31/10/2024
ဝမ်းချန်ပီယံရှစ်အနေနဲ့ ဝမ်း 170 ကို ပွဲဆူအောင် မြန်မာပရိသတ်တွေ အားပေးအကြမ်းဆုံးဖြစ်နေတဲ့ ဖိုက်တာတွေကို မဖြစ်မနေ ထည့်သွင်းနေတာပါ။ ရှေ့အပတ်က စိုးလင်းဦးနဲ့ ဆက်ခ်ဆန်တို့ရဲ့ ရေရေလည်လည်ကြမ်းမယ့်ပွဲကို ချပြခဲ့တဲ့ ဝမ်းချန်ပီယံရှစ်ဟာ အခုဆိုရင် သန့်ဇင်ကို ဆိုင်ထိုးပြိုင်ထိုးကစားသမား စူရီရန်လက်ခ်နဲ့တည်ပေးလိုက်ပြီဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ်ဖိုက်တာ သန့်ဇင်အနေနဲ့ အသက် ၂၈ နှစ်အရွယ် စူရီရန်လက်ခ်နဲ့ မွေထိုင်း စပယ်ရှယ်ကတ်ချ်ဝိတ် ပေါင် ၁၃၄ တန်းမှာ ကစားရမှာလည်း ဖြစ်ပါတယ်။ စိုးလင်းဦးနဲ့ သန့်ဇင်တို့ကို ကစားပုံဆင်တူပြီး ဆိုင်ထိုးပြိုင်ထိုးသမားတွေနဲ့ တွဲပေးထားတာကြောင့် ပွဲစဉ်တွေက အတော်လေးကြမ်းမှာဖြစ်သလို မြန်မာပရိသတ်တွေနဲ့ ထိုင်းပရိသတ်ကြား ယှဉ်ပြိုင်မှုကလည်း မိုးထိမြင့်တက်သွားပြီလည်း ဖြစ်ပါတယ်။
စူရီရန်လက်ခ်ဟာ ဝမ်းချန်ပီယံရှစ်မှာ ၂၀၁၉ ခုနှစ်ကတည်းက ကစားနေတဲ့ အတွေ့အကြုံရင့်ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ စုစုပေါင်း ၉ ပွဲအထိကစားခဲ့ပြီး ၆ ပွဲနိုင် ၃ ပွဲသရေကျထားသူပါ။ သူဟာ ဝမ်းချန်ပီယံရှစ်ဖရိုင်ဒေးနိုက်သမိုင်းမှာ ဘောနပ်စ်အများဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားပြီး စုစုပေါင်း ဘောနပ်စ် ၈ ကြိမ်အထိရထားတာဖြစ်ပါတယ်။ ဘတ်သုံးသိန်းခွဲကို ရှစ်ကြိမ်အထိရထားတာကြောင့် စုစုပေါင်း ဘတ် ၂၈ သန်းအထိ ဘောနပ်စ်ရထားပြီးပါပြီ။ စူရီရန်လက်ခ်ဟာ နောက်ဆုံးကစားခဲ့တဲ့ စက်တင်ဘာလကပွဲမှာ အသက် ၂၂ အရွယ် Jao Suea Yai ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့သူပါ။ ဒါပေမယ့်သူ့အနေနဲ့ ပွဲကောင်းတစ်ပွဲကိုဆင်နွှဲခဲ့ပြီး ပရိသတ်တွေကို စိတ်မပျက်စေခဲ့ဘူးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝမ်းချန်ပီယံရှစ်ရဲ့ ၂၀၂၅ ခုနှစ်ကို ဖွင့်လှစ်မယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲခွင့်ရတာလည်း ဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နှစ်ဦးစလုံးရှုံးထားတာကြောင့် မဖြစ်မနေနိုင်ပွဲဖော်ဆောင်ကြဖို့ ကြိုးစားကြမယ့်သူတွေလည်း ဖြစ်ပါတယ်။ ဒီပွဲက ကိုယ်မလဲ သူလဲ အပြိုင်ဆွဲရမယ့်ပွဲဖြစ်တာကြောင့် တော်တော်လေး ကြည့်လို့ကောင်းမှာ ကျိန်းသေပါတယ်။ ဒါ့အပြင် ဝမ်းချန်ပီယံရှစ်အနေနဲ့ သန့်ဇင်ကို နိုင်,နိုင်ချေရှိတဲ့ တွဲဆိုင်းမျိုးနဲ့ချပေးတာလို့လည်း ယုံကြည်လို့ရပါတယ်။ စူရီရန်လက်ခ်ဟာ အရပ်အမောင်းအားဖြင့် ငါးပေ ၂ လက်မပဲရှိသလို တာခီယူတို့လို ပညာနဲ့ကစားတဲ့ ကစားသမားမျိုးမဟုတ်ပါဘူး။
ဒါမျိုးက သန့်ဇင် စိတ်ကြိုက်ပြိုင်ဘက်ဖြစ်ပါတယ်။ သန့်ဇင်အနေနဲ့ ရရှိလာတဲ့အခွင့်အရေးကို ရအောင်ယူရမှာပါ။ ဒီပွဲကို နိုင်ရင် ကျိန်းသေပေါက် ဒေါ်လာတစ်သိန်းတန်စာချုပ်ရဖို့များပါတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်တဲ့အတွက် အလဲထိုးနိုင်ခဲ့ရင် ဘောနပ်စ်ကလည်း ဒေါ်လာ ငါးသောင်းတောင်ရမှာပါ။ ဒါပေမယ့် ပြိုင်ဘက်က နွားသိုးကြိုးပြတ်ကစားတတ်တဲ့ ကစားသမားမျိုးဖြစ်တဲ့အတွက် သတိတော့ အကြီးကြီးထားရမှာဖြစ်ပါတယ်။ ဆိုင်ထိုးပြိုင်ထိုးဆိုတာ အခန့်မသင့်လို့ချက်ကောင်းထိရင် ဘယ်လောက်ကောင်းတဲ့ ကစားသမားဖြစ်စေ ကျသွားတတ်တာမျိုးပါ။ သန့်ဇင်အနေနဲ့ ပြင်ဆင်ချိန်လည်း ခပ်များများရထားတာကြောင့် အကောင်းဆုံးပုံစံနဲ့ နိုင်ပွဲကို ပုံဖော်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။