26/08/2026
ယူနိုက်တက် ကန္တာရထဲက ဘရူနိုအိုအေစစ်ပန်း
၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ အင်္ဂလန် ပရော်ဖက်ရှင်နယ် ကစားသမားများအဖွဲ့ချုပ် ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။
ဒါဟာ ၂၀၀၉-၁၀ ရာသီမှာ ဝိန်းရွန်းနီ ရရှိခဲ့ပြီးနောက်ပိုင်း ယူနိုက်တက် ကစားသမားတစ်ဦးအနေနဲ့ ၁၆ နှစ်ကြာမှ ဒီဆုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီအောင်မြင်မှုကြောင့် ယူနိုက်တက်ဟာ အဆိုပါဆုကို ၁၂ ကြိမ်အထိ ရရှိတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပြီး အခြား ပြိုင်ဘက်အသင်းတွေထက် အနည်းဆုံး ၂ ကြိမ်အထိ အသာစီးရယူကာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပြိုင်ဘက် ကစားသမားတွေကိုယ်တိုင် မဲပေးရွေးချယ်ခဲ့ရတဲ့ အဓိကအကြောင်းရင်းကတော့ ဘရူနိုရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှု၊ ထူးချွန်တဲ့ ဖန်တီးနိုင်စွမ်းနဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေကြောင့် ဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိချိန်ကစပြီး အသင်းရဲ့ အဓိကမောင်းနှင်အားအဖြစ် သွင်းဂိုးနဲ့ ဖန်တီးမှုတွေမှာ ဦးဆောင်နေခဲ့တဲ့ ဘရူနိုဟာ အခုအခါမှာတော့ သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်နဲ့အတူ ယူနိုက်တက်ရဲ့ သမိုင်းဝင် ဂန္ထဝင်ကစားသမားကြီးတွေနဲ့ တစ်တန်းတည်း ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။