24/03/2022
စက်ဘီးနင်းရင် သွေးကြောင်လား သွေးရဲလားဆိုတာ ကျွန်တော်တိုင်းတဲ့ ပေတံရှိတယ်။
ဘယ်နချက် ကိုက်လဲ ဖြေကြည့်ကြပါလား။
။
၁။ ရည်မှန်းချက် မပျက်စေခြင်း….
ဘယ်လိုလမ်းမျိုးမဆို ကျော်ဖြတ်ရဲရမယ်။ ခရီးစဉ်ပြီးဆုံးအောင်နင်းမယ်ဆိုတဲ့ ရည်မှန်းချက်ရှိရမယ်။ ကားတင်လွယ်နေတာနဲ့ ကားတင်မယ်ဆိုပြီး တွေးမနေရဘူး။ ကားတင်ချင်းတင်ရင်တောင် ခရီးစဉ်ဖျက်ပြီးသာတင်၊ စက်ဘီးခရီးစတင်မယ့်နေရာထိတင်တာနဲ့ ခရီးစဉ်ပြီးလို့တင်တာကတော့ အချိန်နည်းသူတွေအတွက် ရွေးချယ်ရမယ့် နည်းလမ်းတစ်ခုပဲ။..
၂။ စခန်းချခြင်း...
အနက်ရောင်၊ အညိုရောင်နယ်မြေတွေမှာလည်း တွေ့ရာနေရာ စခန်းချရဲရမယ်၊ (အစိမ်းရောင်နယ်မြေမပါ 😩)
ကားသွားလာများတဲ့နေရာတွေမှာလည်း ကားလမ်းဘေး အိပ်ရဲရမယ်။
(မှတ်ချက် .. Camping ရဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို နားလည်ပြီးမှ စခန်းချတာမျိုးကိုပြောတာ၊ မျက်ကန်းတောတိုး စခန်းချခြင်းမျိုးကို ဆိုလိုတာ မဟုတ်၊ Leave no trace principle ကိုနားလည်ပြီး လိုက်နာရဲရမယ်).
၃။ ဓလေ့ထုံးစံတွေ လိုက်နာရဲရမယ်..
ဒေသ ဓလေ့ဟာ ကိုယ်လက်မခံထားတာမျိုးဆိုရင်တောင် လိုက်နာကျင့်သုံးရဲရမယ်။ ဘယ်လောက်ပဲ ယုတ္တိမတန်ဘူးဆိုပါစေ၊ သူများဓလေ့ထုံးစံကို လေးစားတန်ဖိုးထားတတ်ရမယ်။.
၄။ အစားအသောက်..
မကောင်းတဲ့အမူအကျင့်ကို အားပေးရာရောက်တဲ့ တားမြစ်ထားတဲ့ တောတွင်းသားတွေကို မဖြစ်မနေအချိန်ကလွဲပြီး ရှောင်ကြဉ်ရဲရမယ်။.
၅။ သည်းခံနိုင်ရမယ်..
အတူနင်းဖော်တွေ အပေါ် အချင်းချင်းသည်းခံရဲရမယ်။ မကြိုက်နောက်အတူမနင်းနဲ့။ ဒီခရီး မပြီးမချင်းတော့ အဆုံးထိ သည်းခံပေးရဲရမယ်။.
၆။ စာနာရဲရမယ်...
ကိုယ်ပင်ပမ်းနေချိန်မှာ အားနည်းသူအပေါ် စာနာရဲရမယ်။ ဒင်းကြောင့် ငါတို့ခရီးဖင့်နေပြီလို့ မတွေးဘဲ၊ ဒင်းမလိုက်နိုင်တော့ရင် ဒင်းအတွက်အဆင်ပြေအောင် ကူညီ၊ မကူညီပေးနိုင်ရင် ငါ့ခရီးစဉ်ပါ ဖျက်ပစ်လိုက်မယ်လို့ တွေးရဲရမယ်။.
၇။ တောတွင်းတိရစ္ဆာန်တွေကို မကြောက်ရဘူး..
မြန်မာနိုင်ငံက ခရီးစဉ်တွေဟာ များသောအားဖြင့် မြွေ၊ ဆင်ပေါတဲ့ ဒေသပဲ ရှိပါတယ်။ အဲ့ဒိအတွက် ကြောက်ရွံ့နေဖို့ မလိုဘဲ မြွေ၊ ဆင်အကြောင်းပိုသိအောင် လေ့လာရဲရမယ်။.
၈။ နောက်ဆုံး အချက်က အဖွဲ့ဆုံးဖြတ်ချက်ကို လိုက်နာရဲရမယ်…
ငါဦးဆောင်တဲ့ခရီး၊ ငါစီစဉ်တဲ့ ခရီးဆိုပြီး ငါတကော မကောသင့်သလို၊ အတူလိုက်နင်းသူဆိုရင် ကိုယ့်ဆန္ဒနဲ့ မကိုက်တောင် အများဆန္ဒအတိုင်း ဆုံးဖြတ်တာကိုခံယူပြီး အကောင်းဆုံးပူးပေါင်းပါဝင်ရဲရမယ်။.
အရေးကြီးဆုံးက ခင်များအတွက် အကြမ်းဆုံးခရီးဟာ အခြားတစ်ယောက်အတွက် သာမာန်အဆင့်ထက် မပိုတာမျိုး ဖြစ်နိုင်သလို၊ ခင်များအေးဆေးဆိုတဲ့ခရီးကလည်း အခြားသူအတွက် ခက်ခဲနေနိုင်တယ်ဆိုတာ လက်ခံရဲရမယ်။
ကိုယ့်ဟာကိုယ် ပထမဆုံးတွေ၊ အကြမ်းဆုံးတွေ၊ ဘာဆုံးတွေ ညာဆုံးတွေနဲ့ မာန်တက်မနေသင့်သလို၊ သူများက သူ့လုပ်နိုင်စွမ်းအတွက် ကျူးရင့်တာကိုလည်း မုဒိတာစိတ်နဲ့ ဝမ်းသာပေးရဲရမယ်။
ကျွန်တော်လည်း မိုင်ထောင်ချီ မနင်းဖူးခင် မင်္ဂလာဒုံနဲ့ ထောက်ကြန့်လောက်နင်းဖူးတာကို စွမ်းဆောင်နိုင်သူကြီးတစ်ယောက်လို ဂုဏ်ယူခဲ့ဖူးတယ်။