01/09/2026
❝ ပထမ ထင်မြင်ချက်က အရေးကြီးတယ်။ ❞
စာအုပ်ဆိုင်ထဲဝင်သွားတဲ့အခါ လူတစ်ယောက် အတွင်းမှာရှိတဲ့စာကို အရင်မကြည့်ဘူး။ အဖုံးကို အရင်ကြည့်တယ်။ အဖုံးလှရင်၊ စိတ်ဝင်စားစရာ ဖြစ်ရင် စာအုပ်ကို လက်ထဲယူတယ်။ မဟုတ်ရင် အနားကနေ တစ်ချက်ကြည့်ပြီး ဆက်သွားတယ်။ စီးပွားရေး လောကမှာလည်း ဒီလိုပဲ။ ဝယ်သူ တစ်ယောက် ဆိုင်ထဲ ဝင်လာတဲ့အချိန်၊ Website တစ်ခု ဖွင့်တဲ့အချိန်၊ သို့မဟုတ် အရောင်းသမား တစ်ယောက်နဲ့ ပထမဆုံးတွေ့တဲ့အချိန်က မိနစ်ပိုင်းတောင်မရှိဘူး။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ စိတ်ထဲမှာ အမြင်တစ်ခု ဖြစ်ပေါ်လာတတ်တယ်။
ဆိုင်တစ်ဆိုင်မှာ ပိုင်ရှင်က အရေးကြီးတဲ့အရာတစ်ခု သတိထားမိတယ်။ ဝယ်သူ ဝင်လာတဲ့အချိန် ဝန်ထမ်းတွေက မကြည့်ဘူး။ မနှုတ်ဆက်ဘူး။ ဝယ်သူက မကြာခင်ပြန်ထွက်သွားတတ်တယ်။ အဲ့ဒါကြောင့် စည်ကမ်းတစ်ခု ပြောင်းလိုက်တယ်။ ဝယ်သူ ဝင်လာတဲ့ 5 စက္ကန့်အတွင်း “မင်္ဂလာပါ” လို့ နှုတ်ဆက်ရမယ်ဆိုပြီး။ တစ်လအတွင်း အရောင်း တက်လာတယ်။ ပစ္စည်းမပြောင်းဘူး။ နှုတ်ဆက်ပုံပဲ ပြောင်းသွားတယ်။
Dale Carnegie (1936) က How to Win Friends and Influence People ထဲမှာ လူတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန် ပြုမူပုံ၊ အပြုံး၊ နှုတ်ဆက်ပုံတွေက ယုံကြည်မှုတည်ဆောက်ဖို့ အလွန်အရေးကြီးတယ်လို့ ရှင်းထားတယ်။ လူတွေက ပထမဆုံးတွေ့တဲ့ အချိန်မှာပဲ စိတ်ထဲမှာ အမြင်တစ်ခု ဖန်တီးတတ်ကြတယ်။ အရောင်းနဲ့ စျေးကွက်ချဲ့ထွင်ရေး (Sales and Marketing) လောကမှာ ဒီအချက်က ပိုတောင် အရေးကြီးတယ်။ ပထမဆုံးဖန်တီးလိုက်တဲ့ အမြင်ပေါ်မူတည်ပြီး ဆက်နားထောင်မလား၊ ဆက်မကြည့်တော့ဘူးလား ဆိုတာ ဆုံးဖြတ်ကြတယ်။ အဲ့ဒါကြောင့် ပထမ ထင်မြင်ချက်က အရေးကြီးတယ် - First Impressions Matter။
ပထမ ထင်မြင်ချက် (First impression) ဆိုတာ နှုတ်ဆက်လိုက်တာ တစ်ခုပဲမဟုတ်ဘူး။ အမြင် ပုံစံ၊ အရောင်၊ ဆိုင်သန့်ရှင်းမှု၊ ဝန်ထမ်းစကားပြောပုံ၊ ဝယ်သူကို ကြည့်ပုံ အားလုံးပါဝင်တယ်။ ဝယ်သူတစ်ယောက် ဝင်လာတဲ့ ပထမ 30 စက္ကန့်မှာ “ဒီဆိုင်ကို ယုံကြည်လို့ရမလား” ဆိုတာ စိတ်ထဲမှာ ခန့်မှန်းပြီးသား ဖြစ်တတ်တယ်။
Coaching Question အနေနဲ့ …..
✅ Customer တစ်ယောက် ကိုယ့်လုပ်ငန်းနဲ့ ပထမဆုံးတွေ့တဲ့ 30 စက္ကန့်အတွင်း ဘာတွေမြင်လဲ?
✅ အဲ့ဒီအချိန်မှာ သူ့စိတ်ထဲမှာ ဘယ်လိုအမြင်ဖြစ်သွားမလဲ အကုန်ချရေးပါ။
#နိုင်လိုမွန်