24/02/2021
စစ်အာဏာသိမ်းမှုကို နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်ဖြစ်ရာ ဖေဖော်ဝါရီ လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆယ်ရက်တာကာလအတွင်း မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူအင်အားကို စုစည်းပြသထားခြင်းဖြစ်သည်။ အချက်အလက်များအား ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၊ Blue Mark ရရှိပြီးဖြစ်သည့် လူမှုစာမျက်နှာများ၊ အရပ်ဘက်လှုပ်ရှားတက်ကြွသူများမှ ရရှိသည့် အချက်အလက်များပေါ်မှီတည်၍ လက်လှမ်းမှီသလောက်ရယူထားခြင်းဖြစ်ပါသည်။
လေ့လာမှုများအရ နေပြည်တော်ကောင်စီအပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ တိုင်းရင်းသားလုပ်သားပြည်သူအားလုံးတို့မှ ဆန့်ကျင်ဆန္ဒပြလျက်ရှိပါသည်။ ရရှိသည့်စာရင်းဇယားများအရ စုစုပေါင်း မြို့နယ် ၃၃၀ အနက် မြို့နယ် ၃၀၀ (၉၀ ရာနှုန်း)တွင် ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်ကို တွေ့ရှိရသည်၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များ၊ လူဦးရေ အလွန်နည်းပါးပြီး နယ်ခြားစောင့်တပ်များအဓိကချုပ်ကိုင်ထားသည့် ကချင်ပြည်နယ်အရှေ့မြောက်ပိုင်းဒေသများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များမှ လွဲ၍ ကျန်မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများကို တွေ့ရှိခဲ့ရပါသည်။ အဆိုပါမြို့နယ် ၃၀၀ အနက် တဝက်ခန့် ၁၃၄ မြို့နယ်တွင် ဆန့်ကျင်လှုပ်ရှားမှု အားအလွန်ကောင်းခဲ့ပြီး အဓိကမြို့ကြီးများဖြစ်သည့် ရန်ကုန် မန္တလေး တွင်သာမက မကွေး ပဲခူး စသည့်မြို့များတွင်ပင် လူထုလှုပ်ရှားမှုတွင် ပါဝင်သူပေါင်း ၃ သိန်းနှင့်အထက်ရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ရန်ကုန်တွင် လူထုလှုပ်ရှားမှု အားအကောင်းဆုံးနေများတွင် ခန့်မှန်းလူဦးရေ သန်းကဏန်းအထိ ပါဝင်လှုပ်ရှားခဲ့သည့်ကို တွေ့ရှိခဲ့ရပါသည်။ လူဦးရေ ၁ သိန်းနှင့် ၃ သိန်းကြားပါဝင် လှုပ်ရှားမှု အများအပြား (၄၇ မြို့) တွေ့ရှိရပြီး ကချင် ကယား ကရင် မွန် တနင်္သာရီ စသည့် တိုင်းရင်းသားလူမျိုးများနေထိုင်သည့် မြို့ကြီးများတွင် ပင် လှုပ်ရှားမှုအလွန်အားကောင်းခဲ့သည်ကို တွေ့ရှိရသည်။
ယခုလေ့လာမှုအရ နေ့စဉ်လှုပ်ရှားမှု အချက်အလက်များရရှိနိုင်မှုမရှိသည့်အတွက် ဖော်ပြရန်အခက်အခဲရှိသော်လည်း ယခုပုံပါအချက်အလက်များအရ တိုင်းနှင်ပြည်နယ် အသီးသီးတွင် စစ်အာဏာသိမ်းဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများအားအလွန်ကောင်းလျက်ရှိပြီး ဝန်ထမ်းများပါဝင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းမဖက်အာဏာဖီဆန်မှုများကို အပြန်အလှန်အထောက်အပံ့ပြုလျက်ရှိသည်ဟုဆိုနိုင်ပါသည်။
Crd