17/08/2026
💱 ဒီတပတ်အပြောင်းအရွှေ့ ဈေးကွက်မှာ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီး ဘောလုံးပရိသတ်တွေ အာရုံစိုက်ခဲ့ကြရတဲ့ "အန်ဇို ဖာနန်ဒက်ဇ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီး" တို့ရဲ့ ၃ ပွင့်ဆိုင် ဇာတ်လမ်းကတော့ နောက်ဆုံးမှာ အဖြူအမည်း သဲကွဲသွားခဲ့ပါပြီ။
🏴 အစပိုင်းမှာတော့ မန်စီးတီးတို့ ချယ်လ်ဆီးကွင်းလယ်လူ အန်ဇိုကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားမှု ပြသခဲ့ကြတာပါ။ ဒါပေမဲ့ ရာသီသစ်စတင်ဖို့ နှစ်ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ အသင်းရဲ့ မတည်ငြိမ်မှုတွေကို မလိုလားတဲ့ ချယ်လ်ဆီး ဘက်ကတော့ ကစားပွဲရဲ့ စည်းမျဉ်းကို အစကတည်းက ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပါတယ်။
⚽ "အန်ဇိုကို ခေါ်ချင်ရင် သောကြာနေ့ ညနေ ၅ နာရီ မတိုင်ခင် ပေါင်သန်း ၁၂၀ နီးပါးနဲ့ တရားဝင် အဆင့်မြင့် ကမ်းလှမ်းမှု ပြုလုပ်ရမယ်။ ဒီအချိန်ကျော်သွားရင်တော့ ဘယ်ကမ်းလှမ်းမှုကိုမှ လက်ခံစဉ်းစားတော့မှာ မဟုတ်ဘူး"ဆိုပြီး မန်စီးတီးအပါအဝင် စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေကို အတိအလင်း အကြောင်းကြားခဲ့တာပါ။
⏰ ဒီလို Deadline သတ်မှတ်လိုက်ရတဲ့ အကြောင်းရင်းကလည်း ရှင်းပါတယ်။ တကယ်လို့ အန်ဇိုကို လက်လွှတ်ရရင် အစားထိုး ကွင်းလယ်လူ ပြန်ခေါ်ဖို့ အချိန်လိုသလို၊ အပြောင်းအရွှေ့ ပိတ်ခါနီးမှ Waiting Game ကစားပြီး အလိုမတူဘဲ လက်လွှတ်ရရင်လည်း အဝတ်လဲခန်း တည်ငြိမ်မှုကို ထိခိုက်မှာကို နည်းပြ ဇာဘီ အလွန်ဆို နဲ့ ချယ်လ်ဆီး တာဝန်ရှိသူတွေက စိုးရိမ်ခဲ့ကြလို့ပါပဲ။ အကွက်ကျကျနဲ့ ပြတ်သားလွန်းတဲ့ နည်းဗျူဟာလို့ ပြောရမှာပါ။
🏴 တစ်ဖက်မှာလည်း မန်စီးတီး နည်းပြ အန်ဇို မာရက်စ်ကာ ဟာ ချယ်လ်ဆီးမှာ အန်ဇိုနဲ့ လက်တွဲခဲ့ဖူးတာကြောင့် ဒီကွင်းလယ်လူကို အီတီဟာဒ်ဆီ ခေါ်ယူချင်ခဲ့တာ အမှန်ပါပဲ။ ဒါ့အပြင် အယ်လီယော့ အန်ဒါဆန် ကို ပေါင် ၁၁၆ သန်း၊ တိုနယ်လီ ကို ပေါင်သန်း ၁၀၀ စတဲ့ ဈေးကွက် ရေချိန်တွေအရ အသက် ၂၅ နှစ်အရွယ် ကမ္ဘာ့ဖလားချန်ပီယံ အန်ဇိုအတွက် ပေါင်သန်း ၁၂၀ ဆိုတာ သဘာဝကျတဲ့ ပမာဏတစ်ခု ဖြစ်ခဲ့ပါတယ်။
📵 ဒါပေမဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းက သောကြာနေ့ ညနေ ၅ နာရီမှာ ဖြစ်ပေါ်လာခဲ့ပါတယ်...
ချယ်လ်ဆီး သတ်မှတ်ပေးထားတဲ့ အချိန်မီ Deadline မျဉ်းနား ရောက်သွားချိန်အထိ မန်စီးတီးရော၊ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ပါ ပေါင်သန်း ၁၂၀ တန် တရားဝင် ကမ်းလှမ်းချက် တခုမှမရရှိခဲ့ပါဘူး။
🎯 အဓိကကတော့ မန်စီးတီးတို့ဟာ လက်ရှိမှာ လိုင်လီလ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ဘူအာဒီကို ပေါင်သန်း ၁၀၀ နီးပါးနဲ့ ရရှိဖို့ နီးစပ်နေသလို၊ အန်ဒါဆန် အတွက်လည်း စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲထားပြီးဖြစ်လို့ ချယ်လ်ဆီးရဲ့ သန်း ၁၂၀ သတ်မှတ်ချက်ကို ချက်ချင်း မလိုက်နိုင်ဘဲ နောက်ဆုတ်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။
✔️ ဒါကြောင့်မို့လို့ ချယ်လ်ဆီးဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်းပဲ အန်ဇို ဖာနန်ဒက်ဇ် အပြောင်းအရွှေ့ ဇာတ်လမ်းဟာ သောကြာနေ့ ညနေ ၅ နာရီမှာတင် တရားဝင် အဆုံးသတ်သွားလုနီးပါးဖြစ်ခဲ့ပြီး၊ ၂၀၂၃ တုန်းက ပေါင် ၁၀၆.၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ဗိုလ်ချုပ်ဟာ လာမယ့် ရာသီသစ်မှာလည်း ဇာဘီ အလွန်ဆို ရဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ နံပါတ် ၈ ဂျာစီနဲ့ ဆက်လက် ဦးဆောင်သွားနိုင်များပါတယ်။
⚽️ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ တင်းမာမှု၊ နည်းဗျူဟာမြောက် ကစားကွက်တွေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြားမှာ ချယ်လ်ဆီးတို့ကတော့ အသင်းရဲ့ အဓိက ဒေါင်ဒေါင်မြည် ကွင်းလယ်လူကို စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ အခိုင်အမာ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီလို့ဆိုရတော့မှာပါပဲ။