28/08/2026
💰 Neymar ရဲ့မိသားစုက ကယ်တင်လိုက်တဲ့ Santos
ဘောလုံးလောကမှာ အသင်းတစ်သင်းကို ကယ်တင်တယ်ဆိုတာ ကွင်းထဲမှာ အရေးကြီးဂိုးတွေ သွင်းပေးတာတစ်ခုတည်း မဟုတ်ပါဘူး။ ကွင်းပြင်ပက ဘဏ္ဍာရေး အကျပ်အတည်းတွေကို ဝင်ရှင်းပေးတာမျိုးလည်း ပါတာပေါ့။ အခုလည်း နေမာ (Neymar) ရဲ့ မိသားစုက သူ့ရဲ့ ငယ်ဘဝကလပ် ဆန်းတို့စ် (Santos) အသင်းအတွက် အရေးပေါ် ကယ်တင်ရှင် ဖြစ်လာခဲ့ပြန်ပါတယ်။
ဖြစ်စဉ်က ဆန်းတို့စ်အသင်းဟာ ပြင်သစ်ကလပ် မိုနာကို (Monaco) ဆီကနေ ကွင်းလယ်လူ ဂျင်း လူကပ်စ် (Jean Lucas) ကို ဝယ်ယူခဲ့တဲ့ အပြောင်းအရွှေ့အတွက် ပေးရန်ကျန်နေတဲ့ ယူရို ၂ သန်းကို မပေးနိုင်ခဲ့ရာက စတာပါ။ Monaco ဘက်က FIFA ထံ တိုင်ကြားခဲ့တာကြောင့် FIFA က ၂၀၂၅ မေလတုန်းက အကြွေး ယူရို ၂ သန်းနဲ့ အတိုး ၃၂,၈၇၆ ယူရိုကို ၄၅ ရက်အတွင်း ရှင်းဖို့ ရောဘတ်ပေးခဲ့ပါတယ်။ အချိန်မီ မရှင်းနိုင်ရင်တော့ အသင်းအနေနဲ့ ကစားသမားသစ် မှတ်ပုံတင်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပြီး အဆိုးဆုံး အပြောင်းအရွှေ့ ၃ ကြိမ်ဆက် ပိတ်ခံရမယ့် အခြေအနေအထိ ဆိုးရွားသွားနိုင်တာပါ။
ဒီလို ဘက်ပေါင်းစုံက အကျပ်ရိုက်နေချိန်မှာပဲ နေမာရဲ့ မိသားစုပိုင် NR Sports ကုမ္ပဏီက ချက်ချင်း လိုအပ်နေတဲ့ ငွေကြေး ထောက်ပံ့ပေးခဲ့တာကြောင့် အပြောင်းအရွှေ့တံခါး ပိတ်ခံရမယ့် ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီအတွက် အပြန်အလှန်အနေနဲ့ ဆန်းတို့စ်နဲ့ NR Sports တို့ဟာ မရောင်းရသေးတဲ့ အသင်းရဲ့ ဝတ်စုံ စပွန်ဆာ (Sponsorship) အခွင့်အရေးတွေကို ပူးပေါင်း ဆွေးနွေး သွားကြမှာဖြစ်ပါတယ်။
နေမာဟာ ၂၀၂၅ ဇန်နဝါရီတုန်းကမှ ငယ်ဘဝအသင်း ဆန်းတို့စ်ဆီ ပြန်ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆန်းတို့စ်ကို နေမာက ကွင်းထဲမှာ ရုန်းကန်ပြီး တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့တယ်။ အခုလည်း အပြောင်းအရွှေ့ တံခါး ပိတ်ခံရမယ့် အကြွေးပြဿနာကို ဝင်ရှင်းပေးပြီး အနာဂတ် လမ်းကြောင်းကို ဖွင့်ပေးခဲ့တယ်။ အခု ၂၀၂၆ ရာသီမှာလည်း ဆန်းတို့စ်ဟာ လိဂ်ပွဲ ၂၃ ပွဲ ကစားပြီး ၆ ပွဲပဲ နိုင်ထားလို့ အဆင့် ၁၄ အထိ ရောက်နေပြီး ရလဒ်ပိုင်း ရုန်းကန်နေရတုန်းပါပဲ။ အကြွေးတစ်ခု ရှင်းလိုက်ရုံနဲ့ အသင်းရဲ့ ပြဿနာတွေအကုန် မပြီးသွားသေးပေမဲ့ အနည်းဆုံးတော့ အပြောင်းအရွှေ့ ဈေးကွက်ထဲ ပြန်ဝင်ပြီး ကစားသမားသစ်တွေ ဖြည့်တင်းခွင့် ရသွားခဲ့ပါပြီ။ ကစားသမား တော်တော်များများက အသင်းကနေ ထွက်သွားရင် အမှတ်တရ တစ်ခုအဖြစ်ပဲ ကျန်ခဲ့တတ်ကြတာပါ။ နေမာကတော့ သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ အသင်းဆီ ပြန်လာပြီး အသင်းရဲ့ ဇာတ်လမ်းကို ကိုယ်တိုင် ဆက်ရေးနေတုန်းပါပဲ။ ဒီလို လုပ်ရပ်မျိုးက သူ့ရဲ့ အောင်မြင်မှုနဲ့ ငွေကြေး ကြွယ်ဝမှုကြောင့်တင် မဟုတ်ဘဲ ငယ်ဘဝ အသင်းအပေါ် ထားတဲ့ သံယောဇဉ်နဲ့ သစ္စာတရား လို့ပဲ ပြောရမှာပါ။