29/08/2026
အထီးကျန်ခြင်းက တယောက်တည်း နေထိုင်ရခြင်းထက် ကျန်းမာရေးကို ပိုဆိုးရွားစွာ ထိခိုက်စေနိုင်
လူအုပ်ကြီးကြားထဲမှာ နေရပေမဲ့ ကိုယ့်ကိုယ်ကိုယ် အထီးကျန်တယ်လို့ ခံစားရဖူးပါသလား။ တချိန်တည်းမှာပဲ တစ်ယောက်တည်း အချိန်အကြာကြီး နေရပေမဲ့လည်း ဘာမှ စိတ်ပူပန်စရာမရှိဘဲ အေးဆေးဖြစ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒီကွာခြားချက်လေးကပဲ အထီးကျန်ခြင်း (Loneliness) နဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာခြင်း (Social isolation) တို့ဟာ ကျန်းမာရေးကို သက်ရောက်မှု ဘာကြောင့် မတူရသလဲဆိုတာကို ရှင်းပြပေးနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ အဆိုအရ ကမ္ဘာပေါ်က လူ ၆ ယောက်မှာ ၁ ယောက်ဟာ အထီးကျန်ဝေဒနာကို ခံစားနေရပါတယ်။
အထီးကျန်ခြင်း (Loneliness) - ကိုယ့်ရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးတွေမှာ ကိုယ်လိုချင်တဲ့ ရင်းနှီးမှု၊ နွေးထွေးမှု မရတဲ့အခါ ခံစားရတဲ့ စိတ်ဆင်းရဲမှုမျိုးပါ။
လူတွေနဲ့ ကင်းကွာခြင်း (Social Isolation) - ဒါကတော့ လူတွေနဲ့ ဘယ်လောက်ထိ တွေ့ဆုံဆက်ဆံဖြစ်လဲ ဆိုတဲ့ အရေအတွက်နဲ့ အကြိမ်အရေအတွက်ကို ဆိုလိုတာပါ။
ဒီနှစ်ခုက ဆက်စပ်နေပေမဲ့၊ တစ်ခုရှိတိုင်း နောက်တစ်ခု ဖြစ်နေစရာ မလိုပါဘူး။ လူတွေနဲ့ မတွေ့ရပေမဲ့ အထီး မကျန်တဲ့သူ ရှိသလို၊ လူတွေကြားထဲမှာနေထိုင်ရင်း အထီးကျန်နေသူတွေလည်း မနည်းမနော ရှိနေပါတယ်။
သုတေသနအသစ်အရ ဒီနှစ်ခုမှာ အထီးကျန်ခြင်းက စိတ်ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပြီး လူတွေနဲ့ ကင်းကွာခြင်းကတော့ ပြောပရလောက်တဲ့ ထိခိုက်မှု မရှိဘူးဆိုတာ သွားတွေ့ပါတယ်။
အထီးကျန်တာက စိတ်ကျရောဂါ ကို ဖြစ်စေနိုင်သလို၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးဖို့ ၊ တခုခုကို အဆုံးအစွန်ထိ လုပ်ပစ်လိုက်ဖို့ ကြိုးစားတာမျိုးတွေအထိ ဖြစ်နိုင်ခြေ များစေပါတယ်။ ဘဝရဲ့ ကျေနပ်ပျော်ရွှင်မှုတွေကိုလည်း အများကြီး လျော့ကျစေပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒါဟာ အပြန်အလှန် သက်ရောက်နေတာပါ။ စိတ်ကျရောဂါ ခံစားရရင်လည်း ပိုပြီး အထီးကျန်လာတတ်ပါတယ်။
အထီးကျန်တာက ရောဂါကြီး နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး နာတာရှည် ခံစားရနိုင်ခြေ နဲ့လည်း ဆက်စပ်နေပါသတဲ့။ ဒါပေမဲ့ နှလုံးရောဂါ၊ လေဖြတ်တာ၊ ဆီးချို စတဲ့ တိကျတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး (လုံးဝ မဖြစ်နိုင်ဘူးလို့တော့ မဆိုလိုပါဘူး)။
ဒီသုတေသနအတွက် ယူကေနိုင်ငံက လူပေါင်း ၅ သိန်းရဲ့ ကျန်းမာရေး၊ လူနေမှုဘဝနဲ့ မျိုးရိုးဗီဇ အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။ အဖြေတွေ မှန်ကန်သေချာစေဖို့အတွက်
မိသားစု မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်တူတဲ့ မောင်နှမအရင်းတွေကို နှိုင်းယှဉ်လေ့လာခြင်း နဲ့ မျိုးရိုးဗီဇဆိုင်ရာ စာရင်းအင်းနည်းပညာတွေကို သုံးပြီး လေ့လာခြင်း စတဲ့ နည်းလမ်းတွေကို သုံးခဲ့ပါတယ်။
ဒီလို လေ့လာမှု နည်းလမ်းစုံကနေ တူညီတဲ့ အဖြေတစ်ခုတည်း ထွက်လာတဲ့အတွက် ရလဒ်တွေက ပိုပြီး ယုံကြည်စိတ်ချရပါတယ်။
ဒါပေမဲ့ ဒီသုတေသနမှာ အားနည်းချက် တချို့တော့ ရှိပါတယ်။
အသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေကိုသာ တစ်ကြိမ်တည်း မေးမြန်းလေ့လာခဲ့တာမို့ ကလေးတွေနဲ့ လူငယ်တွေအတွက်တော့ ရလဒ်တွေ ကွာခြားနိုင်ပါတယ်။
"မကြာခဏ အထီးကျန်သလား" ဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ မိသားစုဝင် အရေအတွက်၊ ဧည့်သည်လာတဲ့ အကြိမ်ရေကိုပဲ တိုင်းတာခဲ့တာပါ။ လုပ်ငန်းခွင်က ဆက်ဆံရေးတွေ၊ အဖွဲ့အစည်း လှုပ်ရှားမှုတွေကို ထည့်မတွက်ထားပါဘူး။
နောက်ပြီး ယူကေက လူတွေဟာ သာမန်လူတွေထက် ပိုပြီး ကျန်းမာရေးကောင်း၊ စီးပွားရေးပြည့်စုံသူတွေ ဖြစ်နေတာရယ် ဥရောပ မျိုးရိုးဗီဇရှိသူတွေကိုသာ လေ့လာထားတာရယ်ကြောင့် ကမ္ဘာတဝန်းလုံးအတွက် အတိအကျ ပုံသေကားချပ် ယူလို့မရပါဘူး။
ဒီသုတေသနက ဘယ်လိုကုသရမယ်ဆိုတာကို တိုက်ရိုက် မပြောပြထားပါဘူး။ ဒါပေမဲ့ အထီးကျန်ခြင်း နဲ့ လူတွေနဲ့ ကင်းကွာခြင်း ကို သီးခြားစီ ခွဲခြားပြီး ကုသဖို့ လိုတယ်ဆိုတာကိုတော့ သေချာစေပါတယ်။
လူတွေနဲ့ ကင်းကွာနေသူတွေအတွက် - လူမှုရေးပွဲတွေ လုပ်ပေးတာ၊အားကစားတွေ ကစားပေးတာ,
လူတွေနဲ့ ပိုတွေ့ဆုံနိုင်မယ့် အခွင့်အရေးတွေ ဖန်တီးပေးတာက အဆင်ပြေနိုင်ပါတယ်။
အထီးကျန်နေသူတွေအတွက် - လူတွေနဲ့ သွားတွေ့ပေးရုံနဲ့ မရပါဘူး။ သူတို့အတွက် တကယ်ယုံကြည်ရတဲ့၊ နွေးထွေးတဲ့၊ သူတို့ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်အောင် အဓိကထား ကူညီပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
"လူတွေအများကြီးကြားထဲ ရောက်နေတိုင်း အထီးကျန်ဝေဒနာ ပျောက်ကင်းသွားတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ နွေးထွေးမှုနဲ့ နားလည်ပေးနိုင်တဲ့ ဆက်ဆံရေးတွေကသာလျှင် အထီးကျန်ခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဆိုးကြီးကို ကုသပေးနိုင်တဲ့ အကောင်းဆုံး ဆေးဝါးဖြစ်ပါတယ်"
ဆိုတဲ့အကြောင်း ကျန်းမာရေးနဲ့ စိတ်ပညာ ဗဟုသုတတစ်ခုအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
၇၉လမ်း ၃၁*၃၂ ချမ်းအေးသာစံ
09 75 75 75 089
09 95 123 1234