28/04/2026
အကျွန်ုပ် နှင့် တောတွင်း
(အပိုင်း ၅)
ဒီကြားထဲ အလုပ်ကိစ္စတွေရှုပ်နေတော့ မတင်ဖြစ်လိုက်တာ အချိန် အနည်းငယ် ကြာမြင့်သွားလေသည်။
အပိုင်းဆက်ရလျှင်ဖြင့်.....
အသိ အကိုတစ်ယောက်အိမ်မှာ ကြားထဲ သွားခိုဖြစ်လိုက်သေးသည်။
အမေကတော့ ညဖက်တွေဆို ကားတစ်စီး အိမ်နား ပတ်ပတ်နေတယ်တဲ့...
တခြားကားဆိုလည်း အိမ်ကို ရောက်လာမှာကို စိုးထိတ်နေလေသည်။ သိတဲ့အတိုင်းပဲလေ ဒီကောင်တွေက လူကို လူလိုမှ မဆက်ဆံ တတ်ကြတာ။
ဒီလိုနဲ့ပဲ ပြည်တွင်းထဲ ခိုဖို့ နေရာများကို စတင်ချိတ်ဆက်လေသည်။
တလရ အလုပ်တွေ ကူပေးဖူးသော ဒေသများဖြစ်ရာ ချင်း၊ ကရင်နီ၊ အညာ ဒေသ ထိုနေရာများရှိ ဆေးရုံ၊ ဆေးခန်းများကို စတင်ချိတ်ဆက်လိုက်သည်။ ချိတ်ဆက်သမျှ အကုန် ဝမ်းပန်းတသာ ကြိုဆိုကြလေသည်။
အဲ့မှာတော့ ကိုယ့်အတွက် ပြန်စဉ်းစားရွေးချယ်ရပြန်တယ်။
သွားလာရလွယ်ကူမယ်။
အချိတ်အဆက်အားကောင်းမယ်။
လုပ်နိုင်စွမ်းအား ပိုကောင်းမယ့် နေရာမျိုးကို စစဉ်းစားရပြီ။
ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ ဂျူနီယာ လည်းရှိ၊ ကျန်းမာရေး စနစ်ကို အခြားသော ဒေသများထက် ပိုမို လည်ပတ်နိုင်ပြီး ဆေးဝါးပညာရှင် အမှန်အကန်လိုအပ်နေတဲ့ ကရင်နီ ကို ပထမ ဦးစားပေးရွေးချယ်လိုက်လေသည်။
ဒီလိုနဲ့ပဲ ကိုယ်က မြောက်ဥက္ကလာကို ကျင်လည်ခဲ့သူဖြစ်နေတော့ မြောက်ဥက္ကလာတွင်းက ဆေး၂ က ဆရာသမားအများစု စုဝေးရာ ဆေးရုံကိုပဲ ရွေးချယ်ဖြစ်တယ်။
သက်ဆိုင်ရာ တာဝန်ခံ ဆရာတွေနဲ့ အင်တာဗျူးစတော့လည်း ကိုယ်နဲ့ သိပြီးသား ၂ ယောက်လောက်ပါနေတော့ ပေါ့ပေါ့ပါးပါးပဲ ပြီးသွားတယ်။
ဒီလိုနဲ့ပဲ တောတွင်းသို့ ပထမဆုံးလားရာ ပေါ့။
မဲဆွယ်ကာလ တွေထဲက ဘီယာဆိုင်မှာ အာ ခဲ့ဖူးသေးကို... "ငါတော့ အာဏာသိမ်းတာမျိုးတွေဖြစ်ရင် တောခိုမှာ" လို့ ။
အခုတော့ နဖူးတွေ့ ဒူးတွေ့ ခိုပြီဟေ့....။
အာဏာသိမ်းကာလ အစောပိုင်းတွေမှာတော့ ဆန္ဒပြ၊ ဆန္ဒပြ ပြည်သူတွေ ထိခိုက်လာရင် ကုသပေးမယ့် ရွေ့လျား ဆေးပေးခန်းလေးလုပ်၊ အဲ့တုန်းက အရှိန်အဟုန် ကောင်းတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အစိုးရ ဝန်ထမ်းတွေကို ထောက်ပံ့ရေး အစီအစဉ်တွေလုပ်၊ အဲ့ကတဆင့် မတရားစစ်အာဏာသိမ်းထားတဲ့ အကြမ်းဖက် စစ်အုပ်စုက အကြမ်းဖက်နှိမ်နှင်းလာတဲ့အခါ လက်နက်ကိုင် တလရ ကို ဦးတည်သွားကြပြန်တယ်။ အဲ့အတွက် ထောက်ပို့ တစ်ဖြစ်လဲ လုပ်ရပြန်လေကော။
အဲ့အချိန်ကာလ တွေတည်းက ငါနဲ့ တန်းတူရွယ်တူတွေ၊ ငါ့ ထက် အသက်ငယ်တဲ့ လူငယ်တွေ တောခိုတယ်။ ပင်ပန်းကြတယ်။ ခက်ခဲ ကြမ်းတမ်းကြတယ်။ ငါ မြို့ပေါ်မှာ ပျော်နေလို့ မဖြစ်ဘူး။ တလရ ကိုမေ့လို့မဖြစ်ဘူး။ အဲ့အတွေးတွေက နေ့တိုင်းရှိတယ်။ ကလစ်တယ်။ လကုန်ပြီဆို ရသမျှ ဝင်ငွေ မှာ ၃ ပုံ ပုံရင် ၂ ပုံက တလရပဲ စီးဆင်းစေခဲ့တယ်။
မတရားမှုမှာ နေသာသလို မနေဖြစ်အောင် ကိုယ့်ကိုကိုယ် နေ့စဉ်သတိပေးခဲ့သလို အိပ်ရင်တောင် ကြမ်းပေါ်မှာ အခင်း မခင်းပဲ စအိပ်တယ်။ မနက် ကျောတွေ ကိုယ်လက်တွေနာရင် ငါ မလွတ်မြောက်သေးဘူးဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် ပြန်ချည်နှောင်ထားတာ ယနေ့ထိတိုင်ပါပဲ။ အဲ့အတွက် တောထဲရောက်တဲ့အခါလည်း ကိုယ်ကြုံတွေ့ရမယ့် ခက်ခဲပင်ပန်းမှုတွေကို လွယ်လွယ် အသားကျမယ်ဆိုပြီး တွေးခဲ့တယ်။
အိမ်နဲ့ အချိန်ကြာကြာ တစ်ခါမှ မခွဲဖူးပေမဲ့ ဒီတစ်ခါတော့ ခရီးကြမ်းကို စလျှောက်ဖို့ ပြင်လေပြီ။.....
အိမ်ဆိုတာ တချိန် အောင်မြင်မှုတွေနဲ့ ပြန်လည် လှမ်းချီရမယ့် နေရာပေသကား။..
တောတွင်းခရီးကြမ်း အစကို မကြာခင် ပြန်ဆက်ပါဦးမယ်။