15/11/2022
မန်ယူ တောင်ပံကစားသမား အန်တိုနီ ရေးတဲ့ The Boy From Hell ကို theplayerstribune.com မှ ယူကာ Dragon Myanmar မှ ဘာသာပြန်ပေးလိုက်ပါတယ်။
■ငရဲတွင်းက ချာတိတ်
ကျုပ်က ငရဲခန်းမှာ မွေးလာခဲ့တာဗျ။ ဟာသ ပြောနေတယ်မထင်နဲ့။ ကျုပ်အကြောင်းကို မသိတဲ့ ဥရောပက သူငယ်ချင်းတွေကို ပြောလိုတာက၊ ဆာအိုပေါ်လိုမှာရှိတဲ့ ကျုပ်နေခဲ့တဲ့ ဆင်းရဲတွင်း အိမ်ခြေစုလေးကို Inferninho လို့ ခေါ်ကြတယ်။ အဓိပ္ပါယ်က ငရဲတွင်းလေး ပေါ့။
တကယ်လို့ ခင်ဗျားတို့က ကျုပ်အကြောင်း နားလည်ချင်တယ်ဆိုရင် ကျုပ်ဘယ်က လာခဲ့သလဲ သိထားမှ ဖြစ်မယ်။ ကျုပ်ရဲ့ သမိုင်း၊ ကျုပ်ရဲ့ ဇစ်မြစ်။ ငရဲခန်းလေး အကြောင်းတွေပေါ့။
အဲ့တာက နာမည်ဆိုးနဲ့ နာမည်ကြီးတဲ့နေရာပဲ။ အိမ်ရှေ့တံခါးကနေ ခြေလှမ်း ၁၅လှမ်းလောက် လှမ်းလိုက်တာနဲ့ အမြဲတမ်းလို တွေ့ရမှာက၊ မူးယစ်ဆေးဝါး ရောင်းဝယ် လုပ်သူတွေ အချင်းချင်း အပေးအယူလုပ်နေကြတာ တွေ့ရလိမ့်မယ်။ အနံ့တွေတောင် အိမ်တံခါးနား ပြတင်းပေါက်နားထိ ရောက်နေတတ်တယ်။ မူးရစ်ဆေးဝါးသမားတွေနဲ့ ပတ်သက်လို့ ပထမဆုံးမှတ်ဉာဏ်ကတော့၊ ကျုပ်အဖေ ထိုင်ခုံကထ အိမ်အပြင်ထွက်ပြီး အဲ့ဒီ ဆေးရောင်းသူတွေကို နည်းနည်းလေး ခွာပေးကြပါလို့ အော်ရတာပဲ။ ဘာလို့လဲဆို သူ့ကလေးတွေဖြစ်တဲ့ ကျုပ်တို့က အိမ်ထဲမှာ ဘောလုံးပွဲကြည့်နေကြတာကိုး။
ကျုပ်တို့က သေနတ်တွေ ဘယ်လောက်မြင်ရလဲဆို၊ ကြောက်ဖို့တောင် မေ့သည်အထိပဲ။ ဒီဟာတွေက နိစ္စဓူဝ မြင်နေရတာလေ။ သေနတ်တွေထက် အိမ်တံခါးကို ရဲတွေ လာခေါက်မှာပဲ ပိုကြောက်ခဲ့တာ။ တနေ့သား ရဲတွေ အိမ်ထဲ ချိုးဖောက်ဝင်ပြီး လူတစ်ယောက် ရှာကြတယ်။ ပြေးလွှားအော်ဟစ်နေကြတာပဲ။ သေချာတာပေါ့။ သူတို့ ဘာမှ မတွေ့ခဲ့ကြဘူးဆိုတာ။ ဒါပေမဲ့ အဲ့ဒီလို ကိစ္စတွေက ခင်ဗျားစိတ်မှာ အမာရွတ်လို အမှတ်အသား ဖြစ်သွားတယ်လေ။
ကိုယ့်လူရေ၊ ကျုပ် ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေက၊ အဲဒီလိုမျိုး နေခဲ့ဖူးသူမှ နားလည်နိုင်တဲ့ ကိစ္စတွေဗျ။ တစ်မနက်မှာ ကျုပ်ကျောင်းကို လမ်းလျှောက်သွားတုန်း၊ လမ်းကြားထဲမှာ လူတစ်ယောက် လဲနေတာ တွေ့ခဲ့ဖူးတယ်။ လှုပ်မနေလို့ အနီးကပ်ကြည့်မိတော့မှ သေနေတာ သိခဲ့ရတာမျိုး။ ငရဲခန်းလေးလို့ ခေါ်တဲ့ အသိုက်အဝန်းမှာ နေရင်တော့၊ ဒီလိုကိစ္စတွေကို မထုံတက်ထေးကို ဖြစ်သွားတော့တာပဲ။ လူသေက လမ်းပိတ်နေတယ်၊ ကျောင်းကိုသွားစရာ ဒီလမ်းပဲရှိတော့ မျက်လုံးစုံမှိတ် ခုန်ကျော်ပြီး သွားရတာပဲ။
ကျုပ်ကိုကျုပ် သိပ်သတ္တိရှိတဲ့ သိပ်ရဲရင့်တဲ့ကောင်လို့ ဖြစ်သွားအောင် ဒါတွေကိုပြောတာ မဟုတ်ဘူး။ အစစ်အမှန်တွေမို့ ပြောပြနေတာ။
ထပ်ပြောရရင်၊ ဒီလိုတွေ ရုန်းကန်ခဲ့ရပေမဲ့၊ ကျုပ်ကိုကျုပ် သိပ်ကံကောင်းတဲ့ကလေးလို့ ခံယူခဲ့တယ်။ ဘာလို့လဲဆို နတ်ပြည်ကရခဲ့တဲ့ လက်ဆောင် ကျုပ် ပိုင်ဆိုင်ထားတာမို့ပဲ။ ဘောလုံးက ကျုပ်အတွက် ကယ်တင်ရှင် ဖြစ်ခဲ့တယ်။ ပုခက်ထဲ နေခဲ့ရတဲ့ အရွယ်ကတည်းက ဘောလုံးကို ချစ်ခဲ့တာ။ ငရဲခန်းလေးထဲမှာ၊ ခရစ္စမတ်မှာ ရလာတတ်တဲ့ အရုပ်တွေကို ကျုပ်တို့ သိပ်ဂရုမစိုက်တတ်ဘူး။ လိမ့်နိုင်စွမ်းရှိတဲ့ ဘောလုံးတစ်လုံးဆိုရင် ကျုပ်တို့အတွက် ပြီးပြည့်စုံပြီ။
နေ့တိုင်း၊ ကျုပ်အကိုက ဘောလုံးကစားဖို့အတွက် မြေကွက်လပ်ရှိရာ ခေါ်သွားတယ်။ ဒီအိမ်ခြေစုလေးထဲမှာ လူတိုင်း ဘောလုံးကစားတယ်။ ကလေးတွေ၊ လူအိုတွေ၊ ကျောင်းဆရာတွေ၊ လက်သမားတွေ၊ ဆေးသမားတွေ၊ ဂန်းစတားတွေ တစ်ယောက်မကျန် အကုန် ကစားကြတယ်။ အားလုံးက အတူတူပဲ။ ကျုပ်အဖေခေတ်တုန်းကတော့ ညစ်ပတ်နေတဲ့ မြေကွက်လပ်မှာ ကစားခဲ့ကြတယ်။ ကျုပ်တို့ခေတ်ကြ ကတ္တရာလမ်းပေါ် တက်ကစားတယ်။ အစတုန်းက ခြေဗလာနဲ့ ကစားခဲ့တာ။ သွေးတွေ ရဲနေတဲ့ ခြေထောက်နဲ့လေ။ ဖိနပ်ဝယ်ဖို့ ပိုက်ဆံမှ မရှိတာ။ ကျုပ်က လူကောင် ညှက်တယ်၊ ဒါပေမဲ့ ဘုရားသခင်ကပေးတဲ့ စွမ်းရည်နဲ့ ဘောလုံးကို ကောင်းကောင်း လိမ်ခေါက်နိုင်စွမ်းတယ်။ ဘောလုံးလိမ်ခေါက်နိုင်စွမ်းက ကျုပ်ဆီမှာ အမြဲရှိခဲ့တယ်။ သဘာဝအရကို ဖြစ်နေတာမျိုး။ နောက်ပြီး ဘယ်သူ့ကိုမှ ဦးညွှတ်တတ်သူ မဟုတ်ဘူး။ ဆေးအရောင်းအဝယ်လုပ်တဲ့ လူတွေကို elastico နဲ့ ကျော်တယ်။ ဘက်စ်ကား ဆရာတွေကို ဘောလုံးကို လေပေါ်မြှောက်ယူ ကျော်တယ်။ သူခိုးတွေရဲ့ ခြေနှစ်ချောင်းကနေ ဘောလုံးထုတ်ပြီး ကျော်တယ်။ ဘယ်သူ့ကိုမှ စောက်ဂရုကို မစိုက်ခဲ့တာဗျ။
ဘောလုံးသာ ကျုပ်ခြေထောက်ထဲ ရှိနေစမ်း၊ ဘာကိုမှ မကြောက်တော့ဘူး။
အဲ့ဒီ ဘောလုံး လှည့်စားနည်းတွေအကုန်လုံးကို ရော်နာဒင်ဟို၊ နေးမာနဲ့ ခရစ္စတီယာနိုရော်နာဒို တို့လို ဂန္တဝင် ကစားသမားတွေဆီကနေ သင်ခဲ့တာ။ ကျုပ်ရဲ့ ဦးလေး တိုနီယိုလိုရဲ့ ကျေးဇူးနဲ့ Youtube တွေကြည့် သင်ခဲ့ရတာ။ ကျုပ်ရဲ့ သွေးသားတော်စပ်တဲ့ ဦးလေးတော့ မဟုတ်ဘူးဗျ။ အိမ်နီးချင်း ဦးလေးပါ။ဒါပေမဲ့ သူက မိသားစုဝင် တစ်ယောက်လို နွေးနွေးထွေးထွေး ဆက်ဆံတယ်လေ။ ကျုပ်ငယ်ငယ်က၊ သူ့ရဲ့ဝိုင်ဖိုင်ကို ခိုးယူသုံးစွဲခွင့် ပြုခဲ့တယ်လေ။ အဲ့ဒီကနေပဲ ဘောလုံးနဲ့ ပတ်သက်တာတွေ သင်ခဲ့ရတယ်။ အဲဒီဦးလေးကြောင့် ဗီဒီယိုဂိမ်းတစ်ခုကိုလဲ ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ခဲ့ရတယ်။ ဦးလေး တိုနီယိုလိုက သူ့မှာ ပေါင်မုန့် ၂ချပ်ရှိရင်၊ ၁ချပ်က ကျုပ်တို့အတွက် ဆိုတဲ့ လူမျိုး။ ကျုပ်တို့နေထိုင်တဲ့ ဆင်ခြေဖုံး အိမ်ခြေစုတွေနဲ့ ပတ်သက်ပြီး လူတွေ နားမလည်ကြတာ အဲ့တာပဲ။ ဆိုးရွားတဲ့ လူတစ်ယောက်ရှိတိုင်း ကောင်းမွန်တဲ့ လူ နှစ်ယောက် ရှိနေတတ်တာမျိုးပေါ့။
ဒါကြောင့် နေရာမှားပြီး မွေးလာခဲ့တယ်၊ ဒါပေမဲ့ လူမှန်တွေနဲ့ အတူကြီးပြင်းရတယ်လို့ ကျုပ်အမြဲ ပြောတာ။ အသက် ၈ နှစ်အရွယ်၊ ဘောလုံးကစားနေတုန်း ကျုပ်ဆီကို ပထမဆုံးအနေနဲ့ နတ်သား တစ်ယောက် ရောက်လာတယ်။ အမြဲသောင်းကျန်း ဆိုးမိုက်နေကြတဲ့ ဂန်းစတားတွေကို လှည့်စားပြီး ဘောလုံးကစားနေတဲ့ ကျုပ်ကို စောင့်ကြည့်နေတဲ့ လူကြီးတစ်ယောက်လေ။ သူက ဘောလုံးပွဲကြည့်နေတဲ့ ဘေးက လူတွေကို လှမ်းမေးတယ်။
"အဲဒီ ချာတိတ်ပေါက်စက ဘယ်သူလဲ။"
"အဲဒီ ချာတိတ်လား။ အန်တိုနီလေ။"
အဲဒီဘဲကြီးက ဂရီမီယိုအသင်းရဲ့ ဒါရိုက်တာဗျ။ ကျုပ်ကို ဆင်းရဲသားရပ်ကွက်က ထွက်ပြီး၊ ဖူဆယ်အသင်းအတွက် ကစားခွင့် ရအောင် ပထမဆုံး အခွင့်အရေး ပေးခဲ့တာလေ။ အဲဒီက စပြီး ကျုပ် အိပ်မက်တွေ စမက်တော့တာပဲ။ တနေ့သား မှတ်မိသေးတယ်။ အမေနဲ့ လမ်းလျှောက်နေတုန်း အိမ်ဘေးနား အရမ်းမိုက်တဲ့ အနီရောင် ကားတစ်စီး ဖြတ်သွားတာလေ။ Range Rover ကားဗျ။ ကျုပ်အတွက်တော့ ဖာရာရီကားကို တွေ့ခဲ့ရသလိုပဲ။ လူတိုင်းက အဲဒီကားကို ကြည့်နေခဲ့ကြတာ။ အဲဒီကားက စောက်ရမ်း မိုက်ခဲ့တာ၊ ကိုယ့်လူရေ။
အမေ့ဖက်လှည့်ပြီး ကျုပ်ပြောလိုက်တယ် "တစ်နေ့ သား ဘောလုံးသမားဖြစ်ရင်၊ အဲဒီကားကို ဝယ်ကိုဝယ်မှာ။" လို့။
သိပ် ဟုတ်တာပေါ့။ အမေက ရယ်တာပေါ့။
ကျုပ်ကတော့ အသေအချာကြီးကို သေချာနေခဲ့တာ။
ကျုပ်က "စိတ်မပူပါနဲ့။ နည်းနည်းမောင်းပြီးသွားရင် အမေ့ကို အဲဒီကား သားက ပေးမောင်းမှာပေါ့။" လို့ ထပ်ပြောလိုက်တယ်။
အဲဒီအချိန်တွေတုန်းက အမေနဲ့ အဖေ့ကြား အိပ်ခဲ့ရတယ်။ ကျုပ်အတွက် သီးသန့် အိပ်ယာလုပ်ပေးဖို့ ပိုက်ဆံ မရှိဘူးလေ။ ညတိုင်းလိုပဲ၊ တဖက်လှည့်ရင် အဖေ။ ကျန်တဖက်လှည့်ရင် အမေပေါ့။ ကျုပ်တို့က သိပ်ရင်းနှီးခဲ့ကြတာ။ ဒါကပဲ အသက်ရှင်သန်နိုင်စေခဲ့တယ်။ မကြာပါဘူး ကျုပ်ဘဝ ပြောင်းလဲ သွားရတယ်။
အသက် ၁၁နှစ်ရောက်တော့ အဖေနဲ့ အမေ ကွဲသွားတယ်။ အဲ့ဒီကာလက ဘဝမှာ အခက်ခဲဆုံးပဲဗျာ။ အရင်က အနည်းဆုံးတော့ မိသားစု စုံလင်ခဲ့တာကိုး။ အခုတော့ ညအိပ်လို့ အမေ့ဖက် လှည့်လိုက်ရင် အမေမရှိတော့ဘူး။ သိပ် ကြေကွဲခဲ့ရတာ။ ဒီလိုပဲ အဲ့တာကပဲ လူကို ပိုပြီး ကြိုးစားစေခဲ့တယ်။ အဲဒီအချိန်ကစပြီး မျက်လုံးမှိတ်တိုင်း အမြဲတွေးနေတာက "ငါ ဒီနေရာကနေ အားလုံးကို ကယ်ထုတ်မယ်။" ဆိုတာပဲ။
အဖေက မနက် ၅နာရီဆို အိမ်က ထွက်သွားပြီ၊ ည ၈နာရီလောက်မှ ပြန်လာတယ်။ ကျုပ်သူ့ကို အမြဲပြောတယ်။ "အဖေ သားအတွက် အခု ပြေးနေရတယ်။ မကြာခင်၊ အဖေတို့အတွက် သား ပြေးပေးမယ်။" လို့ပေါ့။
မီဒီယာတွေနဲ့ စကားပြောရင်၊ သူတို့က မင်းအိပ်မက်က ဘာလဲ ချန်ပီယံလိဂ်လား၊ ကမ္ဘာ့ဖလား လား၊ ရွှေဘောလုံးလား တဲ့။
အဲ့တာတွေက အိပ်မက်မဟုတ်ဘူး။ ရည်မှန်းချက် ဖြစ်ရုံလေးပဲ။ ကျုပ်ရဲ့ တစ်ခုတည်းသော အိပ်မက်က ကျုပ်မိဘတွေကို ဆင်းရဲသားရပ်ကွက်က ကယ်ထုတ်ဖို့ပဲ။ နောက်ထပ် နည်းလမ်းကို မရှိခဲ့ဘူး။ ဘောလုံးနဲ့ အောင်မြင်အောင်လုပ်မယ်၊ ကြိုးစားရင်း သေသွားသည်ထိ ကြိုးစားမယ်ဆိုတာပဲ။
အသက် ၁၄နှစ်ရောက်တော့ ဆာအိုပေါ်လို အသင်းမှာ အခွင့်အရေး ရခဲ့တယ်။ နေ့တိုင်း ကျောင်းကပြန်လာတာနဲ့ အကယ်ဒမီကို ဗိုက်ဟောင်းလောင်းနဲ့သွားခဲ့ရတယ်။ တခါတလေ ဟန်ကျတဲ့ နေ့ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ ပိုက်ဆံစုပြီး အိမ်အပြန် ကားပေါ်စားဖို့ ကွတ်ကီးတွေ ဝယ်နိုင်တာပေါ့။ ကြိုးစားချင်စိတ်ရှိအောင် ဆာလောင်နေတယ်လို့ ဟန်ဆောင်ပြစရာ မလိုခဲ့ဘူး။ တကယ်ကို ငတ်ပြတ်ခဲ့ရတာဗျ။
ကျုပ်ကိုယ်ထဲမှာ ပြင်းထန်တဲ့ ဆန္ဒတွေ ရှိတယ်။ တချို့က စိတ်ဒေါသလို့ ပြောချင် ပြောကြမှာပေါ့။ ကျုပ်စိတ်ကို ထိန်းချုပ်ဖို့ အင်မတန် ခက်ခဲခဲ့တယ်။ ဘောလုံးအကယ်ဒမီကနေ အထုတ်ခံရဖို့ သုံးကြိမ်လောက် နီးစပ်ဖူးတယ်။ အထုတ်ခံရမဲ့ စာရင်းထဲပါခဲ့တယ်။ သုံးကြိမ်လုံးမှာ ကျုပ်ဖက်က ရပ်တည်ပြီး အသင်းမှာ ဆက်ထားဖို့ တောင်းဆိုတဲ့လူတွေ ပိုင်ဆိုင်ခဲ့ရတယ်။ ဒါတွေက ဘုရားသခင်ရဲ့ အစီအစဥ်တွေ ဖြစ်မှာ။
ကျုပ်က သေးသေးကွေးကွေးလေး၊ ဒါပေမဲ့ ဘောလုံးကစားရင် မျက်လုံးထဲမှာ သွေးအပြည့်နဲ့ပဲ။ ဒါတွေက လမ်းဘေးကနေရလာတဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒလို့ ပြောရမယ်။ အယောင်ဆောင်လို့ မရဘူး။ ဒါတွေကို ပြောပြရင် လူတွေက ကျုပ်လိမ်နေတယ် ထင်ကြတာ။ ကျုပ်က ဆာအိုပေါ်လိုနဲ့ ပွဲထွက် ကစားခဲ့ရပြီးသည်ထိ ဆင်းရဲသားရပ်ကွက်မှာပဲ နေတုန်းဗျ။ နေဦး၊ မဟုတ်သေးဘူး အသက် ၁၈နှစ်ပြည့်သည်ထိ အဖေနဲ့ တခုတင်တည်း အိပ်ရတုန်းပဲ။ အဲ့ဒီလိုမှ မအိပ်ရင် ခုံပေါ် အိပ်ရမှာလေ။ ရွေးချယ်စရာကို မရှိခဲ့တာ။ ကိုယ့်လူရေ၊ ပေါ်လစ်စတာ ဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့ ၂၀၁၉ခုနှစ်အထိ ကျုပ်က ဆင်းရဲသားရပ်ကွက် ပြန်သွားခဲ့သေးတာ။ လမ်းပေါ်မှာ ကျုပ်ကိုတွေ့ကြတော့ လူတွေ အော်ကြတာပေါ့။
"မင်းကို TV မှာ ခုမှ တွေ့ခဲ့ရတာ။ မင်းက ဒီကို ဘာလာ လုပ်နေတာတုန်း။"
"အကိုရေ၊ ကျုပ်က ဒီမှာနေတာလေ။"
လူတိုင်း ရယ်ကြတာပေါ့။ သူတို့ မယုံကြဘူး။
တစ်နှစ်လောက်ကြာတော့ အေဂျက်စ်အသင်းရောက်ပြီး ချန်ပီယံလိဂ်ပွဲ ကစားနေရပြီ။ အဲဒီလိုကို မြန်မြန်ဆန်ဆန် ဖြစ်သွားတာ။ အခုဆို ကျုပ်မှာ ကိုယ်ပိုင် အိပ်ယာရှိရုံ မဟုတ်တော့ဘူး၊ အမေ့ဆီကိုလဲ Range Rover ကား ဝယ်ပေးနိုင်ခဲ့တယ်။ ကျုပ်သူ့ကို ပြောလိုက်တယ်။ "အမေ မြင်ပြီလား။ အမေ့ကို သားပြောခဲ့တယ်နော်။ သားအောင်မြင်မှာပါ။ အခု အောင်မြင်ပြီလေ အမေ။"
ကျုပ် အသက် ၁၀နှစ်မှာ ပြောခဲ့တုန်းက အမေ ရယ်နေခဲ့တာ။
အခု ပြန်ပြောပြတော့ အမေ ငိုပြီပေါ့။
ကျုပ်က ဆင်းရဲသားရပ်ကွက်ကနေ မန်ချက်စတာယူနိုက်တက်ကို သုံးနှစ်အတွင်း ရောက်နိုင်ခဲ့တယ်။ ဘာလို့ ဒီလောက်မြန်မြန်ဆန်ဆန် အောင်မြင်နိုင်ခဲ့သလဲလို့လူတွေက အမြဲမေးတယ်။ ရိုးရိုးသားသားပဲ ပြောမယ်။ ဘောလုံးကစားတဲ့အချိန် ဘာဖိအားမှကို ရှိမနေတာကြောင့်ပဲ။ အကြောက်ကို မရှိတာ။ ကြောက်ရွံ့မှု ဆိုတာလား။ အဲ့တာက ဘာလဲ။ ငယ်ငယ်ကတည်းက ကျောင်းသွားဖို့အရေး လူသေကို ကျော်လွှားခဲ့ရတဲ့သူက ဘောလုံးကွင်းထဲက ဘာကို ကြောက်နေမှာလဲ။ ကျုပ်မြင်ခဲ့ရတဲ့ အရာတွေက၊ ဘောလုံးဝေဖန်ရေးဆရာ အများစု စိတ်တောင် ကူးလို့ ရမှာ မဟုတ်ဘူး။ တချို့အရာတွေက မေ့ပစ်လိုက်ဖို့၊ မမြင်ခဲ့လိုက်ဘူးလို့ လုပ်လိုက်လို့ကို မရတာ။
ဘဝမှာ၊ ကျုပ်တို့က လုံလောက်အောင် စတေးခဲ့ရပြီးပြီ။ လုံလောက်အောင် စိုးရွံခဲ့ရပြီးပြီ။ လုံလောက်အောင် ငိုခဲ့ရပြီးပြီ။
ဘောလုံးကွင်းထဲမှာတော့လား။ ဘောလုံးသာ ခြေထောက်ထဲ ရှိနေရင်၊ အဲဒီဘောလုံးနဲ့ ပျော်ရွှင်အောင် လုပ်ဖို့ သင့်တာပဲ။ ကျုပ်က ဘောလုံးကို လှည့်စားလိမ်ခေါက်တတ်သူအနေနဲ့ မွေးဖွားလာတာ။ ဒါက ကျုပ် ဗီဇပဲ။ အဲဒါက ဆင်းရဲသားရပ်ကွက်ကနေ အိပ်မက်ကဇာတ်ရုံကွင်းထဲ ရောက်အောင် ဖန်တီးပေးတဲ့ ဆုလာဘ်ပဲ။ အဲဒီလိုကစားတာကို ဘယ်တော့မှာ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါက စတိုင်ထုတ်တာလဲ မဟုတ်ဘူး။ အဲဒါ ကျုပ်ပဲ။ အဲဒါ ကျုပ်ရဲ့ အစိတ်အပိုင်းပဲ။ ဘရာဇီးသားလို့ သတ်မှတ်ထားတဲ့ ကျုပ်တို့ရဲ့ ပုံပြင်အစိတ်အပိုင်းတွေပဲ။ ဗီဒီယို ဆယ်စက္ကန့်စာလောက် ကြည့်ပြီး ကျုပ်ကို နားလည်ဖို့ မကြိုးစားပါနဲ့။ ကျုပ်လုပ်နေတာတွေမှာ ဟာသ တစ်ခုမှ မပါဘူး။ အရာတိုင်းမှာ ရည်ရွယ်ချက်နဲ့ ချည်းပဲ။ ရဲရဲရင့်ရင့် ရှေ့တိုးဖို့အတွက်၊ ပြိုင်ဘက်ကို ကြောက်ရွံစိတ်ရှိသွားအောင် တွန်းပို့ဖို့အတွက်၊ နေရာလွတ်ဖန်တီးဖို့အတွက်၊ အသင်းအတွက် ပိုကောင်းတဲ့ ရလဒ်တစ်ခု ပုံဖော်နိုင်ဖို့အတွက်။
ခင်ဗျားက ကျုပ်ကို ဟာသကောင်အရူးလို့ ထင်တာလား။ ဒါဆို ကျုပ်ကို နားမလည်သေးတာပဲ။ ရော်နာဒင်ဟို၊ ခရစ္စတီယာနို၊ နေးမာတို့ရဲ့ အနုပညာတွေက ကျုပ်ကို သက်ဝင်ယုံကြည်စေခဲ့တယ်။ ခိုးယူထားတဲ့ ဝိုင်ဖိုင်လိုင်းကနေ အဲဒီ နတ်ဘုရားတွေကို တအံ့တသြကြည့်ခဲ့တယ်။ ပြီးရင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို တုပဖို့ ကတ္တရာလမ်းပေါ်တက်ခဲ့ရတာပဲ။
တကယ်လို့ ခင်ဗျားက ငရဲခန်းမှာ မွေးလာခဲ့ရင်တောင်၊ ခင်ဗျားအတွက် ဘုရားကပေးထားတဲ့ ဆုလာဘ်တစ်ခု ရှိနေပါတယ်။
"မင်းရဲ့ စတိုင်လ်က ဘာလဲ၊ မင်းက ဘာကို ပေးချင်၊ ပြောချင်တာလဲ။" လို့ လူတွေက မေးတဲ့အခါ...
ညီအကိုတို့ရေ၊ ကျုပ်က ကျုပ် အိမ်ရှိရာအရပ်အကြောင်း သတင်းစကားပါးနေတာဗျို့။
ညတိုင်း စားပွဲပေါ် မှာ ပေါင်မုန့်အဆင်သင့်ရှိနေတဲ့ ဥရောပက၊ ဘောလုံးဆိုတာ အားကစား ဆိုတာကို မေ့နေကြတယ်။ သိပ်လှပတဲ့ အားကစား။ ကစားရတဲ့ ပွဲဗျ။ ပြဿနာတွေက တကယ့် ဘဝထဲမှာဗျ။ လူတိုင်းအတွက် ဟုတ်မနေရင်တောင်၊ ကမ္ဘာအနှံ့က ငရဲတွင်းထဲမှာ မွေးဖွားလာတဲ့ ကျုပ်တို့လို လူတွေ အတွက်ပေါ့ဗျာ။
ဘယ်ကိုပဲ ရောက်နေပါစေ၊ ဘာတွေပဲ ဖြစ်လာပါစေ၊ အရာအားလုံး သင်ကြားပေးခဲ့တဲ့ မွေးရပ်မြေကို ကိုယ်စားပြုမယ်လို့ ကျုပ်အမြဲပြောခဲ့တယ်။ ကျုပ် မွေးရပ်မြေမပါရင်၊ ကျုပ်ရဲ့ လူတွေ မပါရင် ဘယ်ကိစ္စကမှ အရေးပါမနေဘူး။ ပွဲ မစခင်တိုင်း၊ ကျုပ်ရဲ့ ဘောကန်ဖိနပ်ပေါ်မှာ အမှတ်ရနေစေဖို့ ဒီလို အမြဲရေးတယ်။
"ဆင်းရဲတွင်း။"
ဖိနပ်ကြိုးချည်တိုင်း အမှတ်ရတယ်။ အရာအားလုံးကို အမှတ်ရတော့တာပဲ။
ဒါကတော့ ကျွန်တော့အကြောင်းပေါ့။ ဒါကိုမှ ကျုပ်ကို နားမလည်သေးဘူးဆိုရင်၊ ကျုပ်ကို ဟာသကောင် အရူးလို့ ထင်တုန်းဆိုရင်၊ ကျုပ်လက်ပေါ်မှာ ရေးထားတဲ့ တက်တူးကို ပြရမှာပဲ။
"ငါဘယ်လို ဖြတ်သန်းလာခဲ့ရလဲဆိုတာ ဆင်းရဲတွင်းက လာခဲ့တဲ့သူတိုင်း အနည်းအကျဥ်းတော့ သိကြတယ်။"
အဲဒီ စကားလုံးတွေက ကျုပ်ကို ဖော်ပြတယ်။ ကျုပ်လိုလူတွေ အားလုံးကိုရောပေါ့။
-အန်တိုနီ
☆အခုမှ စတင်နေတဲ့ Page လေးဖြစ်တာမို့ ကော်ပီမကူးဖို့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ။ သတင်းတွေ ဆောင်းပါးတွေကို ကူးသွားတာတွေ တွေ့နေရပေမဲ့၊ တိုးမပေါက်တော့ ပြောမရ ဖြစ်နေလို့ပါ ခင်ဗျာ။☆
■Page အသစ်လေးမို့ Like & Follow လေး လုပ်ပေးသွားကြပါဦး။ သတင်း၊ ဆောင်းပါးတွေ စဥ်ဆက်မပြတ် တင်ပေးသွားပါ့မယ်ခင်ဗျာ။ သဘောကျ နှစ်ခြိုက်ပါက Shareပေးခြင်းဖြင့် ကူညီအားဖြည့်ပေးနိုင်ပါတယ်။