10/01/2026
ရီးရဲလ်ဖြေရှင်းရမယ့် ဘရာဇီးဒီလမ်းမား
ဒီလမ်မာ (Dilemma) ဆိုတာကိုအရင်ရှင်းပြချင်ပါတယ်။ နှစ်ခုထဲကမကြိုက်တဲ့တစ်ခုကိုရွေးရတာပါ။ ဒီစကားစုမှာသတိထားရမယ့်အခြေအနေက ရွေးချယ်စရာနှစ်ခုလုံးဟာ သူ့တန်ဖိုးနဲ့သူရှိနေတာ၊ မြန်မာစကားပုံအရဆို "ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်းသဲတရှပ်ရှပ်" ဆိုတာမျိုးဖြစ်ပါတယ်။ ကိုယ့်မှာရွေးချယ်စရာနှစ်ခုရှိတယ်။ နှစ်ခုလုံးကိုလိုချင်ပေမယ့် တစ်ခုထဲကိုသာလိုအပ်မှုအရရွေးချယ်ရမှာမျိုးဖြစ်ပါတယ်။
ရီးရဲလ်ရဲ့လက်ရှိအခြေအနေဟာ ဒီစကားလုံးနဲ့အလိုက်ဖက်ဆုံးလို့ပြောရမှာပါ။ သူတို့မှာ တကယ်ကိုကောင်းတဲ့ဘရာဇီးသားနှစ်ယောက်ရှိနေပြီး တစ်ယောက်ထဲကိုမဖြစ်မနေရွေးရမယ်ဆိုတဲ့အခြေအနေမျိုးဟာရောက်ရှိလာဖို့ လမ်းစပြုနေပါတယ်။ ရိုဒရီဂိုနဲ့ဗီနီးစီးယပ်မှာ ဘယ်သူ့ကိုရွေးရမလဲဆိုတာ တကယ်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ အပေါ်ယံစဥ်းစားမယ်ဆို ဗီနီဆိုပေမယ့် ရိုဒရီဂို Impact ကလည်း မသေးပါဘူး။ အကောင်းဆုံးက နှစ်ယောက်လုံးကိုထိန်းထားတာဆိုပေမယ့် တစ်ယောက်ကတော့ အရန်ခုံမှာစိတ်ပျက်နေမှာသေချာပါတယ်။ ဒီပြသာနာကိုလည်း နေ့တိုင်းရက်တိုင်းဖြေရှင်းနေရမှာဖြစ်ပါတယ်။
ဒါ့အပြင် ရိုဒရီဂိုကလက်ရှိမှာ In Form ဖြစ်နေသူပါ။ နောက်ဆုံး ၆ပွဲမှာ ၃ဂိုးသွင်း ၃ဂိုးဖန်တီးထားတယ်။ ဗီနီကကျ ရိုဒရီဂိုနဲ့ပြောင်းပြန်ကြီး။ 2025 October မှာကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီးထဲက အခုထိဂိုးမရထားဘူး။ ဒီကြားထဲမှာ ဂိုးဖန်တီးမှု သုံးကြိမ်သာရှိတယ်။ ခြေစွမ်းဆိုးရွားတယ်မဟုတ်ပေမယ့် ဒီကိန်းဂဏန်းတွေဟာ ဗီနီလိုကစားသမားအတွက်မဖြစ်သင့်တာမျိုးပါ။ ရီးရဲလ်ပရိသတ်တွေကလည်း ဗီနီရဲ့ကစားပုံကို အနည်းနဲ့အများရင်လေးနေကြပါတယ်။
အခြားအသင်းတွေဆိုရင်တော့ ဒီလိုပြသာနာကို နည်းပြကသာဖြေရှင်းရမယ်လို့တွေးကောင်းတွေးမိမှာပါ။ ရီးရဲလ်မက်ဒရစ်မှာတော့ ဒီလိုကိစ္စမျိုးကဥက္ကဋ္ဌကြီးပီရက်ဇ်ကိုယ်တိုင်ဖြေရှင်းတာကနည်းလမ်းကျမယ်လို့ယူဆမိပါတယ်။ ပီရက်ဇ်ဟာ ကစားသမားအရောင်းအဝယ်စီမံရာမှာ မှားယွင်းတာမျိုးနည်းပါးလွန်းသူပါ။ ဒီလိုလူကြီးအတွက်တောင် ဒီပြသာနာကကိုင်တွယ်ရခက်လှပါတယ်။ ကစားသမားနှစ်ယောက်လုံးကတော့ အနစ်နာခံပြီးအရန်ခုံထိုင်ပေးဖို့စိတ်ကူးကြမှာမဟုတ်ပါဘူး။ အသင်းကိုချစ်သည့်တိုင်အောင် နေရာမရရင်အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
ဒါဟာ ကစားသမားတွေရဲ့တကိုယ်ကောင်းဆန်မှုလည်းမဟုတ်ပါဘူး။ ဒီနှစ်ယောက်လုံးက ပင်ကိုယ်စွမ်းရည်မြင့်ကြတဲ့ဘရာဇီးသားတွေပါ။ ဘယ်အသင်းကိုသွားသွား Line Up တစ်နေရာရဖို့သေချာပြီး Super Star ဖြစ်လာဖို့ 80% ရှိပါတယ်။ ဗီနီးစီးယပ်က Ballon D'or Winner ဖြစ်ဖို့ လက်တစ်ကမ်းအလိုကိုရောက်ခဲ့ဖူးသူဖြစ်ပြီး ရိုဒရီဂိုကလည်း ရီးရဲလ်မက်ဒရစ်ဟာသူ့ကိုလိုအပ်ကြောင်း၊ အရေးကြုံပြီဆိုသူ့ရဲ့စွမ်းဆောင်ရည်ကကယ်တင်နိုင်စွမ်းရှိကြောင်း အကြိမ်ကြိမ်သက်သေပြထားသူပါ။ ပိုပြီးဆုံးဖြတ်ရခက်စေတဲ့အချက်ကတော့ နှစ်ယောက်လုံးဟာ အသက် ၂၅နှစ်သာရှိသေးတာဖြစ်ပါတယ်။
နည်းပြအလွန်ဆိုကတော့ ဘယ်သူ့ကိုပဲရောင်းချလိုက်သည်ဖြစ်စေ စောဒကတက်မယ်မထင်ပါဘူး။ သူကိုယ်တိုင်မှာတောင် ဒီနှစ်ယောက်ကြားဗျာများရတာမျိုးရှိနိုင်ပြီး ဘယ်သူပဲထွက်ခွာသည်ဖြစ်စေ ရီးရဲလ်အတွက်နှမြောစရာကောင်းနေမှာပါ။ သို့ပေမယ့်နှစ်ယောက်လုံးကိုအသင်းမှာထားဖို့ကလည်း ခက်လွန်းလှပါတယ်။ ဒါကြောင့်ပဲ ဒီလမ်းမား (Dilemma) ဖြစ်ရတာပါ။ ဖြေရှင်းရခက်တဲ့ဒီပုစ္ဆာမှာ ပါပါးပီရက်ဇ်နဲ့ရီးရဲလ်ရဲ့ဆုံးဖြတ်ချက်သာအရာရာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ "သင်သာဆိုရင်ရော?" ဆိုတဲ့မေးခွန်းမျိုးကို ဒီလမ်းမားအခြေအနေတွေမှာ ချန်ရစ်ခဲ့သင့်တယ်လို့ယူဆမိပါတယ်။ ရိုဒရီဂိုလား? ဗီနီလား? ဒါမှမဟုတ် ပါပါးပီရက်ဇ်ရဲ့ဆုံးဖြတ်ချက်ကိုသာထောက်ခံမည်လား? သင်သာဆိုရင်လည်း ဒီလမ်းမားဆန်သွားမှာသေချာပါတယ်။