Winny Aung: Life Coach

Winny Aung: Life Coach သင့်ခံစားချက်များနဲ့ အခက်အခဲများကို
အလုံခြုံဆုံးနဲ့ အကောင်းဆုံးရင်ဖွင့်ဆွေးနွေးနိုင်ဖို့ ကျမ ရှိနေပါတယ်

ဘဝဆိုတာ မရပ်မနား‌လျှောက်လှမ်း‌နေရတဲ့ ခရီးရှည်ကြီးတစ်ခုပါပဲ။ ဒီလို လျှောက်လှမ်းတဲ့အခါမှာလည်း အရှိန်မ‌လျှော့ဘဲ ဆက်လျှောက်န...
02/07/2025

ဘဝဆိုတာ မရပ်မနား‌လျှောက်လှမ်း‌နေရတဲ့ ခရီးရှည်ကြီးတစ်ခုပါပဲ။ ဒီလို လျှောက်လှမ်းတဲ့အခါမှာလည်း အရှိန်မ‌လျှော့ဘဲ ဆက်လျှောက်နေမှ နို့မို့ဆို နောက်ကျန်ခဲ့မှာလည်းစိုးရိမ်ရတယ်မဟုတ်လား။ ပန်းတိုင်ရောက်ဖို့အားထုတ်ရင်းနဲ့လမ်းတစ်လျှောက် လုံးက မြင်ကွင်းတွေကိုတောင် သတိမထားမိလောက်အောင် ဖြစ်တတ်ကြတယ်။

တကယ်တော့ ဒီလိုမရပ်မနား‌လျှောက်လှမ်းနေရနေရတဲ့အခါ ကျမတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ပင်ပန်းလာတဲ့အခါ ခြေလှမ်းတွေနှေးကွေးလာမယ်။ လမ်းကြောင်းတွေတိမ်းစောင်းလာမယ်။ တစ်ခါတလေလုံး၀မ‌လျှောက်နိုင်‌တော့ပဲ ထိုင်ကျတဲ့အထိတောင် ဖြစ်သွားနိုင်တယ်။

ဒီလိုအချိန်မျိုးမှာ "ခဏတော့နားပါ" လို့ ကိုယ့်ကိုယ်ကိုပြောဖို့ လိုအပ်ပါတယ်။ ပန်းတိုင်ကို မရောက်သေးဘူးလို့ စိုးရိမ်စိတ်တွေ ဝင်လာနိုင်ပေမယ့် ဒီခဏတာ ရပ်နားခြင်းက ကိုယ့်ကို နောက်တစ်ကြိမ်ဆက်လက်‌လျှောက်လှမ်းနိုင်ဖို့အတွက် အမှန်တကယ် လိုအပ်တဲ့အားဖြည့်ချိန်ပါပဲ။

ရပ်နားလိုက်တဲ့အခါ မပြီးသေးတဲ့အလုပ်တွေ၊ စိုးရိမ်ပူပန်မှုတွေကို ခဏတာမေ့ထားပြီး စိတ်ကို လွတ်လွတ်လပ်လပ်ထားကြည့်ပါ။

ကိုယ့်ခန္ဓာကိုယ်က ပြောနေသံကို နားထောင်ပါ။ ဘယ်နေရာက နာကျင်နေလဲ? ဘယ်နေရာကတင်းမာ နေလဲဆိုတာကို သတိပြုမိပြီး လျှော့ချကြည့်ပါ။

နေ့စဉ်ဘဝမှာ ရည်မှန်းချက်တွေ၊တာဝန်တွေနောက်လိုက်ရင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သေးငယ်တဲ့ လှပမှုတွေကိုမေ့လျော့နေခဲ့တာကို ခဏလောက်အချိန်ယူပြီး ပတ်ဝန်းကျင်ကိုခံစားကြည့် ပါ။ ဒီလိုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပြီး စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။

အနားယူတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း တမျိုးဖြစ်ပြီး ကိုယ့်ရဲ့စွမ်းအင်ကို ပြန်လည်ဖြည့်တင်းတာပဲဖြစ်ပါတယ်။ ဖုန်းဘက်ထရီအားကုန်သွားတဲ့အခါ အားပြန်သွင်းရသလိုပါပဲ။ လူဆိုတာလည်း အားကုန်သွားရင် ပြန်လည်အားဖြည့်ဖို့ လိုအပ်ပါတယ်။

ဒီတော့ ဘဝကိုလျှောက်လှမ်းရတာ ပင်ပန်းလာပြီလို့ ခံစားရတဲ့အခါ၊ ကိုယ့်ကိုယ်ကို ခဏတာ ခွင့်ပြုပြီး ရပ်နားပါ။ ဘဝဆိုတာ မရပ်မနား လျှောက်လှမ်းနေရုံသက်သက် မဟုတ်ပါဘူး။ လမ်းတစ်လျှောက်မှာ အနားယူပြီး အလှအပတွေကို ခံစားဖို့လည်း လိုအပ်ပါတယ်။

အဆင်မပြေမှုဆိုတာ ကြားရတာ နားဝင်မချိုလှပေမယ့် တကယ်တော့ ဒါတွေဟာ ကျမတို့ရဲ့နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို‌တောင်ဖြစ်နေတတ်တ...
27/06/2025

အဆင်မပြေမှုဆိုတာ ကြားရတာ နားဝင်မချိုလှပေမယ့် တကယ်တော့ ဒါတွေဟာ ကျမတို့ရဲ့နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို‌တောင်ဖြစ်နေတတ်တာပါ။ မနက်မိုးလင်းတာက‌နေစလို့ ညအိပ်ရာဝင်ချိန်အထိ အလုပ်မှာပဲဖြစ်ဖြစ်၊အိမ်မှာပဲဖြစ်ဖြစ် လမ်းမှာပဲဖြစ်ဖြစ် အဆင်မပြေမှု အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရတာပါပဲ။

ကားလမ်းပိတ်လို့ အလုပ်နောက်ကျတာမျိုး
သူငယ်ချင်းနဲ့ စကားများတာမျိုး
ကိုယ်လုပ်ချင်တဲ့အလုပ်က အစီအစဉ်အတိုင်း ဖြစ်မလာတာမျိုးတွေပေါ့

ဒီလို အဆင်မပြေမှုလေးတွေကနေစလို့ ဘဝကို လှုပ်ခတ်သွားစေနိုင်တဲ့အထိ ကြီးမားတဲ့ အဆင်မပြေမှုတွေလည်း ကျမတို့အားလုံး ကြုံကြရမှာပါ။
တကယ်တော့ ဒီအဆင်မပြေမှုတွေဟာ ကျမတို့အတွက် သင်ခန်းစာတွေ၊အတွေ့အကြုံတွေနဲ့ ခွန်အားတွေပေးနိုင်ပါတယ်။

အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သင်ယူရပါတယ်။ ဒီလိုနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်တွေ တိုးတက်လာသလို အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့အခါ စိတ်ဓာတ်ပိုကြံ့ခိုင်လာပြီး ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်တဲ့ သတ္တိတွေ ပိုရှိလာတတ်ပါတယ်။

နောက်တစ်ချက်က အဆင်မပြေမှုတွေ၊အခက်အခဲတွေကြားကနေ ရရှိတဲ့အောင်မြင်မှုဟာ လွယ်လွယ်ရတဲ့ အောင်မြင်မှုထက်ပိုပြီး တန်ဖိုးရှိတယ်ဆိုတာပါပဲ။

အဆင်မပြေမှုတွေကို လုံးဝရှောင်လို့ မရနိုင်‌ပေမယ့်ဘယ်လို ရင်ဆိုင်မလဲဆိုတာကတော့ ကျမတို့ ရွေးချယ်လို့ရနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ အဆင်မပြေမှုတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို လက်ခံဖို့ နဲ့ ဒီအဆင်မပြေမှုကနေ ဘာတွေ သင်ယူလို့ရနိုင်မလဲ? ဘယ်လို ပြောင်းလဲရမလဲဆိုတာကို ရှာဖွေကြည့်ဖို့ပါပဲ။

တစ်ခါတလေ ကိုယ့်ဘာသာ မဖြေရှင်းနိုင်တဲ့အခါမျိုးတွေ၊ အဖြေရှာမရတဲ့ အခါမျိုးတွေမှာ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ သူငယ်ချင်း မိသားစုတွေဆီက အကူအညီရယူဖို့လည်း လိုအပ်ပါတယ်။

ဘဝမှာ အဆင်မပြေမှုတွေကြုံလာတဲ့အခါမှာ ဒါကို သင်ခန်းစာအသစ်တစ်ခု၊အခွင့်အလမ်းတစ်ခု အဖြစ် မြင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။အရာရာတိုင်းက အဆင်ပြေနေဖို့ မလိုပါဘူး။အဆင်မပြေမှုတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာကသာ ပိုအရေးကြီးပါတယ်။

" ဘက်လိုက်မှုအစွဲ "လေးစားရတဲ့ဆရာတစ်ယောက်သုံးတာလေးကို သဘောကျလို့ ဒီအသုံးအနှုန်းကိုပဲသုံးပါရစေ။ ဘက်လိုက်မှုအစွဲ (Bias) ဆို...
23/05/2025

" ဘက်လိုက်မှုအစွဲ "

လေးစားရတဲ့ဆရာတစ်ယောက်သုံးတာလေးကို သဘောကျလို့ ဒီအသုံးအနှုန်းကိုပဲသုံးပါရစေ။ ဘက်လိုက်မှုအစွဲ (Bias) ဆိုတာက ကျမတို့ရဲ့ယုံကြည်မှုတွေ၊ခံယူချက်တွေ၊အတွေ့အကြုံတွေနဲ့ ခံစားချက်တွေအပေါ် အခြေခံပြီး အကဲဖြတ်ဆုံးဖြတ်တာကို ဘက်လိုက်မှုအစွဲ (Bias) လို့ခေါ်နိုင်ပါတယ်။ဒါဟာ လူတိုင်းမှာရှိနိုင်ပြီး ကျမတို့သတိမထားမိဘဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ သဘောထားတွေအပေါ် သက်ရောက်မှုရှိနေတတ်ပါတယ်။

ဘက်လိုက်မှုအစွဲတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်း ရင်းတွေအများကြီးရှိပါတယ်။ကျမတို့ရဲ့အရင်ကအတွေ့အကြုံတွေ၊ကျင်လည်ခဲ့ရတဲ့ပတ်ဝန်းကျင်၊ကြားဖူးနားဝရှိတဲ့အကြောင်းအရာ‌တွေ နဲ့ ယုံကြည်ချက်တွေက ကျမတို့ရဲ့အမြင်တွေကို ပုံသွင်းပြီး ဘက်လိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘက်လိုက်မှုအစွဲတွေဟာ ပုံစံမျိုးစုံနဲ့ရှိနေပါတယ်။ လူမှုဆက်ဆံရေးတွေ နဲ့ ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်တွေမှာ တွေ့ရတတ်တဲ့ ဘက်လိုက်မှုအစွဲတချို့ကို ပြောပြရရင်

Confirmation Bias

ကိုယ်ကြိုတင်ယုံကြည်ထားတဲ့ အချက်အလက်တွေကိုပဲ ပိုပြီးရှာဖွေ၊ လက်ခံ၊မှတ်မိပြီး ကိုယ်နဲ့မကိုက်ညီတဲ့ အချက်အလက်တွေကို လျစ်လျူရှုတာမျိုးတွေပေါ့

သိလိုက်တဲ့အရာတခုခုဟာ ကိုယ့်အကြိုက်နဲ့ကိုက်ညီနေရင် ဒါအမှန်ပဲလို့ တရားသေယူလိုက်တာမျိုး...

ဥပမာ- ကိုယ်နှစ်သက်သဘောကျတဲ့သူကပြောတဲ့စကားတွေကိုပဲ ယုံကြည်ပြီး ကိုယ်သဘောမကျတဲ့သူပြောတဲ့စကားတွေကို သံသယဝင်တာမျိုး

Anchoring Bias

ပထမဆုံးကြားရတဲ့ ဒါမှမဟုတ် မြင်ရတဲ့ အချက်အလက်တစ်ခုက နောက်ပိုင်းဆုံးဖြတ်ချက်တွေအပေါ် ကြီးကြီးမားမား လွှမ်းမိုးမှုရှိနေတာမျိုးတွေပေါ့
(စဉ်းစားဆုံးဖြတ်ရာမှာ ပထမဆုံးရတဲ့ အချက်အလက်ကိုပဲ တရားသေဆုပ်ကိုင်ပြီး အမှန်ပဲလို့ ယူဆပစ်တာ...)

Availability Bias

မှတ်ဥာဏ်ထဲမှာ လွယ်လွယ်ကူကူ ရှိနေတဲ့ ဒါမှမဟုတ် မကြာခဏ ကြားနေရတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးဖြစ်နိုင်ခြေကိုပိုပြီး ခန့်မှန်းတာမျိုး...

လေယာဉ်ပျက်ကျမှုသတင်းတွေ မကြာခဏကြားရရင် လေယာဉ်စီးရတာ အန္တရာယ်များတယ်လို့ ထင်မြင်တာမျိုးပေါ့....

Unconscious Bias

လူမျိုး၊ ကျား-မ၊ အသက်၊ ရုပ်ရည်၊ ကိုးကွယ်မှု စတာတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်သတိမထားမိဘဲ သတ်မှတ်ထားတဲ့ ခံယူချက်တွေ ရှိနေတာမျိုးတွေ။
ဒါဟာ အလုပ်ခန့်ထားမှု၊ ပညာရေးနဲ့ အခြား လူမှုရေးကဏ္ဍတွေမှာ ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်

In-group Bias

ကိုယ်နဲ့အဖွဲ့တူ၊ စိတ်တူကိုယ်တူရှိတဲ့သူတွေကိုပဲ ပိုပြီးကောင်းတယ်၊မှန်ကန်တယ်လို့ ထင်မြင်ပြီး ကိုယ့်အဖွဲ့ထဲက မဟုတ်တဲ့သူတွေကို လျှော့တွက်တာ ဒါမှမဟုတ် သံသယဝင်တာမျိုးတွေ

ဘက်လိုက်မှုအစွဲတွေဟာ ကျမတို့ရဲ့ဘဝနဲ့ လူမှုအဖွဲ့အစည်းအပေါ် နည်းလမ်းပေါင်းစုံနဲ့ သက်ရောက်မှုရှိပါတယ်။ ဒီလိုဘက်လိုက်မှုတွေကြောင့် အချင်းချင်း နားလည်မှုလွဲမှားတာ၊ ယုံကြည်မှုလျော့နည်းတာ၊ပဋိပက္ခတွေ ဖြစ်ပွားတာ၊ ဆက်ဆံရေးတွေ ပျက်ပြားသွားစေတာမျိုးနဲ့ အချက်အလက်တွေကို မျှမျှတတမသုံးသပ်နိုင်ဘဲ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိနိုင်ပါတယ်။

အဖွဲ့အစည်းတွေမှာ ဘက်လိုက်မှုတွေရှိနေရင်လည်း မတူညီတဲ့အမြင်တွေကို လက်မခံနိုင်ဘဲ တီထွင်ဖန်တီးမှုအသစ်တွေ ထွက်ပေါ်လာဖို့ ခက်ခဲစေပါတယ်။

ဘက်လိုက်မှုအစွဲတွေကို လုံးဝဖယ်ရှားပစ်ဖို့ဆိုတာ မလွယ်ကူပေမယ့် ဒါတွေရဲ့သက်ရောက်မှုတွေကို လျှော့ချဖို့ နည်းလမ်းတွေတော့ ရှိပါတယ်။

ကိုယ့်မှာ ဘက်လိုက်မှုတွေရှိနိုင်တယ်ဆိုတာကို သိရှိနားလည်ဖို့က ပထမဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းပါပဲ။ ကျမတို့အားလုံးဟာ ဘက်လိုက်မှုအချို့ ရှိနေနိုင်တယ်ဆိုတာကို လက်ခံဖို့နဲ့ အသိအမှတ်ပြုဖို့လိုပါတယ်။

ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ သတင်းရင်းမြစ်ပေါင်းစုံက အချက်အလက်တွေကို ရှာဖွေပြီး ဘက်လိုက်မှုကင်းကင်းနဲ့ ဆန်းစစ်သုံးသပ်ကြည့်ဖို့ပါ။

ကိုယ်နဲ့မတူညီတဲ့ နောက်ခံအတွေ့အကြုံရှိသူတွေရဲ့ အမြင်တွေကို စိတ်ရှည်လက်ရှည် နားထောင်ပါ။ ဒါဟာ ကိုယ့်ရဲ့ အတွေးအခေါ်ကို ပိုမိုကျယ်ပြန့်စေပြီး ကိုယ့်မှာရှိနေတဲ့ ဘက်လိုက်မှုတွေကို ပြန်လည်ဆန်းစစ်ဖို့ ကူညီပေးပါလိမ့်မယ်။

သတင်းအချက်အလက်တွေရတဲ့အခါ ချက်ချင်းမယုံကြည်ဘဲ မှန်ကန်မှုရှိမရှိ၊တရားမျှတမှုရှိမရှိ ဝေဖန်ပိုင်းခြားပြီး ဆန်းစစ်ပါ။

ဘက်လိုက်မှုအစွဲတွေဟာ ကျမတို့ရဲ့ သဘာဝ အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ဒါကို နားလည်ပြီး သူတို့ရဲ့ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ ကြိုးစားခြင်းအားဖြင့် ပိုပြီးတရားမျှတတဲ့၊ပွင့်လင်းမြင်သာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာဖြစ်သလို တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်မှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

#ဘက်လိုက်မှုအစွဲ

14/05/2025

Responsibility (တာဝန်ယူမှု) နဲ့ Accountability (တာခံဝန်မှု) ဆိုတဲ့ ဝေါဟာရနှစ်ခုဟာ အလုပ်ခွင်နဲ့ လူမှုဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

တာဝန်ယူမှု (Responsibility) ဆိုတာ လွယ်လွယ်ပြောရရင် လုပ်စရာရှိတဲ့အလုပ်တစ်ခုကို လုပ်ဖို့ တာဝန်ယူခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် -

အိမ်စာလုပ်ဖို့ တာဝန်ယူထားတဲ့ ကျောင်းသားတစ်ယောက်
အစည်းအဝေးအတွက် အစီရင်ခံစာရေးဖို့ တာဝန်ယူထားတဲ့ ဝန်ထမ်းတစ်ယောက်
ညစာချက်ပြုတ်ဖို့ တာဝန်ယူထားတဲ့ မိသားစုဝင်တစ်ယောက်

အဲဒီလူတွေဟာ သတ်မှတ်ထားတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်။ သူတို့ဟာ အဲဒီအလုပ်ကို ဘယ်လိုလုပ်မလဲ၊ ဘယ်အချိန်မှာ လုပ်မလဲဆိုတာကို စီစဉ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်ရဲ့ ရလဒ်အတွက် သူတို့ချည်းပဲ တာဝန်ရှိချင်မှရှိမှာပါ။

တာဝန်ခံမှု (Accountability) ဆိုတာကတော့ ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့ရလဒ်အတွက် တာဝန်ခံခြင်းဖြစ်ပါတယ်။ အဲဒီရလဒ်ဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာကို လက်ခံခြင်းပါပဲ။ ဥပမာအားဖြင့် -

အိမ်စာမလုပ်ခဲ့လို့ စာမေးပွဲကျတဲ့ ကျောင်းသားဟာ သူ့ရဲ့ရလဒ်အတွက် သူတာဝန်ရှိပါတယ်။
အစီရင်ခံစာကို အချိန်မီမပြီးတဲ့ ဝန်ထမ်းဟာ အဲဒီအခြေအနေအတွက် တာဝန်ခံရပါမယ်။
ညစာပျက်သွားလို့ ဘယ်သူမှမစားတဲ့အခါ ညစာချက်တဲ့သူဟာ အဲဒီအတွက် တာဝန်ခံရပါမယ်။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေရဲ့အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။

တာဝန်ယူမှုနဲ့ တာဝန်ခံမှုဟာ ဒင်္ဂါးပြားနှစ်ဖက်လိုပါပဲ။ တာဝန်ယူမှုမရှိရင် တာဝန်ခံမှုဆိုတာ ဖြစ်လာဖို့မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်မလုပ်ခဲ့တဲ့အရာတစ်ခုအတွက် ဘယ်လိုလုပ်ပြီး တာဝန်ခံနိုင်မှာလဲ။ တစ်ဖက်မှာလည်း ကိုယ်လုပ်ခဲ့တဲ့အရာအတွက် တာဝန်ခံမှုမရှိဘူးဆိုရင် တာဝန်ယူမှုဟာ အဓိပ္ပာယ်မဲ့သွားနိုင်ပါတယ်။

ကျမအနေနဲ့ ဒီ "တာဝန်ယူမှု" နဲ့ "တာဝန်ခံမှု" ဆိုတဲ့ အကြောင်းအရာက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာ ဒီအရာနှစ်ခုက အခြေခံအုတ်မြစ်တစ်ခုလို ဖြစ်နေလို့ပါ။ စဉ်းစားကြည့်မိသလောက်ဆိုရင် တချို့လူတွေက တာဝန်ယူရမှာကို သိပ်ကြောက်ကြတယ်။ အလုပ်တစ်ခုကို စလုပ်ဖို့ဆိုတာ အတော်လေး ခဲယဉ်းတဲ့ကိစ္စတစ်ခုလို့ သူတို့ယူဆကြတယ်။ "ငါ့ကြောင့်များ အမှားပါသွားမလား"၊ "ငါ့ကြောင့်များ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ အတွေးတွေက သူတို့ကို ရှေ့မတိုးနိုင်အောင် ဆွဲထားတတ်ကြတယ်။

ဒါပေမဲ့ ကျမမြင်တာက တာဝန်ယူခြင်းဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်တဲ့အရာတစ်ခုပဲ။ ကိုယ်လုပ်နိုင်မယ်လို့ ယုံကြည်မှ ကိုယ်က အဲဒီအလုပ်ကို တာဝန်ယူပြီး လုပ်ဆောင်မှာ။ ပြီးတော့ တာဝန်ယူလိုက်ပြီဆိုရင် အဲဒီအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့လည်း စိတ်အားထက်သန်လာတတ်တယ်။

တာဝန်ခံမှု ဆိုတဲ့အရာကလည်း သိပ်အရေးကြီးပါတယ်။ တခါတလေ ကျမတို့ဟာ အမှားတွေ လုပ်မိတတ်ကြတယ်။အဲဒီလို အမှားတွေ လုပ်မိတဲ့အခါမှာ "ဒါ ငါ့အမှားပဲ" လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲတဲ့ကိစ္စတစ်ခုပါ။ တချို့လူတွေက သူတို့ရဲ့အမှားကို ဖုံးကွယ်ဖို့ ကြိုးစားကြတယ်၊ ဒါမှမဟုတ် တခြားသူ့အပေါ် ပုံချဖို့ ကြိုးစားကြတယ်။

ဒါပေမဲ့ ကျမယုံကြည်တာက ကိုယ်လုပ်ခဲ့တဲ့အရာအတွက် တာဝန်ယူရဲတဲ့သတ္တိရှိမှ တကယ့်လူကောင်းတစ်ယောက် ဖြစ်လာနိုင်မယ်လို့ ထင်တယ်။ ကိုယ့်အမှားကို ဝန်ခံပြီး နောက်နောင် အဲဒီလိုအမှားမျိုး ထပ်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားခြင်းဖြင့် ကိုယ်ဟာ ပိုပြီးတိုးတက်လာနိုင်တယ်။ပြီးတော့ ကိုယ့်ကို ယုံကြည်တဲ့သူတွေရဲ့ ယုံကြည်မှုကိုလည်း ပိုပြီးရရှိနိုင်တယ်။

တာဝန်ယူခြင်းနဲ့ တာဝန်ခံခြင်းဟာ တစ်ဦးချင်းစီအတွက်တင်မကပဲ အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းလို့ မြင်မိပါတယ်။လူတိုင်းဟာ သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူပြီး တာဝန်ခံရဲမယ်ဆိုရင် ကျမတို့ရဲ့ပတ်ဝန်းကျင်ဟာ ပိုပြီးသာယာလှပလာမယ်လို့ ယုံကြည်ပါတယ်။


မိမိကိုယ်ကို ထွေးပွေ့တယ်ဆိုတာက ရိုးရှင်းပေမယ့် အစွမ်းထက်တဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်အားပေးတဲ့ နည်းလမ်းတစ်ခုပါ။ စိတ်ဖိစီး...
15/04/2025

မိမိကိုယ်ကို ထွေးပွေ့တယ်ဆိုတာက ရိုးရှင်းပေမယ့် အစွမ်းထက်တဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်အားပေးတဲ့ နည်းလမ်းတစ်ခုပါ။ စိတ်ဖိစီးမှုများတဲ့ အခိုက်အတန့်တွေမှာပဲဖြစ်ဖြစ်၊တစ်ယောက်တည်း အထီးကျန်သလို ခံစားနေရတဲ့ အချိန်တွေမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အားပေးချင်တဲ့ အခါမျိုးတွေမှာ အလွယ်တကူပြုလုပ်လို့ရနိုင်ပါတယ်။

မိမိကိုယ်ကို ထွေးပွေ့လိုက်တဲ့အခါမှာ ခန္ဓာကိုယ် ထဲက စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ Cortisol တွေလျော့ချ‌ပေးနိုင်ပြီး သာယာတဲ့ခံစားမှုကိုပေးတဲ့ Oxytocin ဟော်မုန်းတွေ ပိုထွက်လာစေလို့ စိတ်ဖိစီးမှုကိုလျော့ချနိုင်ပါတယ်။

မိမိကိုယ်ကို ထွေးပွေ့ခြင်းဟာ ငယ်ငယ်က မိဘ တွေဆီက‌နေ ထွေးပွေ့သလိုမျိုးခံစားရတာ‌ကြောင့် စိတ်လုံခြုံမှုနဲ့ နွေးထွေးမှုကိုလည်း ပေးပါတယ်။

အထီးကျန်သလို ခံစားနေရချိန်တွေ၊၀မ်းနည်းနေချိန်တွေမှာ မိမိကိုယ်ကို ထွေးပွေ့ပြီး ကိုယ့်ကိုယ်ကိုအားပေးနှစ်သိမ့်ခြင်းဖြင့်လည်း ကိုယ်တစ်ယောက် တည်း မဟုတ်ဘူးဆိုတဲ့ခံစားမှုကိုခံစားရစေပါတယ်။

ဘယ်အချိန်တွေမှာ မိမိကိုယ်ကို ထွေးပွေ့သင့်လဲဆိုတာကတော့

စိတ်ဖိစီးနေတဲ့ အချိန်တွေမှာ
စိုးရိမ်ပူပန်နေတဲ့ အချိန်တွေမှာ
ဝမ်းနည်းနေတဲ့ အချိန်တွေမှာ
တစ်ယောက်တည်း အထီးကျန်နေတယ်လို့ ခံစားရတဲ့ အချိန်တွေမှာ
ကိုယ့်ကိုယ်ကို အားပေးချင်တဲ့ အချိန်တွေမှာ
အောင်မြင်မှုတစ်ခု ရရှိပြီးတဲ့နောက် ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုတဲ့အချိန်တွေမှာ
ရိုးရိုးရှင်းရှင်း သက်တောင့်သက်သာလေး ခံစားချင်တဲ့ အချိန်တွေမှာ မိမိကိုယ်ကိုထွေးပွေ့ပေးလို့ရပါတယ်။

မိမိကိုယ်ကို ဘယ်လို ထွေးပွေ့မလဲ❓

မိမိကိုယ်ကို ထွေးပွေ့ တာဟာ အချိန်မရွေး၊နေရာမရွေးပြုလုပ်လို့ရပါတယ်။ဒါကိုလုပ်ဖို့ဆိုရင်

ပထမဆုံး ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်မယ့်အနေအထား‌ နေလိုက်ပါ။

လက်တစ်ဖက်ကို အခြားတစ်ဖက်၏ လက်မောင်းပေါ်တွင် တင်ပါ။ (ဥပမာ - ညာဘက်လက်ကို ဘယ်ဘက်လက်မောင်းပေါ်တွင် တင်ပြီး ဘယ်ဘက်လက်ကို ညာဘက်လက်မောင်းပေါ်တွင် တင်ပါ)

လက်နှစ်ဖက်ဖြင့် မိမိရဲ့ရင်ဘတ်ကို ညင်သာစွာ ဖိထားပါ။

မျက်လုံးမှိတ်ထားပြီး အသက်ကို ပုံမှန်အတိုင်းဖြေးဖြေးနဲ့မှန်မှန် ရှူသွင်းရှူထုတ်လုပ်‌နေပါ။

အသက်ရှုသွင်းရှုထုတ်လုပ်နေရင်းနဲ့ ကိုယ့်ကိုယ်ကို ချစ်ခင်တဲ့စိတ်၊နွေးထွေးတဲ့စိတ်နဲ့ လုံခြုံတဲ့စိတ်ကို ခံစားကြည့်ပါ။ ဒီအချိန်တွင်းမှာ ကိုယ့်အတွက် အပြုသဘောဆောင်တဲ့ စကားတွေ၊အားပေးစကားတွေ၊ချစ်တယ်ဆိုတာတွေ ပြောပေးနေလို့ရပါတယ်။

ကိုယ်လိုအပ်သလောက် ဒီအနေအထားမှာ ခဏတာခံစားကြည့်နေပါ။ကိုယ့်အတွက်လုံလောက်ပြီဆိုရင်တော့ ရပ်လို့ရပါပြီ။

မိမိကိုယ်ကို ထွေးပွေ့ခြင်းဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့ လုပ်ရပ်လေးတစ်ခုပါ။ဒါကို ပုံမှန်လေး လုပ်ပေးခြင်းဖြင့် မိမိရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ကျန်းမာရေးကို အများကြီးအထောက်အကူပြုနိုင်ပါတယ်။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို ထွေးပွေ့တဲ့ အလေ့အကျင့်လေး လုပ်ကြည့်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို သတိထားမိပါလိမ့်မယ်။

အခုချိန်မှာ ကျမတို့ဟာ မရေမတွက်နိုင်တဲ့ စိန်ခေါ်မှုတွေ၊အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်။ န...
13/04/2025

အခုချိန်မှာ ကျမတို့ဟာ မရေမတွက်နိုင်တဲ့ စိန်ခေါ်မှုတွေ၊အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်။ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ သတင်းဆိုးတွေ၊ မြင်တွေ့နေရတဲ့ ဒုက္ခတွေကြောင့် စိတ်ဓာတ်ကျဆင်းတာ၊ အားငယ်တာ၊ကူကယ်ရာမဲ့ခံစားချက်တွေလည်း ဖြစ်နေကြမှာ အသေအချာပါပဲ။ တစ်ခါတလေအရာအားလုံးဟာ မှောင်မိုက်ပြီး အဆုံးမရှိတော့ဘူးလို့တောင် ခံစားရနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ခွန်အားဖြစ်စေမယ့် စကားပြောဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ကိုယ်တိုင်လည်း ဒီဒဏ်တွေကို ကိုယ်စီခံစားနေရလို့ပါပဲ။

ဒါပေမဲ့လည်း ဒီအတိုင်းနေလို့ကလည်း မဖြစ်ပြန်ပါဘူး။ ဘယ်လောက်ပဲ ခက်ခဲပါစေ ကျမတို့ဟာ လူသားတွေဖြစ်တဲ့အတွက် ရှင်သန်ဖို့၊ ရှေ့ဆက်ဖို့အတွက် ရုန်းကန်နေရဦးမှာပါပဲ။ ဒီလိုအချိန်မျိုးမှာ အတင်းအကျပ်ကြီး စိတ်ခွန်အားဖြစ်စေဖို့ မလိုပါဘူး။ တကယ်လိုအပ်တာကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးခြင်း၊ဖေးမပေးခြင်းနဲ့အားပေးခြင်းပါပဲ။

ကျမတို့ သွားနေတဲ့လမ်းဟာ ဝေးကွာကောင်းဝေးကွာနိုင်ပါတယ်။ အခက်အခဲတွေကလည်း ဆက်လက်ပြီး စောင့်ကြိုနေနိုင်ပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျမတို့ရဲ့ ဘေးမှာကိုယ်ချင်းစာနာတတ်တဲ့၊ ကူညီလိုတဲ့ လူတွေအများကြီးရှိပါတယ်။ အချင်းချင်း အားနည်းချက်တွေကို ဖုံးကွယ်ပြီး အားသာချက်တွေကို မြှင့်တင်ပေးပြီး ဒီခက်ခဲတဲ့ကာလကို ကျော်ဖြတ်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်။

ဒီလိုအချိန်မှာ ကျမတို့ လုပ်နိုင်တဲ့အရာလေးတွေ အများကြီးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အားပေးစကားလေးတွေ ပြောကြားနိုင်ပါတယ်။ လိုအပ်နေတဲ့သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့နိုင်ပါတယ်။ ကိုယ့်ရဲ့အနုပညာ၊ စာပေ၊ ဂီတ စတဲ့ ဝါသနာတွေနဲ့လည်း အခြားသူတွေကို အနည်းငယ်ဖြစ်စေ ပျော်ရွှင်စေနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျမတို့ရဲ့ မျှော်လင့်ချက်‌ တွေကို မငြိမ်းသတ်မိစေဖို့ပါပဲ။

မိုးမလင်းခင် အမှောင်ဆုံးဆိုတဲ့အတိုင်းပါပဲ။ အခု ကျမတို့ ဖြတ်သန်းနေရတဲ့ အချိန်တွေဟာ အင်မတန်မှောင်မိုက်နေနိုင်ပေမဲ့ မကြာခင်မှာ အရုဏ်ဦးရဲ့ အလင်းရောင်ဟာ ထွန်းလင်းလာမှာ သေချာပါတယ်။ အဲဒီအချိန်ကို ရောက်ဖို့အတွက် ကျမတို့အားလုံးဟာ စိတ်ရှည်သည်းခံပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွဲညီညီနဲ့ ရှေ့ဆက်သွားကြရပါမယ်။

ဒီခက်ခဲတဲ့ နေ့ရက်တွေဟာ ကျမတို့ရဲ့ စိတ်ဓာတ်ကို ပိုမိုခိုင်မာစေဖို့၊ ကျမတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေဖို့အတွက် စမ်းသပ်နေတဲ့ အချိန်ကာလတစ်ခု ဖြစ်တယ်ဆိုတာကို အမြဲတမ်း သတိရနေကြဖို့ပါ။

မဝေးတော့တဲ့ အနာဂတ်မှာ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံအဖြစ် ကျမတို့ အတူတူတည်ဆောက်နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ အဲဒီနေ့ကို ရောက်တဲ့အထိ ကျမတို့ဟာ စိတ်ဓာတ်မကျဘဲ၊ မျှော်လင့်ချက်ကို လက်မလွှတ်ဘဲ ဆက်လက်လျှောက်လှမ်းသွားကြရပါမယ်။ ကိုယ်တစ်ယောက် တည်း မဟုတ်ပါဘူး။ ကျမတို့အားလုံး အတူတူရှိနေပါတယ်။

ချစ်ခြင်းများစွာဖြင့်
Winny
13.04.25

09/04/2025

ဒီရက်ပိုင်းတွေမှာ ကျမတို့အားလုံး စိတ်ပင်ပန်းမှုတွေ၊ ဝမ်းနည်းမှုတွေ၊ အပြစ်တင်စိတ်တွေ၊ ဒေါသတွေနဲ့ စိုးရိမ်ပူပန်မှုတွေလိုမျိုး စိတ်ခံစားမှုတွေ ၊တစ်ခါတလေ ဘာမှန်းတောင်ပြောပြလို့မရတဲ့ ရှုပ်ထွေးတဲ့စိတ်ခံစားမှုတွေကို ခံစားနေရမယ်ဆိုတာ သေချာပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်အတွက်လည်း ကိုယ်ပြန်ဂရုစိုက်ဖို့၊ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားပေးဖို့ အင်မတန်အရေးကြီးပါတယ်။

ဒီနေရာမှာ ကျမရဲ့ဆရာမပြောပြတဲ့ရိုးရှင်း ပြီး ထိရောက်တဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေချင်ပါတယ်။ အဲဒါကတော့ L (၃)လုံး နဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်ကြည့်ဖို့ပါ။

👀 Look (ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ)

ခဏလောက် အချိန်ယူပြီး ကိုယ့်ရဲ့အတွင်းစိတ်ကိုကြည့်ကြည့်ပါ။

ဘာတွေကို ကြည့်ရမလဲ❓

ခံစားမှုများ (Emotion)

ကိုယ်ခံစားနေရတဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ဒေါသဖြစ်မှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှု စတဲ့ ခံစားချက်တွေကို သတိပြုပါ။ ဒီခံစားချက်တွေက ဘာကြောင့် ဖြစ်ပေါ်လာတာလဲဆိုတာကို စဉ်းစားကြည့်ပါ။ အခု "ငါ ဝမ်းနည်းနေတယ်"၊ "ငါ စိတ်ပူနေတယ်" စတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို သတိပြုကြည့်ပါ။ ဒီခံစားမှုတွေကို လက်ခံပါ။

အတွေးများ (Thoughts)

ခေါင်းထဲမှာ ဖြတ်သွားတဲ့ အတွေးတွေကို စောင့်ကြည့်ပါ။ဘယ်လိုအကြောင်းအရာတွေအကြောင်း တွေးနေလဲ? ဒီအတွေးတွေက ကိုယ့်ကို ဘယ်လိုခံစားရစေလဲ? ဒီအတွေးတွေက အပြုသဘောဆောင်တဲ့ အတွေးတွေလား? အနှုတ်သဘောဆောင်တဲ့ အတွေးတွေလား?

ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများ (Physical Sensations)

ခန္ဓာကိုယ်မှာ တင်းကျပ်နေတာမျိုး၊ နာကျင်နေတာမျိုး၊ ပူတာ၊ အေးတာ၊ တုန်ယင်တာ စတဲ့ ခံစားမှုတွေကို သတိပြုပါ။ အခြားမသက်မသာ ခံစားနေရတာမျိုး ရှိမရှိကို သတိထားကြည့်ပါ။ ဒီခံစားချက်တွေက စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေလား၊ ဒါမှမဟုတ် တခြားအကြောင်းအရင်းတွေ ရှိနေလား?

အပြုအမူများ (Behaviors)

ကိုယ့်ရဲ့ အပြုအမူတွေက ဘယ်လိုတုံ့ပြန်နေလဲဆိုတာကို သတိပြုပါ။ စိတ်တိုရင် အော်ဟစ်တာမျိုး၊ ဝမ်းနည်းရင် တိတ်ဆိတ်သွားတာမျိုး စတဲ့ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ဖြစ်နေပြီလားဆိုတာကို သတိထားကြည့်ပါ။

ဘယ်လို လုပ်ရမလဲ❓

တစ်နေ့ကို မိနစ်အနည်းငယ်လောက် တိတ်ဆိတ်တဲ့ နေရာမှာထိုင်ပြီး ကိုယ့်ကိုယ်ကို စူးစမ်းကြည့်ပါ။

ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို စာရွက်ပေါ်မှာ ရေးချခြင်းဖြင့်လည်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

"အခု ငါ ဘာခံစားနေရလဲ?"၊ "ဘာကြောင့် ဒီလိုခံစားနေရတာလဲ?"၊ "ငါ့ရဲ့ အတွေးတွေက ဘာတွေလဲ?" စတဲ့ မေးခွန်းတွေ မေးပြီး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လို့ရပါတယ်။

👂 Listen (အတွင်းစိတ်ရဲ့ အသံကို နားထောင်ပါ)

"Listen" ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်က ပြောနေတဲ့ လိုအပ်နေတဲ့အရာတွေကို နားထောင်တာပါ။

ဘာတွေကို နားထောင်ရမလဲ❓

တစ်ခါတလေမှာ ကိုယ့်ရဲ့ အတွင်းစိတ်က "ဒါ မှန်တယ်" "ဒါ မဟုတ်ဘူး" လို့ တိုးတိုးလေး ပြောနေတတ်ပါတယ်။ အဲဒီအသံကို အာရုံစိုက်ပါ။

ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကအနားယူဖို့ လိုအပ်နေလား? အားပေးမှု လိုအပ်နေလား? တစ်ယောက်တည်း အချိန်ဖြုန်းဖို့ လိုအပ်နေလား? ဒါလေးတွေပြောနေတတ်ပါတယ်။ဒါကို ကိုယ်ကဂရုတစိုက်နားထောင်ကြည့်ဖို့လိုအပ်ပါတယ်။

ခံစားချက်တွေဟာ အကြောင်းမဲ့ ဖြစ်ပေါ် လာတာ မဟုတ်ပါဘူး။ ဥပမာ - စိုးရိမ်နေတယ်ဆိုရင် တစ်ခုခုကို ဂရုစိုက်ဖို့ လိုအပ်နေတယ်ဆိုတဲ့ သတင်းစကား ဖြစ်နိုင်ပါတယ်။ ဝမ်းနည်းနေတယ်ဆိုရင် ဆုံးရှုံးမှုတစ်ခုကို လက်ခံဖို့ လိုအပ်နေတယ်ဆိုတဲ့ သတင်း စကား ဖြစ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကို အားပေးတဲ့ စကားတွေ ပြောနေသလား၊ ဒါမှမဟုတ် ဝေဖန်တိုက်ခိုက်နေတဲ့ စကားတွေ ပြောနေသလားဆိုတာကို သတိပြုနား‌ေထာင်ကြည့်ပါ။

ဘယ်လို လုပ်ရမလဲ❓

တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်စေပြီး အတွင်းစိတ်ရဲ့ အသံကိုပိုပြီး ရှင်းရှင်း လင်းလင်း ကြားနိုင်ပါတယ်။

"ငါ အခု ဘာလိုအပ်နေလဲ?"၊ "ငါ့ရဲ့ အတွင်းစိတ်က ဘာကို တောင့်တနေလဲ?" စတဲ့ မေးခွန်းတွေ မေးပြီးအဖြေကို နားထောင်ပါ။

💖 Link (စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည် ချိတ်ဆက်ပြီး တုံ့ပြန်ပါ)

"Link" ဆိုတာ "Look" နဲ့ "Listen" လုပ်ပြီးသိရှိခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကိုယ့်ရဲ့ လိုအပ်ချက်တွေကို တုံ့ပြန်တဲ့ အပိုင်းပါ။

ဘာတွေ လုပ်ရမလဲ❓

ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ပြီး ကိုယ့်ကိုယ်ကို ကြင်နာစွာ ဆက်ဆံပါ။ ကိုယ့်ကိုယ်ကို အပြစ်တင်မယ့်အစား အားပေးပါ။

ပင်ပန်းနေရင် - အနားယူပါ၊ အိပ်စက်ပါ။

စိတ်ဖိစီးနေရင် - လေ့ကျင့်ခန်းလုပ်ပါ၊ တရားထိုင်ပါ၊သီချင်းနားထောင်ပါ၊ သဘာဝထဲမှာ အချိန်ကုန်ဆုံးပါ။

ဝမ်းနည်းနေရင် - ငိုပါ၊ ယုံကြည်ရတဲ့သူနဲ့ စကား ပြောပါ၊ ကိုယ့်ကို နှစ်သိမ့်မှုပေးနိုင်တဲ့ အရာတစ်ခုခု လုပ်ပါ။

ကြောက်ရွံ့နေတယ်ဆိုရင် - ကိုယ့်ကိုယ်ကို ညင်သာစွာ ထွေးပွေ့ပေးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို အားပေးတဲ့၊ လုံခြုံမှုပေးတဲ့ လုပ်ရပ်တစ်ခုပါ။

ပျော်ရွှင်နေရင် - အဲဒီပျော်ရွှင်မှုကို ခံစားပြီး တန်ဖိုးထားပါ။

နယ်နိမိတ်များ သတ်မှတ်ပါ (Set Boundaries) - ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေကနေ ကာကွယ်ပါ။ "No" လို့ ပြောဖို့ လိုအပ်ရင် ပြောပါ။

ကိုယ့်ကိုကိုယ် ချစ်ခင်ပါ (Self-Love) - ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့တကွ ကိုယ့်ကိုယ်ကို လက်ခံပြီး ချစ်ခင်ပါ။

Self-Care Activities လုပ်ပါ - ကိုယ့်ကို ပျော်ရွှင်စေတဲ့၊ စိတ်သက်သာရာရစေတဲ့ အရာတွေကို ပုံမှန်လုပ်ပါ။ (ဥပမာ - စာဖတ်ခြင်း၊ ဝါသနာပါရာတစ်ခုခု လုပ်ခြင်း)

Look, Listen, Link ကိုလုပ်မယ်ဆိုရင်

ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးတွေနဲ့ လိုအပ်ချက်တွေကို ပိုပြီး သိရှိလာတဲ့အတွက်ကိုယ့်ကိုယ်ကို ပိုနားလည်လာမယ်။

ကိုယ့်ကိုယ်ကို နားလည်တဲ့အခါ တခြားသူတွေကိုလည်း ပိုပြီးနားလည်နိုင်လာတဲ့အတွက် ဆက်ဆံရေးတွေတိုးတက်ကောင်းမွန်လာမယ်။

ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဦးစားပေးပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လာမယ်။

စိတ်ဖိစီးမှုတွေလျော့ကျလာတဲ့အတွက် စိတ်ကျန်းမာသုခရရှိလာမယ်။

ဒီ L (၃)လုံး နည်းလမ်းလေးကို အသုံးပြုပြီး အခုကာလခက်ခဲတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တာဟာ ကိုယ့်ကိုယ်ကို ပြန်လည်အားဖြည့်တင်းခြင်း ဖြစ်တယ်ဆိုတာကို အမြဲသတိရ‌ပေးပါ။


05/04/2025
လက်ရှိကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရယ်အပေါ်မှာ တစ်ဦးချင်းဆီတိုင်းရဲ့ဆုံးရှုံးမှု့တွေအ‌ပေါ်မှာ   ကျမအ‌‌နေနဲ့ အတော်လေးစိတ်မက...
30/03/2025

လက်ရှိကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရယ်အပေါ်မှာ တစ်ဦးချင်းဆီတိုင်းရဲ့ဆုံးရှုံးမှု့တွေအ‌ပေါ်မှာ ကျမအ‌‌နေနဲ့ အတော်လေးစိတ်မကောင်းဝမ်းနည်းရပါတယ်။

အခုလို ငလျင်ကြီး ဖြစ်သွားပြီးမိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေ၊ အဝေးမှာ ရှိနေခဲ့ရလို့ အနီးကပ်မကူညီနိုင်ခဲ့တဲ့မိသားစု၀င်တွေရဲ့ နာကျင်မှုတွေ၊ဒီအဖြစ်ဆိုးကြီးကို သတင်းကနေတဆင့် မြင်နေရသူတွေရဲ့ စိတ်ထဲကဝမ်းနည်းမှုတွေ၊ခံစားချက်တွေဟာ အခုချိန်မှာ တကယ့်ကိုပြင်းထန်နေမှာပါ။

ဒီလို ဝမ်းနည်းမှု၊နာကျင်မှုတွေကိုတစ်ယောက် တည်း ထမ်းထားရတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။ ကိုယ့်မှာခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ပြောပြချင်တယ်ဆိုရင် ကျမဆီ ရင်ဖွင့်လို့ရပါတယ်။ ဘာကိုမှ ဝန်လေးမ‌နေပါနဲ့နော်။ ပြောချင်တာ အကုန်လွတ်လွတ်လပ်လပ် ပြောပြလို့ရပါတယ်။

တချို့ဆို မိသားစုတွေ ဘယ်လိုနေမလဲ၊ ဘာတွေ ဖြစ်ကုန်ပြီလဲဆိုတဲ့ စိတ်ပူမှုတွေ၊ ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါမှမဟုတ် ဒီအဖြစ်ဆိုးကြီးကို ကြားရုံ၊မြင်ရုံနဲ့တင် ဘယ်လိုမှ မထိန်းနိုင်အောင် ဝမ်းနည်းနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်နေပါစေ အဲဒါတွေကို ဒီမှာပြောပြပြီး ရင်ထဲကခံစားနေရတာတွေကို နည်းနည်းလောက် ပေါ့ပါးသွားအောင် လုပ်လို့ရပါတယ်။

ကျမ ဒီမှာအမြဲရှိနေပြီး ဘယ်လောက်ပဲ နာကျင်နေရပါစေ၊ ဘယ်လိုစကားမျိုးပဲ ဖြစ်ဖြစ်နားထောင်ပေးဖို့ အသင့်ရှိနေပါတယ်နော်။

တစ်ခါတလေ စကားလုံးတွေနဲ့ ပြောဖို့ ခက်နေပေမယ့် ရင်ထဲက ခံစားချက်တွေကို ဖုံးဖိမထားဘဲ အလျဉ်းသင့်သလို ထုတ်ပြောလိုက်ရုံနဲ့လည်း စိတ်ထဲမှာ နည်းနည်း သက်သာသွားနိုင်ပါတယ်။ ဒီအချိန်မှာ တစ်ယောက်တည်း ခံစား‌မနေပါနဲ့နော်။အမြဲတမ်း နားထောင်ပေးဖို့ရှိနေပါတယ်ဆိုတာကိုသတိရပေးပါရှင်။

Page messenger မှာပဲဖြစ်ဖြစ် Page မှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုပဲဖြစ်ဖြစ် ဒီကာလအတွင်းမှာ အခမဲ့ရင်ဖွင့်ပြောဆိုလို့ရပါတယ်ရှင်


တစ်နေ့က မိတ်ဆွေတစ်ယောက်နဲ့စကားပြောရင်းနဲ့ Limiting beliefs ဆိုတဲ့အကြောင်းအရာကို ရောက်သွားတယ်။ကျမတို့ရဲ့ဘ၀မှာ ဒီကန့်သတ်ထာ...
24/03/2025

တစ်နေ့က မိတ်ဆွေတစ်ယောက်နဲ့စကားပြောရင်းနဲ့ Limiting beliefs ဆိုတဲ့အကြောင်းအရာကို ရောက်သွားတယ်။ကျမတို့ရဲ့ဘ၀မှာ ဒီကန့်သတ်ထားတဲ့ပိတ်မိ‌နေတဲ့ ယုံကြည်မှု‌တွေက ဘယ်လောက်အထိအကျိုးသက်‌ ရောက်မှုတွေရှိလဲဆိုတာကို ပြောဖြစ်ခဲ့ကြတယ်။ဆိုတော့ ဒီအကြောင်းအရာလေးကို မျှဝေပေးပါရစေ။

Limiting Beliefs ဆိုတာ ဘာလဲ?

Limiting Beliefs ဆိုတာက ကိုယ့်စိတ်ထဲမှာ “ငါမလုပ်နိုင်ဘူး” “ငါနဲ့မထိုက်တန်ဘူး” စသဖြင့် ကိုယ့်ကိုယ်ကို ကန့်သတ်ထားတဲ့ အတွေးတွေ ဒါမှမဟုတ် ယူဆချက်တွေပါ။ ဒီယုံကြည်ချက်တွေက ကိုယ့်ရဲ့ အိပ်မက်တွေ နဲ့ ကိုယ်လုပ်ချင်တဲ့ အရာတွေကို အကန့်အသတ်ထဲ ထည့်ပိတ်ထားတတ်ပါတယ်။

“ငါက ဒီလိုမျိုး ဘယ်တော့မှ မလုပ်နိုင်ဘူး”၊ “ငါက ဒီလောက်ပဲ ထိုက်တန်တယ်”၊ “လူတွေက ငါ့ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး” စတဲ့ အတွေးမျိုးတွေက Limiting Beliefs တွေပါပဲ။

ဥပမာ - “ကိုယ်က ပန်းချီဆွဲတာမှာ ဘယ်တော့မှတော်လာမှာ မဟုတ်ဘူး” လို့ ယုံကြည်ထားရင် ပန်းချီဆွဲဖို့ကို ကြိုးစားတာကိုတောင် ရပ်သွားနိုင်ပါတယ်။

Limiting Beliefs ဘယ်ကလာတာလဲ?

ဒီလိုယုံကြည်ချက်တွေဟာ တကယ့်အမှန်တရားမဟုတ်ပါဘူး။ ဘယ်ကစလာတာလဲဆိုရင်တော့

🚫 အတိတ်အတွေ့အကြုံ

ကလေးဘဝမှာ တစ်ခုခုမအောင်မြင်ခဲ့တာကြောင့် “ငါက ဘာမှမလုပ်နိုင်ဘူး” လို့ ယူဆသွားတာမျိုး

🚫 လူမှုပတ်ဝန်းကျင်

မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းက “ဒါက မဖြစ်နိုင်ဘူး” လို့ ပြောတာကို ကြားပြီး ယုံကြည်သွားတာမျိုး

🚫 ကိုယ့်ဘာသာ သတ်မှတ်လိုက်တာ

ကိုယ်ကိုယ်တိုင်က “ငါက ဒီလိုလူမျိုးပဲ” လို့ တံဆိပ်ကပ်လိုက်မိတာမျိုးတွေကနေ ပေါက်ဖွားလာတာများပါတယ်။

ဒီလိုအတွေးတွေက ဘဝမှာ ဘာတွေဖြစ်စေလဲဆိုတော့

💥 အခွင့်အလမ်းတွေ လက်လွတ်ရတယ်။ ကိုယ်လုပ်နိုင်တယ်လို့ မယုံတာကြောင့် ကြိုးစားဖို့တောင် မစဉ်းစားတော့ဘူးဖြစ်သွားတယ်။

💥 ယုံကြည်မှု နည်းပါးလာတယ်။ ကိုယ့်ကိုယ်ကို အထင်သေးပြီး ဘာမှမလုပ်ရဲတော့ဘူး။

💥 စိတ်ဖိစီးမှုတွေ များလာတယ်။ ဘာလုပ်လုပ် မအောင်မြင်မှာကို ကြောက်နေရတာကြောင့် စိတ်ပင်ပန်းလာတယ်။

Limiting Beliefs ကို ဘယ်လိုကျော်လွှားကြမလဲ?

ဒီလိုယုံကြည်ချက်တွေကို ဖယ်ရှားဖို့က ခက်ခဲနိုင်ပေမယ့် ကြိုးစားကြည့်ရင်ဖြစ်နိုင်ပါတယ်။

📍 ကိုယ့်အတွေးတွေကို သတိထားကြည့်ပါ

ပထမဆုံး ကိုယ်ဘယ်လိုအတွေးမျိုးကို ယုံကြည်ထားလဲဆိုတာ သိဖို့လိုပါတယ်။ ဥပမာ “ငါက လူရှေ့မှာ စကားပြောလို့ မရဘူး” လို့ တွေးမိတဲ့အခါ အဲဒီအတွေးကို မှတ်ထားပါ။

📍 အဲဒီယုံကြည်ချက်ကို မေးခွန်းထုတ်ကြည့်ပါ

ဒါက တကယ်မှန်ရဲ့လား? လို့ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ အများအားဖြင့် ဒီလိုအတွေးတွေက အချက်အလက်ထက် ခံစားချက်ကနေ လာတာများပါတယ်။

📍 အပြုသဘောဆောင်တဲ့ အတွေးနဲ့ အစားထိုးကြည့်ပါ

“ငါက လူတွေရှေ့စကားပြောလို့ မရဘူး” အစား “ငါက လေ့ကျင့်ရင် ပိုကောင်းလာနိုင်တယ်” လို့ ပြောင်းတွေးကြည့်ပါ။ ဒါက တဖြည်းဖြည်း ယုံကြည်မှုကို ပြန်တည်ဆောက်ပေးပါတယ်။

📍 သေးသေးလေးကနေ စမ်းကြည့်ပါ

ကိုယ်ကြောက်တဲ့အရာကို အတင်းဖိအားပေးမလုပ်ပါနဲ့။ ဥပမာ - လူရှေ့မှာ စကားပြောရမှာ ကြောက်တယ်ဆိုရင် ပထမဆုံး သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောကြည့်တာကနေ စပါ။ ဒီသေးသေးလေးတွေကနေ အောင်မြင်မှုတွေ စုမိလာရင် ကိုယ့်ကိုယ်ကိုယုံကြည်လာပါလိမ့်မယ်။

Limiting Beliefs ဆိုတာ ကိုယ့်စိတ်ထဲက အကျဉ်းထောင်တစ်ခုလိုပါပဲ။အဲဒီအကျဉ်းထောင်ကို ဖွင့်ဖို့ သော့ကလည်း ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်တယ်၊ ဘယ်လောက်ထိ ဖြစ်နိုင်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်းကပဲ ဆုံးဖြတ်ပေးနိုင်တာပါ။ ဒါကြောင့် ဒီအတွေးတွေကို စိန်ခေါ်ပြီး ကိုယ့်ဘဝကို ပိုကောင်းတဲ့ ဦးတည်ရာဆီ ဦးတည်သွားအောင် ကြိုးစားကြည့်ပါ။

FYI
21/03/2025

FYI

🌟 “Candle Cake လေးလုပ်ရင်း စိတ်အေးချမ်းမှုကို ဖန်တီးမယ့် Workshop” 🌟

စိတ်ဖိစီးမှုတွေများနေပြီလား? အလုပ်တွေများလို့ ကိုယ့်စိတ်ကိုအနားပေးပြီး ပြန်လည်အားဖြည့်ဖို့ အချိန်မရှိဖြစ်နေလား?
ဒါဆိုရင် ဒီ Workshop လေးကို Join ကြည့်ဖို့ တိုက်တွန်းပါရစေ။

ဒီ Workshop လေးကတော့ ဖယောင်းနဲ့ Cake လေးတွေဖန်တီးပြုလုပ်ကြမှာဖြစ်ပါတယ်။ဖယောင်းနဲ့ Cake လေးတွေပြုလုပ်ပုံကိုတော့ Kandlestix မှ Khin ကနေပြီးပြသပေးသွားမှာ ဖြစ်ပါတယ်။ ‌ဖယောင်းနဲ့ Cake လေးတွေမပြုလုပ်ခင်မှာတော့ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့စိတ်ဖိစီးတွေနဲ့ ဒါတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးသွားမယ့်သူကတော့ Thrive Together မှ Ma Winny (Mental Health Counsellor) ပဲဖြစ်ပါတယ်။

ဘယ်သူတွေ Join လို့ရမလဲ?

အသက်အရွယ်၊ အတွေ့အကြုံခွဲခြားမထားပါဘူး။စိတ်ဝင်စားဖို့ပဲလိုပါတယ်။ပစ္စည်းတွေအားလုံးကို ပြင်ဆင်ပေးထားမှာပါ။

ဘာတွေလုပ်မှာလဲ?

🍀 ကိုယ်တိုင် ဖယောင်းကိတ်လေးကို လက်နဲ့ဖန်တီးခွင့်ရမယ်။

🍀 စိတ်ကြိုက်အနံ့လေးတွေ (Lavender, Vanilla, Eucalyptus စသဖြင့်) ထည့်ပြီး ကိုယ့်ရဲ့တစ်မူထူးတဲ့ ဖယောင်းတိုင်ကို ဖန်တီးနိုင်မယ်။

🍀 ဖယောင်းတိုင်ရဲ့အနံ့လေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို ချိတ်ဆက်ပြီး စိတ်ဖိစီးမှု (Stress) လျှော့ချတာ၊ စိတ်အေးချမ်းမှု (Relaxation) ရရှိတာအကြောင်းကို ဆွေးနွေးမယ်။

🍀 ဖယောင်းတိုင်ရဲ့အနံ့တွေက Stress ကို ဘယ်လိုလျှော့ချပေးလဲ၊ Relaxation ကို ဘယ်လိုမြှင့်တင်ပေးလဲဆိုတာကို လက်တွေ့ချိတ်ဆက်ပြီး ပြောပြပေးမယ်။

ဒီWorkshop‌ လေးကိုဘာကြောင့် လာသင့်တာလဲ?

✨ ဖယောင်းတိုင်လုပ်ရင်း စိတ်အပန်းပြေမယ့် ပျော်စရာအချိန်လေးကို ရမယ်။

✨ စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ၊ နေ့စဉ်ဘဝမှာ Relaxation ဘယ်လိုရှာမလဲဆိုတာ လက်တွေ့သိသွားမယ်။

✨ နေ့စဉ်ဘဝမှာ စိတ်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ အကြံဉာဏ်လေးတွေလည်း ရလာမယ်။

✨ ကိုယ်လုပ်ထားတဲ့ ဖယောင်းတိုင်လေးကို အိမ်ပြန်ယူသွားပြီး စိတ်အေးချမ်းမှုကို ဆက်လက်ခံစားနိုင်မယ်။

ဘယ်လိုစာရင်းသွင်းမလဲ?

စိတ်ဝင်စားလို့ ပါဝင်ချင်တယ်ဆိုရင်တော့ လူဦးရေလည်း ကန့်သတ်ထားတာဖြစ်လို့ Thrive Together Messenger မှာ အမည်၊ ဖုန်းနံပါတ်ပေးပြီး စာရင်းပေးသွင်းနိုင်ပါပြီရှင်။

📅 ရက်စွဲ: 5.4.2025 (Saturday)

⏰ အချိန်: 10:00 am - 12:00 pm

📍 နေရာ: တိုက် 266 ၊ အခန်း (12) ၊ ရန်အောင် (5)လမ်း၊ ရန်ကင်းမြို့နယ်
Golden City နဲ့မျက်နှာချင်းဆိုင်လမ်း၊

💰 Fees : 10000 MMK
(Registration fees 5000 ကျပ်ကို ကြိုတင်ပေးသွင်း ပေးရမှာဖြစ်ပြီး ကျန်ငွေ 5000 ကျပ်ကို Workshop သို့လာရောက်တဲ့အခါပေးချေရမှာဖြစ်ပါတယ်)

စိတ်အပန်းပြေမှုရမယ့် ဒီအခွင့်အရေးကို လက်လွတ်မခံပဲ ဖယောင်းတိုင်လေးတွေပြုလုပ်ရင်းနဲ့ အတူစိတ်အေးချမ်းမှုကိုဖန်တီးကြရအောင်။ အားလုံးနှင့် ဆုံတွေ့ဖို့အတွက် လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

Address

Kamayut

Telephone

+959755989131

Website

Alerts

Be the first to know and let us send you an email when Winny Aung: Life Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Winny Aung: Life Coach:

Share

Category