှင်လေးတွေကို ခပ်ပွပွလေး လုံးထားရပါမယ်။ DT ထဲမှာပါတဲ့ချည်ချောင်းလေးတွေကို ရသမျှ တချောင်းချင်းယူနိုင်သမျှယူပြီး သူ့ကိုလဲ ခပ်ပွပွလုံးရပါမယ်။ အဲ့ ချည်မျှဉ်အလုံးလေးကို ခုနက DT အမျှင်လုံးထဲထည့်ပါမယ်။ မီးခတ်တဲ့အခါ မီးပွင့်လေးတွေက အဲ့ချည်အလုံးပေါ် ကျအောက် ခတ်ရင် မီးတောက်ပါပြီ။ အဲ့ဒီ မီးတောက်က DT အပြားလေးတွေကို မီးစွဲတဲ့အခါ တာရှည်ခံပြီး လေဒဏ်ခံနိုင်တဲ့ မီးတောက်ရပါပြီ။

ဝါသနာပါရင် စမ်းကြည့်ကြပေါ့ဗျာ။ မရတော့လဲ ငိုပေါ့။ Ferro Rod နဲ့ မီးမွှေးရတာ အလေ့အကျင့် လိုပါတယ်။

အောင်မြင်ကြပါစီ။

အကြွေစေ့ မီးဖို/ Penny Stove (လက်ဖြစ် စခန်းချ မီးဖို ပြုလုပ်ခြင်း)အရေးပေါ်အခြေနေမှာ အအေးဘူးနှစ်ဘူး၊ အကြွေစေ့တစေ့၊ Swiss ...
06/07/2021

အကြွေစေ့ မီးဖို/ Penny Stove (လက်ဖြစ် စခန်းချ မီးဖို ပြုလုပ်ခြင်း)

အရေးပေါ်အခြေနေမှာ အအေးဘူးနှစ်ဘူး၊ အကြွေစေ့တစေ့၊ Swiss Army Knife တလက်နဲ့ မီးဖိုတလုံးဘယ်လိုလုပ်မလဲ ဆိုတာလေးကို ဖော်ပြပေးသွားမှာပါ။

ဒီနည်းကိုရှေ့က စက်ဘီးစီး ခရီးသွားဆရာကြီးတွေရဲ့ Six Wheels Three Men Page ကလဲ ဖော်ပြဖူးပါတယ်။ သူကတော့ စခန်းမချခင် ကြိုတင်ပြင်ဆင်သွားတဲ့ အနေအထားမျိုးနဲ့ သပ်သပ်ရပ်ရပ် ရှိပြီး ခုဖော်ပြမှာကတော့ အရေးပေါ် ကြုံသလို အကြမ်းထည်ပြုလုပ်သုံးစွဲတဲ့ ပုံစံမျိုးပါပဲ။ ပုံတွေအောက်မှာ လုပ်နည်းအဆင့်ဆင့်ကို ဖတ်ရှုကြည့်ပါ။

စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၆)"လမ်းကြောင်း ရေးဆွဲခြင်း"စက်ဘီးခရီးစဉ်တစ်ခုအတွက် လမ်းကြောင်းရေးဆွဲရတာဟာလဲ စက်ဘီးစီးခ...
12/05/2021

စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၆)

"လမ်းကြောင်း ရေးဆွဲခြင်း"

စက်ဘီးခရီးစဉ်တစ်ခုအတွက် လမ်းကြောင်းရေးဆွဲရတာဟာလဲ စက်ဘီးစီးခရီးတစ်ခုထွက်ရသလို ပျော်စရာကောင်းတာပါပဲ။ ပထမဆုံးအကြိမ် အတွေ့အကြုံဆိုရင်တော့ ဘယ်ကို သွားရမှာလဲ ခေါင်းစားရင်း မြေပုံကိုတွေတွေကြီးကြည့် စိတ်ရှုပ်နေမှာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ လုံးဝအလန်းစား စက်ဘီးခရီးစဉ်တစ်ခု ရေးဆွဲဖို့ တို့တွေမှာ အကြံဉာဏ်ကောင်းတွေ ရှိပါတယ်။

"ရာသီဥတု ဆန်းစစ်ပါ"

မိုးလေဝသဟာ သင့် စိတ်ကျေနပ်ပျော်ရွှင်မှုကို အကြီးအကျယ်သက်ရောက်မှုရှိစေပါတယ်၊ ဒီတော့ သင်ရောက်ရှိမဲ့ နေရာတွေရဲ့ ရာသီဥတုကို ဆန်းစစ်လေ့လာမှု လုပ်ရမှာ ဖြစ်ပါတယ်။ မိုးလေဝသ ဟာ ဘယ်လိုအနေအထားတွေ ရှိလာမဲ့ ခင်ဗျား ကြိုတင်ခန့်မှန်းထားနိုင်ခဲ့သည့်တိုင် ဘယ်လို အခြေအနေမျိုးနဲ့မဆို ကြုံတွေ့ရနိုင်ပါသေးတယ်။ တစ်ခု သတိပြုပါ - ပုံမှန်ခရီးသွားလာရေး အတွက် အကောင်းဆုံး ရာသီဥတု ဟာ စက်ဘီးစီးပြီး ခရီးသွားမဲ့သူတွေအတွက်တော့ အကောင်းဆုံး မဟုတ်ဘူး ဆိုတာလေးပါ။ ခင်ဗျားအနေနဲ့ လူတွေ ကျပ်သိပ်နေပြီး၊ လေယာဉ်ခဈေးနှုန်းလဲ မြင့်မားနေမဲ့ ခရီးသွားရာသီအမြင့်ဆုံးအချိန်ကို ရှောင်ရမှာ ဖြစ်သလို၊ ရာသီဥတုကလဲ အတော်အတန် ကောင်းနေသေးတဲ့ အချိန်ကို ရွေးရမှာပါ။

"ဘယ်လောက်ဝေးဝေး သွားနိုင်မှာလဲ။"

စက်ဘီးစီး ခရီးစဉ်တစ်ခုအတွင်း ဘယ်လောက်ဝေးဝေး တို့တွေသွားနိုင်မလဲ ဆိုတာကို ဆုံးဖြတ်ဖို့ ရိုးရှင်းတဲ့ ဖော်မျူလာလေးတစ်ခု တို့တွေမှာ ရှိတယ်။ ပထမ အချက်အနေနဲ့ ပျမ်းမျှတရက်ကို တို့ ဘယ်လောက်သွားဖို့ မျှော်လင့်ထားလဲ ဆိုတာ စဉ်းစားပါတယ်။ တို့တွေကတော့ ၈၀ ကီလိုလောက် ထားပြီး မြေပြင်အခြေအနေပေါ်မူတည်လို့ ၂၀ ကီလို အတိုးအလျှော့ ထားလိုက်တာပါပဲ။ ခင်ဗျားက စက်ဘီးစီးခရီးထွက်ဖို့ လူသစ်တယောက်ဆိုရင်တော့ ၆၀ ကီလို ပတ်ဝန်းကျင်လောက်နဲ့ပဲ စ ပေါ့။

အဲ့ဒီ့နောက်တော့ ရက်သတ္တပတ် တပတ်စာ လမ်းပေါ်မှာ သွားလာမဲ့ အကွာအဝေးအတွက် ခုနက ပျမ်းမျှ ကိန်းဂဏန်းကို ၅ နဲ့မြှောက်လိုက်တယ်။ ဒီလိုနည်းနဲ့ လမ်းမှာ ရာသီဥတုမကောင်းတာတို့၊ ဟိုဟိုဒီဒီ ဝင်လည်၊ လှည့်ပတ် ကြည့်ရှုတာတို့အတွက် အချိန် ပိုချန်ထားနိုင်ပြီး တပတ်ကို တို့ဘယ်လောက်သွားနိုင်မလဲဆိုတာကိုလဲ သိရတာပေါ့။

တို့ရဲ့ ခရီးစဉ်ပန်းတိုင်မှာ လေယာဉ်စီးရဖို့ရှိတယ် ဆိုရင် “စက်ဘီးမစီးတဲ့နေ့” ဆိုပြီး ခရီးစဉ်ဆုံးတဲ့နေ့တိုင်းမှာ တရက်စီ သပ်သပ် ထားပါတယ်။ အဲ့နေ့မှာ စက်ဘီးကို ဖြုတ်တာ၊ လေယာဉ်ပေါ်တင်လို့ရအောင် ပါကင်လုပ်တာ၊ နေရာသစ်နဲ့ ရင်းနှီးအောင်လုပ်တာ စသဖြင့် လေယာဉ်ခရီးအတွက် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပါတယ်။

"မြေပုံကောင်းကောင်း တစ်ခု ရှိပါစေ"

စက်ဘီးစီးခရီးစဉ်အတွက် အကောင်းဆုံး လမ်းတွေကို ရွေးချယ်ရှာဖွေမယ်ဆိုရင် မြေပုံကောင်းကောင်းတစ်ခုက သိပ်အထောက်အကူပေးပါတယ်။ စက္ကူမြေပုံမှာဆိုရင် ၁း၂၀၀ ၀၀၀ - ၁း၅၀၀ ၀၀၀ စကေး ရှိတဲ့ မြေပုံတွေဟာ မြေပြင်အနေအထား နဲ့ အရံလမ်းကြောင်းတွေကို ခြုံငုံကြည့်ရှုဖို့ ကောင်းမွန်သင့်တော်ပါတယ်။ ခင်ဗျားဟာ ခရီးရှည်ကြီး သွားမှာမို့ မြေပုံ အတော်များများ ဝယ်ရမယ်ဆိုရင် ဒီမြေပုံတွေရဲ့ ဈေးက များတယ် ပြောနိုင်ပေမဲ့ ဧရိယာ တစ်ခုလုံးစာ ပါဝင်ပြီး အတော်အတန်ပြည့်စုံတဲ့ အသေးစိတ်ဖော်ပြမှုတွေလဲ ပါတဲ့ မြေပုံစာအုပ်မျိုးကြီးတွေကို သင့်တင့်တဲ့ ဈေးနဲ့ရနိုင်တာမျိုးလဲ ရှိပါတယ်။ သွားပြီးသားနေရာတွေက မြေပုံတွေ ဖြဲဆုတ်လွှင်ပစ်ခဲ့ပြီး ကျန်နေသေးတဲ့ ခရီးစဉ်အတွက်ပဲ သယ်သွားပေါ့။

အီလက်ထရောနစ်မြေပုံ (ဓါတ်မြေပုံ :P ) တွေကိုမှ ကြိုက်တယ် ဆိုရင်တော့ လူတိုင်းလူတိုင်း နေ့စဉ်ဘဝတွေမှာ သုံးစွဲနေကြတဲ့ ဂူဂဲလ် မြေပုံနဲ့ စတင်လိုက်တာက သင့်တော်ပါတယ်။ အဲ့ကောင်က ခင်ဗျားကို အမိုက်စားစက်ဘီးလမ်းကြောင်းကို ပြပေးမှာလား..။ မဟုတ်ပါဘူး။ ဒါဖြင့် လမ်းကြောင်းရွေးချယ်ဖို့ရာအတွက် စဉ်းစားစရာလေးတွေ ပေးနိုင်မှာလား၊ ပြီးတော့ ခင်ဗျား ရေးဆွဲနေတဲ့ ခရီးစဉ်အတွက် ခရီးအကွာအဝေးကို ပြောပြပေးမှာလား…။ ဟုတ်ပါတယ်.. အဲ့လိုပါ။

ဂူဂဲလ် မြေပုံကို ပထမပုံကြမ်းရေးဆွဲတဲ့ အဆင့်လို့ ယူဆလိုက်ပါ။ ပြီးတဲ့အခါမှာ အဲ့ပုံကြမ်းအပေါ်ကနေ ထပ်ဆင့်ခြယ်မှုန်းဖို့အတွက် စက္ကူမြေပုံနဲ့ အောက်မှာ ဖော်ပြမဲ့ ကိရိယာ တန်ဆာပလာတွေကို သုံးပေါ့။ ခင်ဗျား လမ်းကြောင်းတစ်ခု ရလာပြီ ဆိုတာနဲ့ ဂူဂဲလ် ရဲ့ ‘Satellite’ ဆိုတဲ့ ဆက်တင် ဟာ စက်ဘီးသွားနိုင်လောက်မဲ့ လမ်းအခြေအနေမျိုး ရှိမရှိ၊ စခန်းချနေထိုင်နိုင်လောက်တဲ့ တစ်ခြားနေရာတွေနဲ့ အရောင်အသွေးမတူ ကွဲပြားနေတဲ့ သစ်တောလိုနေရာလေး ရှိမရှိ စသဖြင့် ဆန်းစစ်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဂူဂဲလ် မြေပုံကို ပိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ချင်ရင်တော့ ridewithgps.com တို့ bikehike.co.uk တို့ cycleroute.org တို့ စတဲ့ ဝက်ဆိုက် တွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။ အဲ့ဒီ့နေရာတွေမှာ ဖော်ပြချက်တွေဟာ ဂူဂဲလ်မြေပုံကို အခြေခံထားတဲ့အပြင် အခြားသော ရှင်းလင်းဖော်ချက်တွေ၊ မြေမျက်နှာပြင်အနိမ့်အမြင့်တွေ၊ ဒေါင်းလုဒ်ရယူနိုင်တဲ့ ဂျီပီအက်စ် လမ်းကြောင်းတွေပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
လမ်းကြောင်းကို မြေပုံပေါ်ရေးဆွဲထားပါ
မြေပုံရပြီဆိုတာနဲ့ လုပ်ရမှာက ခင်ဗျားသွားမဲ့ လမ်းကြောင်းကို မြေပုံပေါ်ရေးဆွဲထားဖို့ပါ။ သတိပြုရမှာက ခင်ဗျားဟာ ကားနဲ့သွားမဲ့ ခရီးလိုမျိုး တစ်ခါတည်း တိုက်ရိုက်ရောက်မဲ့ လမ်းကြောင်းကို ရွေးချယ်ရမှာ မဟုတ်ပါဘူး။ ခင်ဗျားနောက်ကနေ ပြိုင်မောင်းနေသလိုမျိုး ကားသံ တညံညံနဲ့ တောက်လျှောက် စိတ်အနှောက်အယှက် ပေးမနေစေမဲ့ လမ်းမျိုးကို ရွေးရမှာပါ။

ခင်ဗျားဟာ လမ်းတွေ အမျိုးမျိုးကို ရွေးချယ်စဉ်းစားနေစဉ်မှာပဲ အဲ့ဒီ့နယ်မြေတဝိုက်မှာ ဘာ‌တွေ ကြည့်ရှုနိုင်တယ်၊ စခန်းချနိုင်မဲ့နေရာ ဘယ်နားလေးမှာ ရှိတယ်၊ အစားအစာနဲ့ ရေကို ဘယ်နားမှာ ရနိုင်တယ် စတာတွေကို လေ့လာပြင်ဆင်ပါ။ အဲ့နေရာတွေကို မြေပုံပေါ်မှာ အမှတ်အသားလုပ် ဒါမှမဟုတ် မှတ်စုစာအုပ်ထဲ ရေးမှတ်ထားနိုင်ပါတယ်။

မြေပြင်အနေအထားတွေရဲ့ အမှတ်အသားတွေကိုလဲ ကြည့်ပါ။ ရံဖန်ရံခါ တောင်ထိပ်ဖျားတွေကို အမှတ်အသားလေးတွေ ပေးထားတတ်ကြပါတယ်။ အရောင်ကွဲလေးတွေဟာ ရေရနိုင်မဲ့ နေရာမျိုးလို မြေပြင်သဘာဝကို ဖော်ပြချက်ဖြစ်ပါတယ်။ ခင်ဗျားဟာ မြစ်ကြောင်းတလျှောက်ကနေ မြစ်ဖျားဆီကိုဦးတည်နေမယ်ဆိုရင် ဒါဟာ တောင်တက်လမ်းတစ်ခု ဖြစ်ဖို့များပါတယ်။ ဥယျာဉ်ခြံတွေမြေ အမှတ်အသားတွေဟာလဲ အကြီးအကျယ်စိုက်ပျိုးမြေဖြစ်ကြောင်း သိရှိနိုင်သလို ခပ်မတ်မတ် မြေအနေအထားဖြစ်ဖို့သာ များပါတယ်။

"အစီအစဉ်ရေးဆွဲခြင်း"

တချို့လူတွေဟာ တရက်ချင်းစီအတွက် အကွာအဝေးဘယ်လောက်နဲ့ ဘယ်မှာရပ်နားမလဲ စတဲ့ အသေးစိတ် အစီအစဉ်တွေကအစ ပြင်ဆင်ရတာ သဘောကျကြတယ်။ တချို့ကျ ဘယ်မှာစပြီး ဘယ်မှာဆုံးမလဲဆိုတာရယ် လမ်းမှာ မှတ်တိုင်လေးတွေရယ် ထားတတ်ကြပါတယ်။ ပြီးတဲ့နောက် ခရီးစဉ်ရဲ့ တခြားအသေးစိတ်တွေကိုတော့ သူ့ဟာသူ အဆင်ပြေသလိုပဲ ထားလိုက်ကြပါတယ်။
တို့တွေ အနေနဲ့ကတော့ ဒုတိယပုံစံကို ပိုသဘောကျတယ်။ ဘာလို့ဆို အဲ့ဒီလို အရမ်းကြီး တိကျအောင် ပြင်ဆင်သွားခြင်းအားဖြင့် ခင်ဗျားဟာ စက်ဘီးစီးခရီးစဉ်တစ်ခုကရမဲ့ အတွေ့အကြုံတွေကို အများကြီး ဖြည့်စွက်ပေးမဲ့ သဘာဝအလျောက် တုံ့ပြန်လုပ်ဆောင်မှု တွေကို ဆုံးရှုံးရမဲ့ အလားအလာ များစေလို့ပဲ ဖြစ်ပါတယ်။

ခင်ဗျားဟာ ခနတစ်ဖြုတ် အချိန်ပေးဖို့ မိတ်ဆွေသစ်တစ်ယောက်ယောက်ရဲ့ ဖိတ်ခေါ်ချက်ကို မငြင်းချင်ပါပဲ ငြင်းခဲ့ရမယ် ဒါမှမဟုတ် ပူပူလောင်လောင်ကြီးထဲမှာ ခင်ဗျားကိုယ် ခင်ဗျား တအားဖိတွန်းနေမိမယ်။ ဒါတွေအားလုံးက ခင်ဗျားရဲ့ အချိန်ဇယားထဲမှာ မှတ်သားထားတဲ့အတိုင်း စခန်းချဧရိယာကို အချိန်မီရောက်ဖို့ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။

"ကွဲပြားစုံလင်ခြင်းဟာ သော့ချက်"

အစီအစဉ်ရေးဆွဲခြင်းအတွက် နောက်ဆုံးမှတ်သားသင့်တဲ့ အချက်တစ်ခုပါပဲ။ တွေ့ကြုံခံစားရမှုတွေ ကွဲပြားခြားနားခြင်း နဲ့ အာရုံထိတွေ့ခံစားမှုတွေဟာ ခင်ဗျားရဲ့ စက်ဘီးစီးခရီးစဉ်ကို ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်စေပါလိမ့်မယ်။ အမျိုးအမည်မသိနေရာတခုမှာ ခင်ဗျားဟာ ၃ ရက်လုံးလုံး စက်ဘီးစီးနေဖို့ စီစဉ်ထားတယ်ဆိုရင် လေးရက်မြောက်နေ့ရောက်တဲ့အခါ မြို့တစ်မြို့မြို့မှာ ကောင်းကောင်းလေး ရေမိုးချိုး၊ စားကောင်းသောက်ကောင်းစားရင်း တစ်ရက်တာ အနားယူမယ် လို့ အစီအစဉ်ရေးဆွဲထားပါ။

သဘာဝ ဥယျဉ်တွေဟာ ခင်ဗျားကို စက်ဘီးပေါ်ကဆင်းပြီး ခရီးကြမ်းလမ်းလျှောက်ဖို့ အခွင့်အရေး ရစေပါလိမ့်မယ်။ ကမ်းရိုးတမ်းဒေသလမ်းတွေဟာ ကောင်းမွန်ပြီး ထူးခြားဆန်းသစ်တဲ့ အသွင်အပြင်တွေရှိတတ်ကြပြီး ခင်ဗျားကို သမုဒ္ဒရာကြီးနဲ့ မိုင်အနည်းငယ်သာဝေးတဲ့နေရာက မတူခြားနားတဲ့ မြင်ကွင်းဆန်းတွေ ရရှိခံစားရစေမှာ ဖြစ်ပါတယ်။

“ခင်ဗျားဟာ စိတ်ချရတဲ့ စက္ကူမြေပုံတွေလဲ မရှိ၊ ဂူဂဲလ်ကားတွေလဲ အဲ့ဒီ့ဒေသကို မရောက်သေးဘူး ဆိုရင်တော့ ဝေးလံခေါင်သီတဲ့ ဒေသက လမ်းကြောင်းတွေကို ရှာဖွေဖို့ ဂြိုဟ်တုပုံတွေကို တကယ့် အကူအညီကောင်းပါပဲ။ Google Earth မှာ 4WD လမ်းကြောင်းတွေကို ရှာဖွေပါ၊ ကိုယ့် GPS မှာ လမ်းကြောင်းတွေ၊ အမှတ်အသား အချက်အလက်တွေကို သိမ်းဆည်းပါ၊ ပြီးရင်တော့ အဲ့အတိုင်း ဒိုးပေတော့”
(နီးလ် နဲ့ ဟားရိယတ် ပိုက်)

(Travelling Two ရဲ့ Bicycle Touring Basic ကို ဘာသာ ပြန်ဆိုထားတာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်သလို၊ ဆက်လက် ပြန်ဆို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ - Zen o' Bike)

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၁)" >>> https://www.facebook.com/103704294475089/posts/321100866068763/
"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၂)" >>> https://www.facebook.com/103704294475089/posts/321543192691197/
"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၃)" >>> https://www.facebook.com/103704294475089/posts/322166842628832/
"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၄)" >>>
https://www.facebook.com/103704294475089/posts/324063069105876/
စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၅) >>> https://www.facebook.com/ZenOBike/photos/a.106412470870938/324642705714579/

စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၅)"ဘယ်မှာ ခိုနား အိပ်စက် ကြမလဲ"စခန်းချတဲထဲမှာ ဖြစ်ဖြစ်၊ ဟိုတယ် တစ်ခုမှာပဲဖြစ်ဖြစ်… ခင်...
08/05/2021

စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၅)

"ဘယ်မှာ ခိုနား အိပ်စက် ကြမလဲ"

စခန်းချတဲထဲမှာ ဖြစ်ဖြစ်၊ ဟိုတယ် တစ်ခုမှာပဲဖြစ်ဖြစ်… ခင်ဗျားစိတ်ကို ကျေနပ်နှစ်သိမ့်စေမဲ့ ဘယ်နေရာမှာ မဆိုပေါ့။

အဆောင်တွေဟာ ကျောပိုးအိတ်ခရီးသည် တွေအတွက် အဓိကအားထားရာဖြစ်ပါတယ်။ သုံးဖို့စွဲဖို့ ငွေပိုငွေလျှံရှိတဲ့ ခရီးသည်တွေကတော့ ဟိုတယ်မှာ တည်းတာပေါ့။ စက်ဘီးစီး ခရီးသည်တွေကျတော့ရော ဘယ်မှာ တည်းခိုအိပ်စက်ပါသလဲ။ အဖြေက ဘယ်နေရာမဆိုလို့ ပြောရမလိုပါ။

ရွေးချယ်စရာ အချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။ တို့တွေ မကြာခန ရွေးချယ်ဖြစ်တဲ့ နည်းလမ်းနဲ့ အစပြုလိုက်ချင်ပါတယ်။

"သဘာဝစခန်းချခြင်း"

မြစ်ကမ်းနံဘေး၊ ဒါမှမဟုတ် သစ်ပင်တွေကို နောက်ခံထားပြီး ကွင်းပြင်ခပ်ပြန့်ပြန့်မှာ ခင်ဗျား စခန်းချတဲကို ဆင် လိုက်စမ်းပါ။ စည်းမျဉ်း စည်းကမ်းတွေရှိတဲ့ သမရိုးကျ စခန်းချမြေဧရိယာ တွေရဲ့ အပြင်ဘက် သဘာဝလောကကြီးထဲမှာ စခန်းချနေထိုင်တာဟာ ခင်ဗျားကို အများကြီး သက်သောင့်သက်သာ ဖြစ်စေသလို ကုန်ကျစရိတ်လဲ မရှိ၊ တိတ်ဆိတ်ငြိမ်သက်မှု အပြည့်နဲ့ပါ။

ကမ္ဘာကြီးပေါ်က နေရာ အတော်များများ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်း သိပ်မတွင်ကျယ်သေးတဲ့ နေရာတွေမှာဆိုရင် သဘာဝစခန်းချနားနေ တာဟာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပြီး၊ အဲ့နိုင်ငံရဲ့ သဘာဝအလှတရားကို ခံစားဖို့ သိပ်ကောင်းတဲ့ နည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။

သို့သော်လည်း ဘယ်အရာကမှတော့ ပြီးပြည့်စုံတယ် မဟုတ်ဘူးပေါ့လေ။ ပထမဆုံ ခင်ဗျားဟာ အကောင်းဆုံးဖြစ်မယ် ယူဆရတဲ့ နေရာတစ်ခုကို ရှာရမယ်။ အဲ့နေရာဟာ လူတွေမြင်ကွင်းနဲ့ ဝေးတဲ့နေရာ၊ ကားလမ်းမကြီးနဲ့ ဝေးတဲ့နေရာ ဖြစ်ရမဲ့အပြင် အမှိုက် တို့ ဂရဖစ်တီ တို့ လို လူသွားလူလာရှိကြောင်း သိသာတဲ့ ခြေရာလက်စ ကင်းတဲ့ နေရာမျိုး ဖြစ်ရင် ပိုကောင်းတာပေါ့။ တကယ်ကောင်းတဲ့ နေရာတစ်ခုကို ရှာတွေ့ဖို့ ခင်ဗျား စက်ဘီးကို ကွင်းပြင်ကြီးဖြတ်ပြီး ဒါမှမဟုတ် သစ်ပင်တွေကြားထဲ ဖြတ်ပြီး တွန်းသွားရမှာကို တွန့်ဆုတ်မနေပါနဲ့။ လမ်းမကြီးနဲ့ဝေးရာ၊ ဖုန်တွေ သဲတွေ နဲ့ ညစ်ပတ်တဲ့လမ်းဘေးနေရာ၊ ခေတ္တနားနေရာ နေရာတွေကိုတော့ ဘယ်နည်းနဲ့မဆို ရှောင်ရှားပါ။

ခင်ဗျားဟာ သဘာဝစခန်းချခြင်း ကို စိမ်းနေသေးတဲ့သူဆိုရင်တော့ စစချင်းမှာ နည်းနည်းပါးပါး ကြောက်စိတ်ဝင်တာ ပုံမှန်ပါပဲ။ ညနက်သန်းခေါင်ကြီး ရဲက လာဖယ်ခိုင်းမှာတို့၊ လူစိမ်းတွေ ဒါမှမဟုတ် တိရစ္ဆာန် တွေက အန္တရာယ်ပြုမှာတို့ကို စိုးရိမ်ကောင်း စိုးရိမ်နေပါလိမ့်မယ်။

စခန်းချတာ များများ လုပ်ဖူးလေလေ၊ ဒါဟာ ယျေဘူယအားဖြင့် ဘယ်လောက် အေးချမ်းသလဲဆိုတာ နားလည်လာလေလေပါပဲ… အဲ ရွှေစည်းကမ်း တွေကို လိုက်နာသ၍ ပေါ့လေ။ လူသူလေးပါး မမြင်တွေ့နိုင်အောင် နေနိုင်သမျှ နေပါ (အဝါရောင် တဲ တွေမသုံးပါနဲ့)၊ ပြီးတော့ ခြံစည်းရိုး၊ ဆိုင်းဘုတ်၊ ထွန်ယက်ထားတဲ့ မြေ စတဲ့ တစ်စုံတစ်ဦး ပိုင်ဆိုင်ကြောင်း သိသာနေတဲ့ နေရာတွေကို လေးစားမှု ပြပါ။ အရှေ့အလယ်ပိုင်းဒေသမှာတုန်းက သိုကျောင်းသားလေးတွေက သူတို့အိမ်လာအိပ်ဖို့ဖိတ်တာ၊ ဒါမှမဟုတ် ပေါင်မုန့်လတ်လတ်ဆတ်ဆတ်လေးတွေ လာကျွေးတာမျိုးက လွဲရင် ဘယ်တုန်းကမှ လူစိမ်းတွေ တို့တွေ တဲနားရောက်လာပြီး အနှောက်အယှက်ပေးတာမျိုး မကြုံဖူးသေးပါဘူး။

"စခန်းချဧရိယာ"

ရေမိုးချိုး သန့်စင်ဖို့အတွက် ရေနွေးနွေးလေးရနိုင်ပြီး ခေါင်းချအိပ်စက်စရာ အဖိုးနှုန်းချိုသာတဲ့ နေရာတစ်ခုရပေါ့။ သဘောကျစရာပဲ၊ ဟုတ်တယ်ဟုတ်။ စခန်းချဧရိယာတွေဟာ စက်ဘီးသမားတွေအတွက် စိတ်ချလုံခြုံမှုရှိတဲ့ နေရာကောင်း တစ်ခုပါပဲ။ ဒါပေမဲ့ စက်ဘီးသမားတွေရဲ့ လိုအပ်ချက်အတွက် တစ်ချို့ဖြည့်ဆည်းမှုတွေက တစ်ခြားနေရာတွေနဲ့ယှဉ်ရင် ပိုလို့တောင် သာနေတတ်ပါသေးတယ်။

တစ်ချို့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် စက်ဘီးသမားတွေ ညအိပ်ဖို့ထက် အားလပ်ရက်အပန်းဖြေစရာ နေရာတစ်ခုနဲ့ ပိုတူနေတဲ့ တစ်သီးပုဂ္ဂလပိုင် အပျံစား စခန်းချဧရိယာတွေ ဖွင့်လှစ်နေတာမျိုးလဲ ရှိပါတယ်။

အဲ့နေရာမျိုးတွေဟာ ငွေသုံးစွဲနိုင်သူတွေကို ပိုမိုလိုလားတတ်ကြပြီး (တစ်ချို့ဆို စက်ဘီးသမားတွေကို လက်တောင် မခံပါဘူး) မြက်ခင်းတစ်နေရာစာအတွက်တောင် ၂၅ ဒေါ်လာကနေ ၃၅ ဒေါ်လာအထိတောင်းတတ်ကြပါတယ်။

ကံကောင်းရင်တော့ ခင်ဗျားဟာ စခန်းချတဲတွေအတွက် ရည်ရွယ်ထားတဲ့ မြက်ခင်းထူထူနေရာလေးတွေပါတဲ့ စခန်းချဧရိယာတစ်ခုကို ဈေးသက်သက်သာသာနဲ့ ဝင်ရောက်နိုင်ပါလိမ့်မယ်။ တခါတလေ ချက်ဖို့ပြုတ်ဖို့ မီးဖိုချောင်လိုနေရာတို့၊ အနားယူအပမ်းဖြေစရာ နေရာတို့တောင် ပါပါသေးတယ်။ ဝေးလံခေါင်သီတဲ့ နေရာ ရောက်လေလေ စခန်းချဧရိယာတွေဟာ ပိုပြီး အရိုင်းဆန်လာလေလေပါပဲ။ အဲ့လို သက်သောင့်သက်သာရှိမှု အားနည်းလေတဲ့ စခန်းချဧရိယာတွေဟာ များသောအားဖြင့် သဘာဝရှုခင်းလေးတွေနဲ့ လှပတဲ့နေရာမျိုး ဖြစ်လေ့ရှိတာလဲ တွေ့ရပြန်တာကြောင့် ဒီနေရာတွေမှာ အပေါ့အလေးသွားမယ်ဆိုရင် တွင်းငယ်လေးတွေ တူးပြီး အသုံးပြုဖို့ အကြံပြုလိုပါတယ်။

တို့တွေအကြိုက်ဆုံး စခန်းချ ဧရိယာတွေကတော့ နယ်ခံစည်ပင်သာယာရေး ကဖွင့်တဲ့ စခန်းတွေနဲ့ အစိုးရဖွင့်တဲ့ စခန်းတွေပါပဲ။ သူတို့တွေက ဒီနေရာတွေကို သဘာဝကျနိုင်သမျှ ကျအောင် စီမံထားပြီး သန်းခေါင်သန်းလွဲထိ ပါတီပွဲလုပ်တတ်တဲ့သူတွေ အကြိုက်နေရာမျိုး မဟုတ်တာရယ်၊ စီးပွားဖြစ်စခန်းတွေမှာလို စိတ်ဒုက္ခပေးတဲ့ မီးစက်မောင်းသံတွေ မကြားရတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။

“စခန်းချတဲ၊ အိပ်ယာအိတ်၊ လေမှုတ်ဖျာ စတဲ့ စခန်းချ အသုံးအဆောင်ပစ္စည်း အားလုံးကို ကျုပ်ကတော့ သယ်သွားတာပဲ။ အဲ့တော့ သူတို့ဝင်းထဲမှာ အိပ်စေချင် ပြီး တခါတရံ စားစရာတွေတောင် ကျွေးမွေးတတ်တဲ့ ကြင်နာတတ်တဲ့ လူစိမ်းတွေဆီမှာ၊ ပြီးတော့ ဧဝရတ်တောင် တောင်ခြေစခန်းက ကမ္ဘာ့အမြင့်ဆုံး ဘုန်းကြီးကျောင်းလို အလှပဆုံးဆိုတဲ့နေရာတွေမှာ စခန်းချ အိပ်စက်နိုင်ခဲ့တာပေါ့။”

(စကော့ စတော)

"မိတ်ဆွေအသစ်တွေနဲ့"

ခင်ဗျားတွေ့ဆုံရသမျှလူတိုင်းဟာ ခင်ဗျားရဲ့မိတ်ဆွေအသစ် ဖြစ်လာဖို့ အလားအလာ ရှိသူတွေဖြစ်ပြီး၊ အများစုဟာ ခင်ဗျားကို တစ်ညလောက်တည်းခိုဖို့ ဆန္ဒရှိတတ်ကြပါတယ်။

မိတ်ဆွေအသစ်တစ်ဦးဦးဆီမှာ တညတာ ဖြတ်သန်းဖို့အတွက် စီစဉ်မယ်ဆိုရင်တော့ ခရီးသည်တွေကို အခမဲ့ တည်းခိုစရာ ပေးတတ်တဲ့ နေရာတွေကို လေ့လာရမှာပေါ့။ ဒီနေရာတွေ သိချင်ရင်တော့ ထင်ရှားတဲ့ ဝက်ဆိုက် နှစ်ခုဖြစ်တဲ့ WarmShowers နဲ့ Couchsurfinng ဆိုတဲ့ ဆိုက် နှစ်ခုကို ညွှန်းချင်ပါတယ်။

"သမရိုးကျ မဟုတ်သော ရွေးချယ်စရာများ"

တို့တွေဟာ ခရစ်ယာန်ဘုရားကျောင်း အနောက်မှာလဲ နှပ်ဖူးတယ်၊ စာသင်ကျောင်းဝင်းထဲမှာ၊ မီးသတ်တို့ ရဲစခန်းတို့လို ရုံးတွေဘေးမှာလဲ နှပ်ခဲ့ဖူးတယ်။

ဗလီ တို့ ဘုန်းကြီးကျောင်းတို့ထဲက အများပြည်သူအတွက် ခွင့်ပြုနေရာတွေမှာ အိပ်ယာလိပ်ပြင်ခဲ့ဖူးသလို အမေရိကရဲ့ ဒေသခံပန်းခြံတွေထဲမှာလဲ ခန်းချတဲထိုးပြီး ကုန်းဆင်းခဲ့ဖူးတယ်။ မြို့တော်ခန်းမ သွားပြီး စုံစမ်းမေးမြန်းကြည့်ယုံပဲလေ။ မနက်စောစော ချိန်ကိုက်စက်ပေးထားတဲ့ အလိုအလျောက်ရေပန်းစက်တွေကိုတော့ သတိထားဦး။

ခုနကပြောတဲ့ ရွေးချယ်စရာတွေ ဆိုတာ ပြောရရင် ပုဂ္ဂလိကပိုင်လို ဖြစ်နေလေတော့ကာ ဖြစ်နိုင်သမျှ ခွင့်တော့ အရင်တောင်းစေချင်ပါတယ်။ ပိုင်ရှင်ကိုမတွေ့ရင်တောင်မှ အိမ်နီးနားချင်းတွေကို မေးမြန်ကြည့်ကြည့်ပါ။ ခပ်သေးသေး ဒေသတွေ (ကျေးရွာတွေမှာဆို ပိုအလုပ်ဖြစ်တယ်) မှာ ဘယ်သူ့ကို ဆက်သွယ်ခွင့်တောင်းရမယ်ဆိုတာကို သူတို့သိကြပါတယ်၊ ဒါမှမဟုတ် တခါတည်း သူတို့ကိုယ်တိုင် ခွင့်ပြုပေးချင်ရင်တောင် ပေးဦးမှာ။

ရုတ်တရက်မို့ ခင်ဗျား ဘယ်နေရာကို ရွေးချယ်ရမလဲ မသိဘူး၊ နေရာလဲ ရှာမတွေ့ဘူးဆိုရင်တော့ လုံခြုံစိတ်ချရပြီး တစ်ညတာ စခန်းချတည်းခိုနိုင်မဲ့နေရာ ဘယ်မှာရှိနိုင်မလဲ ဒေသခံတွေကိုသာ မေးပါ။ ဒီနေရာမှာ စကားလုံးရွေးချယ်တာက အရေးကြီးတယ်နော်။ ဘယ်မှာ စခန်းချ နေလို့ရမလဲ လို့ မမေးပါနဲ့။ ရက်အကြာကြီးများ နေမှာလားလို့ သူတို့က ထင်သွားနိုင်တယ်။ ခင်ဗျားပြောတဲ့အခါ ခင်ဗျားဟာ ဖြတ်သွားဖြတ်လာ တစ်ယောက်ဆိုတာထက် မပိုကြောင်း သူတို့ နားလည်သဘောပေါက်ပါစေ။

အဲ့လို ပတ်ဝန်းကျင်ကို မေးမြန်စုံစမ်းပြီးတဲ့နောက်မှာ တို့တွေဟာ စက်ရုံတခုရဲ့ ကြမ်းပြင်မှာ အိပ်စက်ခွင့်ရခဲ့ဖူးသလို ဂရိ က ဘားတစ်ခုရဲ့ မျက်နှာကျက်ပေါ် တွဲရရွဲခို လည်ပတ်နေတဲ့ ဒစ္စကိုမီးလေးရဲ့အောက်မှာလဲ အိပ်စက်ခဲ့ဖူးပါလေရဲ့။

“အရှေ့တောင် အာရှမှာ အိပ်စက်ဖို့ရာအတွက် ကျနော် သဘောအကျဆုံး နေရာကတော့ ဘုန်းကြီးကျောင်းတွေပဲ။ ညနေနေစောင်းချိန်မှာ ကျနော် ရောက်လာမယ်။ ပြီးတော့ ဘုန်းကြီးတွေ၊ ကိုရင်တွေနဲ့ အတူတူ ရေပုံးကြီးတွေနဲ့ ရေလောင်းချိုးမယ်၊ ပြီးရင် အိပ်ဖို့ရာအတွက် ဘုရားကျောင်းဆောင် ကြမ်းပြင်က တိတ်ဆိတ်တဲ့နေရာလေးတခု ရှာတော့တာပဲ။ မနက် ၅ နာရီဆိုရင်တော့ အုန်းမောင်းခေါက်သံ၊ ဘုရားဝတ်ပြုသံနဲ့အတူ ကျနော်နိုးပြီ။ လမ်းပေါ်မထွက်ခင်မှာ ဒေသခံ အမျိုးသမီးကြီးတွေ လာလှူတဲ့၊ ကောင်းချီးပေး (ဆုတောင်း) ပြီးသား မနက်စာကို ကျိတ်တော့တာပဲ။ နေ့သစ်တစ်နေ့ စဖို့ စက်ဘီးပေါ် မတက်ခင် ခပ်စေးစေးထမင်းလေး ကို စားရတာလောက် မိုက်တာ မရှိဘူးဗျာ”

(ခရစ္စ ဂရူဝါ)

(Travelling Two ရဲ့ Bicycle Touring Basic ကို ဘာသာ ပြန်ဆိုထားတာဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်သလို၊ ဆက်လက် ပြန်ဆို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ - Zen o' Bike)

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၁)" >>> https://www.facebook.com/103704294475089/posts/321100866068763/

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၂)" >>> https://www.facebook.com/103704294475089/posts/321543192691197/

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၃)" >>> https://www.facebook.com/103704294475089/posts/322166842628832/

"စက်ဘီးစီး ခရီးသွားခြင်း ဆိုရာဝယ် (၄)" >>>
https://www.facebook.com/103704294475089/posts/324063069105876/

Photo - Zen O' Bike

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zen o' Bike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zen o' Bike:

Share