06/09/2026
ဘောလုံးလောကမှာ အခွင့်အရေးဆိုတာ တစ်ခါတည်းနဲ့ အဆုံးသတ်မသွားပါဘူး။ ဒါကိုသက်သေပြခဲ့သူကတော့ Loris Karius ပါပဲ။
၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမှားတွေကြောင့် ကစားသမားဘဝရဲ့ အနာကျင်ဆုံးညတစ်ညကို ဖြတ်သန်းခဲ့ရတဲ့ လောရစ်ကာရီးယက်စ်ဟာ ၈ နှစ်အကြာမှာတော့ လုံးဝမတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ရေးသားနေပါပြီ။
၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးလ်ကို ရှူံးနိမ့်စေမယ့် မယုံနိုင်စရာ အမှား၂ခုပြုလုပ်ခဲ့တဲ့နောက် ကစားသမားဘ၀ကနေ အနားယူဖို့ နီးစပ်ခဲ့ဖူးပေမယ့် ကြိုးစားမှုတွေအတွက်၊ လက်မလျှော့သူတွေအတွက် ဒုတိယအခွင့်အရေးဆိုတာ အမြဲရှိနေတတ်တယ်မဟုတ်လား။
ရှော်ကေးဆီ ရောက်ရှိလာခဲ့ပြီးနောက် ကာရီးရက်စ်ဟာ သူရှာဖွေနေခဲ့တဲ့ second chance ကို ပြန်ရခဲ့တယ်လို့ ဆိုရမယ်။ ပြီးခဲ့တဲ့ရာသီမှာ သူဟာ အကောင်းဆုံးလက်စွမ်းပြမှုတွေနဲ့အတူ ရှော်ကေးကို ဘွန်ဒက်စ်လီဂါဆီ တဖန်တန်းတက်နိုင်အောင် အကောင်းဆုံးကူညီပေးခဲ့တယ်။
ဒီရာသီ လိဂ်အဖွင့်ပွဲမှာ ရှော်ကေးဟာ အော့စ်ဘက်ဂ်ကို ၃ဂိုးဂိုးမရှိနဲ့ ရှူံးခဲ့ပေမယ့် ကာရီးရက်စ်ဟာ အသင်းရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ Karius က အရေးကြီးတဲ့ ကာကွယ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပေးခဲ့ပြီး လက်ရှိချန်ပီယံတွေကို ဂိုးမသွင်းနိုင်အောင် တားဆီးကာ ဂိုးမရှိသရေရလဒ်ရရှိအောင် ကူညီပေးခဲ့တယ်။
တစ်ချိန်က အမှားတစ်ခုကြောင့် အပြစ်တင်ခံခဲ့ရသူက ဒီနေ့မှာတော့ အသင်းအတွက် သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဘောလုံးက မင်းကို နောက်တစ်ခါလဲကျရင် တစ်ခါပြန်ထဖို့ အခွင့်အရေးပေးနေဆဲပါပဲ။