10/02/2017
ချင်းယူနိုက်တက်ကို အနိုင်ယူပြီး ဂျီအက်ဖ်အေ အသင်း ပထမဆုံး နိုင်ပွဲရရှိ
=================================
ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်၌ ဂျီအက်ဖ်အေ အသင်းက
ချင်းယူနိုက်တက် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရကာ ယခုရာသီ အတွက် ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့သည်။
ယခုပွဲတွင် နှစ်သင်းစလုံး အပြန်အလှန် ကစားနိုင်ခဲ့သော်လည်း အခွင့်အရေးများကို အသုံးချနိုင်ခဲ့သည့် ဂျီအက်ဖ်အေ အသင်းက အနိုင် ရခဲ့ခြင်း ဖြစ်သည်။ ဦးဆောင်ဂိုး ရယူနိုင်ခဲ့သည့် ချင်းယူနိုက်တက် အသင်းမှာမူ တိုက်စစ်ပိုင်း အားနည်းမှုများ ရှိခဲ့သောကြောင့် ချေပဂိုး ရယူနိုင်ခြင်း မရှိခဲ့ပဲ အရှုံးရလဒ်ကို လက်ခံ ခဲ့ရခြင်း ဖြစ်သည်။
နှစ်သင်းစလုံး နိုင်ငံခြား ကစားသမားများကို အားပြုကာ အဓိက ကစားသမားများနှင့် ပေါင်းစပ်ပြီး ပွဲထွက်လာခဲ့သည်။ ဂျီအက်ဖ်အေ အသင်းတွင် အောင်မင်းခန့်၊ မောင်မောင်ဝင်း၊ ပြုံးချို၊ မိုင်းအိုက်နိုင်၊ အီမန်နျူရယ်၊ ကော့စ်ကာ စသည့် အဓိက ကစားသမားများ ပါဝင်လာခဲ့သလို ချင်းယူနိုက်တက်တွင်လည်း ဒိုးဆက်ကီ၊ ဆောင်လမန်၊ ဘီဘီ၊ အန်နန်ကိုဖီ၊
အောင်မိုး အစရှိသည့် အဓိက ကစားသမားများ ပါဝင်ပွဲထွက် လာခဲ့သည်။
ခြေစွမ်းကွာဟမှု သိပ်မရှိသည့် အသင်းများပီပီ တိုက်စစ် အပြန်အလှန် ဖွင့်ကစားခဲ့သဖြင့် ပွဲက မြိုင်ဆိုင်ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ချင်းပြည်နယ် ကိုယ်စားပြု အသင်းအချင်းချင်း ဖြစ်သည့် အတွက် ပြိုင်ဆိုင်မှု
ပြင်းထန်ခဲ့ကာ ပြစ်ဒဏ်ဘောများ၊ အဝါကတ်များ အသုံးပြုခဲ့ရသည့် ပွဲလည်း ဖြစ်သည်။ ပထမပိုင်း ပွဲချိန် အများစုတွင်
ချင်းယူနိုက်တက်က ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ပွဲချိန် ၂၈ မိနစ် အရောက်တွင် သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကို ပင်နယ်တီ ပြစ်ဒဏ်ဘောမှ တစ်ဆင့် ချင်းယူနိုက်တက် တိုက်စစ်မှူး အန်နန်ကိုဖီက သွင်းယူခဲ့ခြင်း
ဖြစ်သည်။ ဂိုးရပြီး နောက်တွင်လည်း ချင်းယူနိုက်တက်ပင် ပွဲကို စိုးမိုးနိုင်ခဲ့ သော်လည်း ဂျီအက်ဖ်အေ အသင်း၏ တန်ပြန် တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သည့် အတွက် ချေပဂိုးကို ခွင့်ပြုခဲ့ရသည်။ ယင်းဂိုးကို တန်ပြန်တိုက်စစ်မှ တဆင့် ဂျီအက်ဖ်အေ တိုက်စစ်မှူး အီမန်နျူရယ်က ပွဲချိန် ၃၇ မိနစ်တွင် ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ဒုတိယပိုင်း ပြန်စချိန်တွင် ဂျီအက်ဖ်အေ အသင်းက ပိုမို ဖိကစားနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၆၀ တွင် ဂျီအက်ဖ်အေ အသင်းက တိုက်စစ်မြှင့်သည့် အနေဖြင့် ပြုံးချိုအစား ဝင်းမင်းကို ထည့်သွင်းခဲ့သည်။ ဂျီအက်ဖ်အေ နည်းပြ၏
လူစားလဲမှု မှန်ကန်ခဲ့ပြီး ပွဲချိန် ၆၆ မိနစ် အရောက်တွင် ဝင်းမင်းက ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ဝင်းမင်းအနေဖြင့် လူစားဝင်ပြီးနောက် ပထမဆုံး ကန်ချက်မှာပင် ဂိုးသွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂိုးပေးလိုက်ရပြီး
နောက်တွင် ချင်းယူနိုက်တက် အသင်းကလည်း အောင်မိုးနေရာတွင် ရမ်လာကျဲအိုကို ထည့်သွင်းကာ နည်းဗျူဟာ
ပြောင်းလဲ ခဲ့သည်။ သို့သော် ချင်းယူနိုက်တက် အသင်း၏ အားထုတ်မှုမှာ မအောင်မြင်ခဲ့ဘဲ ပွဲပြီးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်း မရှိခဲ့သည့် အတွက် ပွဲအပြီးတွင် ဂျီအက်ဖ်အေ အသင်းက အနိုင်ရရှိ သွားခဲ့သည်။