13/07/2026
အင်းစိန်မြို့မှာ မြန်မာ့လက်ဝှေ့ကို သေသေချာချာလေး သင်ပေးချင်စိတ် ၊ဝိတ်ချရင်း ပျော်ပျော်ပါးပါး ဆော့စေချင်တဲ့ စိတ်လေးကို အကောင်အထည်ဖေါ်ပေးတဲ့ ဒေါနသွေး Lethwei and Fitness Club က ဆရာ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
အချိန်အကြာကြီး ထပ်ပြီး လက်တွဲသွားချင်ပါတယ် ✌️✌️
ကျနော်တို့ ဒီ လေးနှစ်အတွင်းမှာ Gym ဆယ်ခုလောက်နဲ့ Collab လုပ်ဖြစ်ပါတယ်။ အဆင်ပြေတာတွေလဲ ရှိသလို သဘောထားချင်း၊ အလုပ်လုပ်ပုံချင်း မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတာတွေလဲ အများသား။ ဒီလိုတွေဖြစ်လာရင် ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ရတာပါပဲ။
၂၅ ဝန်းကျင်တုန်းက Shark Tank series တွေကြည့်ရတာ အတော်ကြိုက်ပါတယ်။ Mark Cuban ပြောတဲ့ "I invest in People, not business" ဆိုတဲ့စကားဟာ လက်တွေ့ဘဝမှာလဲ အတော်အသုံးဝင်တော့ အခုထိ အမှတ်ရနေဆဲပါ။
Collaboration တွေလုပ်တော့ ပိုပြီး အမှတ်ရပါတယ်။
အကြီးကြီးတွေပြောပြီး တခွန်းမှ စကားမတည်တာတွေ၊ ရှေ့တစ်မျိုး၊ နောက်တစ်မျိုးလုပ်တာတွေ၊ ဗျူရိုကရေစီပုံစံတည်ထားပြီး တကယ်လုပ်တော့မှ Autocracy ဖြစ်နေတာတွေ၊ စသဖြင့်ပေါ့။
ကိုယ့်အမှားကိုယ်စစ်တော့လဲ မရင့်ကျက်တာတွေ၊ နားမလည်တာတွေအများကြီးပဲ။
ဘဝဟာ အမြဲသင်ယူနေရတာပဲ မဟုတ်လား။
လက်တွဲလို့အဆင်ပြေတဲ့ Gym တွေထဲမှာ FMI က Trinity, 34 VIP က Gym Boss, အင်းစိန်က A&A တို့ပါ။
မကေတို့ ညီအစ်မတွေ၊ မမို့မို့သက်၊ ဆရာမျိူးမင်း၊ ဆရာငြိမ်းထက်တို့ အကုန်လုံးက ပြည့်ဝကြသူတွေပါ။
အင်းစိန်က ဆရာမျိုးမင်းဆို အတော့်ကို Emotional Intelligence ပြည့်ဝတဲ့ မန်နေဂျာပါ။
ဒီလတွေထဲ ကျနော့်မှာ Personal ကိစ္စတစ်ချို့ကြောင့် အလုပ်ကိစ္စတွေမှာ အာရုံနှောင့်နှေးပြီး Foul တစ်ချို့ဖြစ်ခဲ့တာတွေရှိတယ်။ ကိုယ်တစ်ယောက်တည်းလုပ်တဲ့အလုပ်ဆို မသိသာပေမယ့် Collaborate လုပ်ထားတဲ့အခါ အသိပေးရမှာတွေ၊ မလုပ်ခင်တိုင်ပင်ရမှာတွေ စသဖြင့် Procedure တွေ တခါတလေကျနော်အာရုံများနေတာနဲ့ မေ့ပြီး စည်းကျော်မိတာတွေ ရှိတယ်။ သတိရမှ ပြန်တောင်းပန်ရတာမျိုးတွေပေါ့။ ဆရာမျိုးက နားလည်တယ်။ ရင့်ကျက်တယ်။ အနေသာကြီး နေလို့ရရဲ့သားနဲ့ ကျနော့်ကို အမြဲတမ်းကူညီတယ်။ လေးစားရပါတယ်။ အလုပ်သဘောအရလို့ ဘယ်တော့မှမရှိပဲ စေတနာ၊ လေးစားမှုကို အမြဲမြင်ရတယ်။
ပိုင်ရှင်ဆရာငြိမ်းထက်ဆိုရင်လဲ မာန်မာနကင်း၊ အေးအေးဆေးဆေး ပညာတတ်လူယဥ်ကျေးပဲ။
မမို့မို့သက်တို့၊ မကေတို့ညီအစ်မတွေဆိုရင်လဲ ပညာတတ်လူယဥ်ကျေးတွေပါပဲ။
သူတို့တွေမှာ တူညီတဲ့တစ်ချက်က သူတို့လျှောက်ခဲ့တဲ့ခရီးကို အားကြိုးမာန်တက် ကိုယ်လျှောက်နေတာ တွေ့တဲ့အခါ လက်လှမ်းတွဲကူဖေးမချင်စိတ်ရှိကြတာပါပဲ။
တချို့အရာတွေက စကားနဲ့ပြောစရာမလို၊ အပြုအမူ၊အနေအထားအကဲခတ်တတ်ရင် မြင်ရတာပါပဲ။
ပညာတတ်လူယဥ်ကျေးတွေအကြောင်း စကားစပ်မိလို့ လွန်ခဲ့တဲ့ သုံးနှစ်က ရယ်စရာပြောရဦးမယ်။ ပညာတတ်တိုင်း၊ ယဥ်ကျေးတိုင်း ဒီပုဂ္ဂိုလ်တွေလို ပြည့်ဝမယ်လို့တော့ ပြောမရဘူးပေါ့။
ဒီလိုပါ။
မြို့ထဲက Gym အကြီးတစ်ခုနဲ့ Collab လုပ်ထားတယ်။ လတိုင်း Payment နောက်ကျတယ်။ နောက်ကျမယ်ဆိုတာလဲ ဘယ်တော့မှ Notice မပို့ဘူး။ အကြိမ်ကြိမ်တောင်းရတယ်။
ကြာတော့ ကျနော်က အီးမေးပို့ပြီး ဆော်ပါတယ်။ မြန်မာလို၊ အဂ်လိပ်လို ရုံးစာကျကျနနရေးပြီး ယဥ်ယဥ်ကျေးကျေးကို တီးတာပါ။
Gym ပိုင်ရှင်ကလဲ ပညာတတ်လူယဥ်ကျေးပါပဲ။ အဂ်လန်မှာ ကျောင်းပြီးခဲ့တဲ့ပုဂ္ဂိုလ်။ ကျနော်တင်းတာသူသိပါတယ်။ သူ့ဘက်က Foul တာလဲ သူသိတယ်။ သို့သော် သူတို့က လူအင်အား၊ ငွေအင်အားတောင့်တဲ့ Gym အကြီးကြီး၊ ကိုယ်တို့က ပုစိညှောင့်တောက် မဟုတ်လား။
ဒီတော့ သူကလဲ မြန်မာတစ်တန်၊ အဂ်လိပ်တစ်သွယ် ကျကျနနပြန်ရေးပြီး ကျနော့်ပြန်ဆော်တာပါပဲ။ ဒီအတိုင်းဆော်တာအားမရလို့ သူ့မန်နေဂျာလေးယောက်ကိုပါ CC တွဲလိုက်ပါသေးတယ်။ "မင်းတို့လဲ ဝိုင်းဆော်"ဆိုတဲ့သဘောပေါ့။
ကျနော်ကလဲ သူတို့ပြန်ဆော်တဲ့အီးမေးဝင်တိုင်း ကားပေါ်ဆို ကားပေါ်အလျှောက်၊ စက်ဘီးနင်းနေရင် စက်ဘီးရပ်ပြီးတော့ကို ချက်ချင်း ကြက်ခေါင်းဆိတ်မခံ ပြန်ရေးပို့တယ်။
နောက်ဆုံးတော့ Payment ရပါတယ်။ အခုအချိန် အပြန်အလှန်ပို့ထားတဲ့အီးမေးလ်တွေ ပြန်ဖတ်ရင် ရယ်နေရတာပါပဲ။ နှစ်ယောက်လုံးက နှာတင်းနေတာပါ။ သို့သော် ရိုင်းစိုင်းတာ တစ်လုံးမှမပါ၊ ယဥ်ယဥ်ကျေးကျေးကို အပြန်အလှန်ဆော်ကြတာပါ။
ဆိုတော့ ပညာတတ်လူယဥ်ကျေးတွေနဲ့ ဆက်ဆံရတာ များသောအားဖြင့် ကောင်းပါတယ်။ ရန်ဖြစ်ရင်တောင် ယဥ်ယဥ်ကျေးကျေးဆိုတော့ ရုပ်မပေါက်ဘူးပေါ့။ ရိုင်းတာကျ ကျနော်တို့လဲ မကြိုက်ဘူး။ လမ်းဘေးစရိုက် နင်ပဲငဆ လုပ်တာတွေက အတော်စိတ်ပျက်စရာကောင်းလို့ပါပဲ။
စကားတွေလဲ ရှည်ကုန်ပါပြီ။ ကြံရွယ်ချက်က
ဒေါနသွေးရဲ့ မိတ်ဖက်တွေဖြစ်တဲ့ ဒီလူ၊ ဒီပုဂ္ဂိုလ်တွေကို ကျေးဇူးတင်စကားပြောလိုရင်းပါ။
လူဆိုးလူညံ့တွေနဲ့ ဆုံတဲ့အခါ စိတ်ပျက်ငြီးငြူရသလို လူကောင်း၊ လူတော်တွေနဲ့ဆုံတဲ့အခါ ဝမ်းသာချီးကျူးစကားပြောရမယ် မဟုတ်လား။