Satt's Football Lab

Satt's Football Lab Football Zone

အီဘိုလာကြောင့် ကွန်ဂိုကမ္ဘာ့ဖလားအသင်း အမေရိကန်နိုင်ငံသို့ မဝင်မီ ၂၁ ရက် သီးသန့်ခွဲနေရမည်၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် DR C...
23/05/2026

အီဘိုလာကြောင့် ကွန်ဂိုကမ္ဘာ့ဖလားအသင်း အမေရိကန်နိုင်ငံသို့ မဝင်မီ ၂၁ ရက် သီးသန့်ခွဲနေရမည်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် DR Congo အမျိုးသားဘောလုံးအသင်းဟာ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အမေရိကန်နိုင်ငံထဲ မဝင်ရောက်မီ ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ လေ့ကျင့်ရေးစခန်းမှာ ၂၁ ရက်ကြာ သီးသန့်ခွဲနေထိုင် (Isolate) သွားရမှာ ဖြစ်ပါတယ်။ အမေရိကန် အိမ်ဖြူတော်ရဲ့ ကမ္ဘာ့ဖလားဆိုင်ရာ လုပ်ငန်းအဖွဲ့က အသင်းသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို တိကျစွာမလိုက်နာရင် နိုင်ငံထဲ ပေးမဝင်ဘဲ ပယ်ဖျက်သွားမယ်လို့ သတိပေးထားပြီး၊ လက်ရှိမှာ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ကလည်း ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း ကွန်ဂို၊ ယူဂန်းဒါးနဲ့ တောင်ဆူဒန်နိုင်ငံတို့ဆီ သွားရောက်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံကူးလက်မှတ်မရှိသူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ဂိုအသင်းဟာ မိခင်နိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ၊ သမ္မတနဲ့ နှုတ်ဆက်ပွဲ အခမ်းအနားတွေကို ဖျက်သိမ်းလိုက်ရပြီး ဘယ်လ်ဂျီယံမှာပဲ သီးသန့်ခွဲနေထိုင်ကာ လာမယ့် ဇွန်လ ၁၁ ရက်ဝန်းကျင်မှသာ ပွဲစဉ်တွေကစားမယ့် ဟူစတန်မြို့ဆီ ခရီးဆက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ကွန်ဂိုနိုင်ငံမှာ အီဘိုလာ သံသယလူနာ ၆၀၀ ခန့်နဲ့ သေဆုံးသူ ၁၃၉ ဦးအထိ ရှိနေတာကြောင့် အမေရိကန်အစိုးရအနေနဲ့ ပြည်သူတွေ၊ ပရိသတ်တွေနဲ့ ပြိုင်ပွဲဝင်အသင်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အခုလို တင်းကျပ်တဲ့ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရက်ဘ်ဘီ အသွင်ဆန်လာတဲ့ ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘော ပြဿနာ ​ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ပွဲမှာ ဖြစ...
12/05/2026

ရက်ဘ်ဘီ အသွင်ဆန်လာတဲ့ ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘော ပြဿနာ

​ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ပွဲမှာ ဖြစ်ခဲ့တဲ့ ဒေးဗစ် ရာယာအပေါ် ဖောင်း ဖြစ်၊ မဖြစ် VAR နဲ့ ၅ မိနစ်ကျော် ကြည့်ခဲ့ရတဲ့ ဖြစ်ရပ်ဟာ ပရိသတ်တွေ လိုချင်တဲ့ "Hollywood ဆန်ဆန် ဇာတ်သိမ်း" မျိုး မဟုတ်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ကနေတစ်ဆင့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘောပုံစံတွေဟာ ပျက်စီးနေပြီ လို့တောင် ဆိုလာကြပါတယ်။

​ကိန်းဂဏန်းတွေက ပြောပြနေတဲ့ အပြောင်းအလဲ
​အခု ရာသီမှာ ထောင့်ကန်ဘောတွေနဲ့ ပတ်သက်လို့ စံချိန်တင် ကိန်းဂဏန်း (၃) ခုကို တွေ့ရပါတယ်။ ​Inswinging Corners (အထဲလှည့်ဝင်လာသောကန်ချက်များ) က ၂၀၂၂-၂၃ ရာသီမှာ ၄၈ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ အခုဆိုရင် ၇၁ ရာခိုင်နှုန်း (အကြိမ်ရေ ၂,၅၀၃ ကြိမ်) အထိ မြင့်တက်လာပါတယ်။ ​ဂိုးသမားအပေါ် ကျူးလွန်တဲ့ ဖောင်းများကလည်း ၁၄၆ ကြိမ်အထိ ရှိလာပြီး ဒါဟာ ၂၀၁၈-၁၉ နောက်ပိုင်း အများဆုံးပဲဖြစ်ပါတယ်။ ​ထောင့်ကန်ဘောကရတဲ့ ဂိုးများကလည်း စုစုပေါင်း ၁၇၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ​ဒါဟာ မတော်တဆ ဖြစ်လာတာ မဟုတ်ပါဘူး။ အသင်းတွေက Set-piece Coach တွေ ခန့်အပ်လာပြီး ဂိုးသမားကို လူအုပ်နဲ့ ဝိုင်းပိတ်တာ၊ ဘလော့ လုပ်တာတွေကို နည်းဗျူဟာမြောက် အသုံးချလာကြလို့ပဲ ဖြစ်ပါတယ်။

​ဒိုင်လူကြီးတွေအတွက် အခက်အခဲ
​ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဂရေဟမ် စကော့ ကတော့ "စည်းမျဉ်းတွေ ပြောင်းဖို့ လိုနေပြီ" လို့ ဆိုပါတယ်။​အရင်ကဆိုရင် ဂိုးသမားကို ထိတာနဲ့ ဒိုင်တွေက ဖောင်း ပေးလေ့ရှိတယ်။ အဲဒီတုန်းက ဂိုးသမားတွေကို အကာအကွယ် ပေးလွန်းတယ်လို့ ဝေဖန်ခဲ့ကြပေမဲ့ အခုတော့ ဂိုးသမားတွေဟာ ဘာအခွင့်အရေးမှ မရတော့တဲ့ အခြေအနေ ဖြစ်နေပြီ။ ​အခုဆိုရင် ဂိုးရှေ့မှာ လူပေါင်း ၁၆ ယောက်ကနေ ၁၈ ယောက်လောက်အထိ စုပြုံတိုးဝှေ့နေကြတဲ့အတွက် ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ဘယ်သူက အရင်စတွန်းတာလဲ၊ ဘယ်သူက အရင်ဆွဲတာလဲဆိုတာကို သဲသဲကွဲကွဲ မြင်ရဖို့ မဖြစ်နိုင်တော့ပါဘူး။

​ဥရောပတခြားလိဂ်တွေနဲ့ ကွာခြားချက်
​ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုဟာ သူ့ရဲ့ Identity လို့ ဆိုနိုင်ပေမဲ့ တခြား ဥရောပထိပ်တန်းလိဂ်တွေမှာတော့ ထောင့်ကန်ဘောကနေ ဂိုးရတာ ပိုနည်းပါတယ်။
​ဂျာမနီ (Bundesliga): ၁၃၃ ဂိုး
​အီတလီ (Serie A): ၁၂၀ ဂိုး
​စပိန် (La Liga): ၁၁၁ ဂိုး
(ပရီးမီးယားလိဂ်မှာ အခုထိ ၁၇၄ ဂိုးအထိ ရှိနေတာ ဖြစ်ပါတယ်။)

​ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲ?
​ပြဿနာကို ဖြေရှင်းဖို့ နည်းပြတွေက နည်းမျိုးစုံ ကြိုးစားနေကြပါတယ်။ ဘရိုက်တန်နည်းပြ ဟက်ဇယ်လာ က သူ့ကစားသမားတွေကို ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုမှာ သန်မာအောင် MMA ဖိုက်တာ တစ်ဦးကို ခေါ်ပြီး လေ့ကျင့်ပေးခဲ့သလို၊ ချဲလ်ဆီးအသင်းကတော့ ထောင့်ကန်ဘော ကာကွယ်တဲ့အခါ ဧရိယာထဲမှာ လူရှင်းသွားအောင် တိုက်စစ်ကစားသမား (၃) ယောက်ကို ကွင်းလယ်လောက်အထိ ထုတ်ထားတဲ့ နည်းလမ်းကို သုံးခဲ့ပါတယ်။
​စည်းမျဉ်းပိုင်းအရဆိုရင်တော့ ဂရေဟမ် စကော့က အောက်ပါအတိုင်း အကြံပြုထားပါတယ်-

​Field Hockey စည်းမျဉ်းကို နမူနာယူပြီး ထောင့်ကန်ဘော ကာကွယ်တဲ့အခါ နောက်ခံလူ အရေအတွက်ကို ကန့်သတ်တာမျိုး။
​ဧရိယာ တစ်ခု သတ်မှတ်ကာ ၆ ကိုက်စည်း ဒါမှမဟုတ် ၁၈ ကိုက်စည်း အတွင်းမှာ လူစုပုံမှုကို ကန့်သတ်တဲ့ ဥပဒေမျိုး ထုတ်ပြန်ခြင်း။
​နောက်တစ်ခုအနေနဲ့ ဂိုးတိုင်ဘေးမှာ ဂိုးလိုင်းဒိုင် တွေ ပြန်ထားပြီး ဂိုးသမားအပေါ် ကျူးလွန်တဲ့ အမှားတွေကို သေချာ စောင့်ကြည့်စေခြင်းမျိုးပြုလုပ်ဖို့ အကြံပေးထားပါတယ်။

​ထောင့်ကန်ဘောတွေဟာ တစ်ဦးချင်း ထိုးဖောက်မှု၊ တီထွင်ဆန်းသစ်တဲ့ နည်းဗျူဟာတွေနဲ့ လှပတဲ့ ဂိုးတွေ ဖြစ်လာရမယ့်အစား အခုတော့ ရပ်ဂ်ဘီ ကစားသလို တစ်ယောက်ကိုတစ်ယောက် လုံးထွေးသတ်ပုတ်နေတဲ့ ပွဲကြမ်းကြီးတွေ ဖြစ်နေပါတယ်။ ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘောတွေဟာ ဘောလုံးပရိသတ်တွေအတွက် စိတ်ပျက်စရာတစ်ခု မဖြစ် ဆက်ရှိနေဦးမှာပါ။

Ref-The Athletics

Cesc Fabregas (သို့မဟုတ်) အီတလီမြေက အစဉ်အလာတွေကို ရိုက်ချိုးနေတဲ့ စပိန်လူငယ်နည်းပြ​ကစားသမားဘဝမှာ အောင်မြင်မှုပေါင်းများစ...
29/03/2026

Cesc Fabregas (သို့မဟုတ်) အီတလီမြေက အစဉ်အလာတွေကို ရိုက်ချိုးနေတဲ့ စပိန်လူငယ်နည်းပြ

​ကစားသမားဘဝမှာ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်ခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အခုတော့ နည်းပြလောကရဲ့ ထိပ်တန်းစာရင်းဝင် ဖြစ်လာဖို့ အရှိန်အဟုန်နဲ့ တက်လှမ်းနေပါပြီ။ အသက် ၃၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဖာဘရီဂတ်စ်ဟာ ကိုမို အသင်းကို ကိုင်တွယ်ပြီး အီတလီဘောလုံးလောကရဲ့ ရိုးရာဗျူဟာတွေကို စိန်ခေါ်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

​ဦးနှောက်ကို အသုံးချတဲ့ နည်းပြ
​"ကျွန်တော့်မှာ တခြားသူတွေလို သန်မာတဲ့ ခန္ဓာကိုယ် ဒါမှမဟုတ် အရမ်းမြန်တဲ့ အရှိန် မရှိခဲ့ဘူး။ ဒါကြောင့် ဘောလုံးခြေထောက်ထဲ မရောက်ခင်ကတည်းက ဘာလုပ်ရမလဲဆိုတာကို ကြိုတွေးထားရတယ်" လို့ ဖာဘရီဂတ်စ်က ဆိုပါတယ်။ ဒီအတွေးအခေါ်ဟာ သူ့ရဲ့ နည်းပြဘဝ ဗျူဟာတွေမှာလည်း အထင်အရှားပါပဲ။ ​ကိုမိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ သူဟာ ကစားသမားတွေကို ပြိုင်ဘက်ရဲ့ ဖိအားပေးမှုကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ စိတ်ရှည်လက်ရှည် သင်ကြားပေးလေ့ရှိပါတယ်။ သူ့ရဲ့ ပွင့်လင်းမြင်သာတဲ့ နည်းပြစတိုင်ဟာ မျိုးဆက်သစ် အီတလီနည်းပြတွေအတွက် အတုယူစရာ ဖြစ်နေပေမဲ့ အီတလီရဲ့ ရှေးရိုးစွဲ အစဉ်အလာသမားတွေအတွက်တော့ ဖာဘရီဂတ်စ်ဟာ "ဆရာကြီး လုပ်နေသူ" တစ်ယောက် ဖြစ်နေပါတယ်။

​လွန်ခဲ့တဲ့ ၁၈ လကမှ စီးရီးအေကို တက်လှမ်းနိုင်ခဲ့တဲ့ ကိုမိုအသင်းဟာ ဒီရာသီမှာ ရမှတ် ၂၇ မှတ်အထိ ပိုမိုရရှိထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် မျှော်လင့်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။
​ကိုမိုဟာ စီးရီးအေမှာ ဘောလုံးပိုင်ဆိုင်မှု အများဆုံး အသင်းတွေထဲက တစ်သင်းပါ။
-​ပြိုင်ဘက်ကွင်းရဲ့ အနီးကပ်ဖိအားပေးမှု (High Pressing) မှာလည်း ထိပ်ဆုံးက ရပ်တည်နေပါတယ်။
-​အင်တာမီလန်ပြီးရင် အကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားပါတယ်။

​အစဉ်အလာနဲ့ ဆန်းသစ်မှုကြားက ပဋိပက္ခ
​အီတလီနည်းပြ ဝါရင့်ကြီးတွေဖြစ်တဲ့ အယ်လီဂရီ နဲ့ ဂတ်စပါရီနီ တို့ဟာ ဖာဘရီဂတ်စ်ရဲ့ အောင်မြင်မှုကို သဘောကျပုံမရပါဘူး။ ရိုးမားကို အနိုင်ရတဲ့ပွဲအပြီးမှာ ဂတ်စပါရီနီက လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့သလို၊ အယ်လီဂရီကလည်း ဖာဘရီဂတ်စ်ကို "ကလေးဆန်တယ်" လို့တောင် ဝေဖန်ခဲ့ဖူးပါတယ်။ ဒါဟာ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းက သူတို့လို အသင်းကြီးတွေကို ဒုက္ခပေးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

​လူငယ်တွေကို မြေတောင်မြှောက်ပေးခြင်း
​ကိုမိုအသင်းရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ဖာဘရီဂတ်စ်ရဲ့ ကစားသမား ခေါ်ယူမှုတွေကလည်း အရေးပါပါတယ်။ Nico Paz, Assane Diao နဲ့ Martin Baturina တို့လို လူငယ်ကြယ်ပွင့်တွေ အသင်းကြီးတွေကနေ ဖာဘရီဂတ်စ်ရဲ့ လက်အောက်မှာ တိုးတက်ဖို့ ရွေးချယ်ခဲ့ကြတာပါ။
​ဒါ့အပြင် ဂိုးသမား Jean Butez နဲ့ ခံစစ်မှူး Marc-Oliver Kempf တို့လို ဈေးသက်သက်သာသာနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေကိုလည်း ထိပ်တန်းအဆင့်ရောက်အောင် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။

​ဖာဘရီဂတ်စ်ဟာ အီတလီဘောလုံးလောကကို ပြောင်းလဲဖို့ ရောက်လာတာ မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘောလုံးကို ဘယ်လိုကစားသင့်သလဲဆိုတာကို သက်သေပြနေတာပါ။ အခုဆိုရင် ကိုမိုအသင်းဟာ ဘာရီ လို အသင်းတွေနဲ့ ကစားရမယ့် အခြေအနေကနေ ဘာစီလိုနာ၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းအလိုကို ရောက်ရှိနေပါပြီ။

Ref - The Athletic

James Garner (သို့မဟုတ်) အင်္ဂလန်ရဲ့ ‘Mini Valverde’ ဖြစ်လာမယ့် လူငယ်ကြယ်ပွင့်​အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ဥရုဂွေး အသင်းတ...
29/03/2026

James Garner (သို့မဟုတ်) အင်္ဂလန်ရဲ့ ‘Mini Valverde’ ဖြစ်လာမယ့် လူငယ်ကြယ်ပွင့်

​အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ဥရုဂွေး အသင်းတို့ရဲ့ ခြေစမ်းပွဲအပြီးမှာ နည်းပြ သောမတ်စ် တူချယ်လ် က ကစားသမားသစ်တစ်ယောက်ကို အခုလိုပဲ ချီးကျူးစကားဆိုခဲ့ပါတယ်။
​"James Garner ဟာ ကျွန်တော်တို့အသင်းရဲ့ 'Mini Valverde' ပါပဲ။ သူ့မှာ ပင်ကိုယ်ယုံကြည်မှုအပြည့်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း ကောင်းတယ်။ ဘောလုံးလုယူပုံတွေကလည်း အထင်ကြီးစရာပါပဲ"

​ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဖက်ဒရီကို ဗယ်လ်ဗာဒီနဲ့ နှိုင်းယှဉ်ခံရခြင်းဟာ Garner အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ပြီးခဲ့တဲ့သောကြာနေ့က ကစားခဲ့တဲ့ပွဲမှာ Garner ဟာ ပွဲထွက်ကစားသမားအဖြစ် မိနစ် ၇၀ နီးပါး ပါဝင်ခွင့်ရခဲ့ပြီး Set-piece တွေ ကန်တင်ပေးပုံနဲ့ ကွင်းလယ်မှာ ဘောလုံးပြန်လည်လုယူပုံတွေက တူချယ်လ်ရဲ့ မျက်စိထဲ တိုးသွားခဲ့တာ အသေအချာပါပဲ။

​အောင်မြင်မှုတွေ စတင်လာတဲ့ ရာသီ
​အသက် ၂၅ နှစ်အရွယ် အဲဗာတန်ကွင်းလယ်လူ Garner အတွက်တော့ ဒီနှစ်ဟာ သူ့ရဲ့ ဘဝအလှည့်အပြောင်း Breakthrough Season လို့ ပြောလို့ရပါတယ်။

ကိန်းဂဏန်းတွေအရ ကြည့်မယ်ဆိုရင်လည်း -
​ပရီးမီးယားလိဂ်မှာ Tackles (ဖျက်ထုတ်မှု) နဲ့ Interceptions (ဖြတ်တောက်မှု) အများဆုံးပြုလုပ်နိုင်သူတွေထဲမှာ ထိပ်ဆုံးပိုင်းမှာ ရှိနေပါတယ်။
​သူ့ရဲ့ Ground duels (မြေပြင်မှာ ယှဉ်လုမှု) အောင်မြင်နှုန်းဟာ ထိပ်တန်းကစားသမား ၂၀ ထဲမှာ အမြင့်ဆုံးပါ။
​ဒီရာသီမှာ အဲဗာတန်အတွက် ၂ ဂိုး သွင်းယူထားပြီး ၆ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။

​Garner ရဲ့ ထူးခြားချက်က နေရာစုံမှာ ကစားနိုင်ခြင်းပါ။ ဒီရာသီမှာ အဲဗာတန်အတွက် ဘယ်နောက်ခံလူအဖြစ် စတင်ပေးခဲ့ရပေမဲ့ နောက်ပိုင်းမှာ ညာနောက်ခံလူ၊ တောင်ပံကစားသမားနဲ့ သူအကြိုက်ဆုံး ဗဟိုကွင်းလယ်နေရာတွေမှာလည်း ခြေစွမ်းပြခဲ့ပါတယ်။ အဲဗာတန်နည်းပြ ဒေးဗစ်မွိုက်စ် ကတော့ ချဲလ်ဆီးကို ၃-၀ နဲ့ နိုင်တဲ့ပွဲအပြီးမှာ Garner ကို "ကွင်းအတွင်း အကောင်းဆုံးကစားသမား" လို့တောင် တံဆိပ်ကပ်ခဲ့ပါတယ်။

​မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက်ဖြစ်တဲ့ Garner ဟာ လူငယ်ဘဝတုန်းက မိုက်ကယ်ကားရစ်၊ အစ္စကိုတို့နဲ့တောင် နှိုင်းယှဉ်ခံခဲ့ရသူပါ။ အဲဗာတန်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဒဏ်ရာပြဿနာအချို့နဲ့ ရုန်းကန်ခဲ့ရပေမဲ့ အခုတော့ သူဟာ ရင့်ကျက်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါပြီ။
​သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အဲဗာတန်နဲ့ ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သလို၊ အင်္ဂလန်အသင်းကြီးမှာလည်း ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

​"ဒါဟာ ကောင်လေးတိုင်းရဲ့ အိမ်မက်ပါပဲ။ အခုတော့ အဲဒီအိမ်မက်က တကယ်ဖြစ်လာပြီ" လို့ Garner က သူ့ရဲ့ အင်္ဂလန်လက်ရွေးစင်ဘဝ စတင်ချိန်မှာ ပြောကြားခဲ့ပါတယ်။ အခု သူ့ရဲ့ ပစ်မှတ်ကတော့ လာမည့်နွေရာသီမှာ အမေရိကန်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်။
​"ကျွန်တော် ဒီအတိုင်းပဲ ဆက်ပြီး ခြေစွမ်းပြနိုင်မယ်ဆိုရင် ဘာမဆို ဖြစ်လာနိုင်ပါတယ်" လို့ သူက ယုံကြည်မှုအပြည့်နဲ့ ဆိုပါတယ်။

Ref - The Athletic

ဘောလုံးလောကရဲ့ "ကိန်းဂဏန်း" ရောဂါ နဲ့ ဘာကြောင့် မှတ်တမ်းထူးတွေက ပိုပိုပြီး ကြောင်တောင်တောင် ဖြစ်လာရတာလဲ?​ပြီးခဲ့တဲ့ အောက...
28/03/2026

ဘောလုံးလောကရဲ့ "ကိန်းဂဏန်း" ရောဂါ နဲ့ ဘာကြောင့် မှတ်တမ်းထူးတွေက ပိုပိုပြီး ကြောင်တောင်တောင် ဖြစ်လာရတာလဲ?

​ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကပေါ့။ မန်ချက်စတာယူနိုက်တက်က ဆန်းဒါးလန်းကို ၂-၀ နဲ့ နိုင်လိုက်တဲ့ပွဲအပြီးမှာ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအချက်အလက် တစ်ခု ပျံ့နှံ့လာပါတယ်။
​"ရူဘင် အာမိုရင်ဟာ ဆာ အဲလက်စ် ဖာဂူဆန် နောက်ပိုင်း ယူနိုက်တက်မှာ ပွဲ ၅၀ အပြည့်မှာ နိုင်ပွဲကို ရယူနိုင်တဲ့ ပထမဆုံး မန်နေဂျာ ဖြစ်လာခဲ့ပါပြီ။"
​ကြည့်လိုက်ရင်တော့ အရေးပါတဲ့ မှတ်တမ်းတစ်ခုလိုလိုပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် " ပွဲ ၅၀ အပြည့်မှာ ရတယ့်နိုင်ပွဲ" တဲ့။ နိုင်ပွဲ ၅၀ ပြည့်တာ မဟုတ်ပါဘူး။ ၅၀ မြောက် နိုင်ပွဲတစ်ပွဲတည်းကိုပဲ ကွက်ပြီး ပြောထားတာပါ။ ဒါက ဘာကို ဆိုလိုချင်တာလဲ? ဘာကိုမှ မဆိုလိုပါဘူး။ ဒီကိန်းဂဏန်းဟာ နောက်တစ်နေ့ မနက်လင်းတာနဲ့ အမှိုက်ပုံးထဲ ရောက်သွားတော့မယ့်၊ ဘယ်သူမှ ပြန်မသုံးတော့မယ့် အဓိပ္ပာယ်မဲ့ အချက်အလက်တစ်ခုသာ ဖြစ်ပါတယ်။

​ခေတ်သစ် ဘောလုံးသတင်းလောကမှာ Data တွေဟာ မရှိမဖြစ် ဖြစ်လာပါတယ်။ ဂိုးသမား ပေးဂိုးမရှိတာ ဘယ်နှမိနစ်ရှိပြီလဲ၊ တိုက်စစ်မှူး ဂိုးမသွင်းနိုင်တာ ဘယ်နှနာရီ ကြာပြီလဲ စတဲ့ အချက်အလက် တွေက ပရိသတ်ကို ဆွဲဆောင်ဖို့ ကောင်းပါတယ်။
ဒါပေမဲ့ တခါတလေကျတော့လည်း အချက်အလက်တွေက လူရယ်စရာ ဖြစ်လာတတ်ပါတယ်။ ၂၀၂၃ တုန်းက လီဗာပူးနဲ့ မန်စီးတီး ၁-၁ သရေကျတဲ့ပွဲမှာ Sky Sports က ထုတ်ပြန်တဲ့ Graphic တစ်ခုမှာ ထရန့် အလက်ဇန္ဒား အာနိုးကို "ဂိုးသွင်းအများဆုံး ကစားသမား (ပူးတွဲ)" လို့ ဖော်ပြခဲ့ပါတယ်။ ၁-၁ သရေကျတဲ့ပွဲမှာ တစ်ဂိုးသွင်းတဲ့သူက ဂိုးအများဆုံးဖြစ်နေတာ ဆန်းရောဆန်းနေသလား?

​ပြဿနာက Data မှာ ရှိတာမဟုတ်ဘဲ အဲဒီ Data ကို အသုံးချတဲ့ လူတွေမှာ ရှိနေတာပါပဲဖြစ်ပါတယ်။ ​ယူကေ မီဒီယာလောကမှာ Data တွေကို လက်ဝါးကြီးအုပ်ထားတာက Opta ပါ။ သူတို့ဆီက ထွက်လာတဲ့ "Stat Pack" တွေဟာ သတင်းထောက်တွေအတွက် ရွှေထုပ်ပါပဲ။ အသင်းတစ်သင်း နိုင်နိုင်၊ ရှုံးရှုံး၊ သရေကျကျ... သူတို့ဆီမှာ "အကောင်းမြင်" လို့ရမယ့် မှတ်တမ်းတစ်ခုခုတော့ ပါလာစမြဲပါ။
​ဥပမာ- "၁၉၇၇ နောက်ပိုင်း အဝေးကွင်းမှာ အရှည်ကြာဆုံး မရှုံးတဲ့ မှတ်တမ်း" ​ဒါမှမဟုတ် "ပရီမီယာလိဂ်မှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံး ဘရာဇီးလ်ကစားသမား"
​ဒါတွေဟာ တကယ်တမ်းကျတော့ ဘာမှ မဟုတ်တဲ့ ရေကို ဝိုင်ဖြစ်အောင် လှည့်စားဖန်တီးထားတဲ့ စာသားတွေသာ ဖြစ်ပါတယ်။

​​ဒီလို ထူးဆန်းတဲ့ မှတ်တမ်းတွေ ပေါများလာရတာဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီ တို့ကြောင့်လည်း ပါပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ပွဲတွေ၊ ဂိုးတွေကို အမြဲတမ်း ချိုးဖျက်နေတော့ လူတွေက ဂဏန်းအဝိုင်းတွေကိုပဲ စောင့်ကြည့်လာကြတယ်။ ၅၀၀ ပြည့်၊ ၆၀၀ ပြည့်၊ ၉၀၀ ပြည့်...။

​အခုဆိုရင် Fabrizio Romano လို သတင်းထောက်တွေက ရော်နယ်ဒို ၉၆၅ ဂိုး ပြည့်တာကိုတောင် "မိုင်တိုင်အသစ်" ဆိုပြီး တင်နေကြပြီပဲဖြစ်ပါတယ်။ ၁၀၀၀ ပြည့်အောင် ဘာလို့ မစောင့်ကြတော့တာလဲ? အဖြေကတော့ ရှင်းပါတယ်။ Content အသစ်အဆန်းတွေ နေ့တိုင်း တင်နေဖို့ လိုအပ်နေလို့ပါပဲ။

​မှတ်တမ်းတစ်ခု ခမ်းနားသွားအောင် Caveats လို့ခေါ်တဲ့ "ကန့်သတ်ချက်" တွေ အထပ်ထပ် ထည့်တာကလည်း အတတ်ပညာ တစ်ခု ဖြစ်လာပါတယ်။
​"Marcus Rashford ဟာ David Beckham ပြီးရင် ကွဲပြားခြားနားတဲ့ ချန်ပီယံလိဂ်အသင်း နှစ်သင်းအတွက် Direct Free Kick သွင်းယူနိုင်တဲ့ ဒုတိယမြောက် အင်္ဂလန်ကစားသမား ဖြစ်လာပါတယ်။"
​ကြည့်လိုက်ရင်တော့ ခမ်းနားသလိုလိုပဲ။ ဒါပေမဲ့ အင်္ဂလိပ်လူမျိုး ဖြစ်ရမယ်၊ Free Kick ဖြစ်ရမယ်၊ အသင်းနှစ်သင်း ဖြစ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေက အရမ်းများနေတော့ အဲဒီမှတ်တမ်းက တကယ်ရော ကောင်းမွန်နေရဲ့လား?

​တချို့ မှတ်တမ်းတွေကျတော့လည်း ရယ်မောဖို့ ကောင်းပါတယ်။ ကိုလံဘီယာက 'El Data Tricolor' ဆိုတဲ့ အကောင့်ဆိုရင် ချန်ပီယံလိဂ်မှာ "အရပ်အရှည်ဆုံး ဂိုးသမားတွေကို ဂိုးသွင်းနိုင်တဲ့ ကိုလံဘီယာ ကစားသမားများ" စာရင်းကိုတောင် ပြုစုထားပါသေးတယ်။

​နောက်ပြီး တချို့ဆိုရင် ပိုဆိုးပါတယ်။ သူတို့က ရုပ်ရှင်တွေနဲ့တောင် ချိတ်ဆက်တာပါ။ ​"၂၀၀၇ ကစပြီး Toy Story ရုပ်ရှင် ထွက်တဲ့နှစ်ကလွဲရင် ကျန်တဲ့နှစ်တိုင်းမှာ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ခဲ့ပါတယ်။" ဆိုတယ့် အချက်အလက်တွေပါ။
​အခုဆိုရင် ဘောလုံးလောကရဲ့ "မိုင်တိုင်" ဆိုတဲ့ အဓိပ္ပာယ်ဟာ ဝေဝါးလာပါပြီ။ အချက်အလက်တွေ အလွန်အကျွံ များပြားလာတဲ့ ခေတ်မှာ ကျွန်တော်တို့ဟာ ဘာမှမဆိုင်တဲ့ အချက်အလက်တွေကို ပေါင်းစပ်ပြီး မှတ်တမ်းအသစ်တွေ ဖန်တီးနေကြပါတယ်။
​နောက်ဆိုရင် မိုက်ကယ် ကာရစ်ဟာ မာလာဝီသမ္မတ ဒုတိယသက်တမ်း အရွေးခံရပြီးနောက်ပိုင်း ပွဲ ၅၀ မြောက်နိုင်ပွဲ ရယူနိုင်တဲ့ ပထမဆုံး ယူနိုက်တက် မန်နေဂျာ" ဆိုတဲ့ မှတ်တမ်းမျိုးတွေတောင် ထွက်လာရင် အံ့သြစရာတော့ရှိမနေတော့ပါဘူး။
Ref - The Athletic

၂၀၂၆ ကမ္ဘာ့ဖလား လက်မှတ်တွေ တကယ်ရော ကုန်ပြီလား? FIFA ရဲ့ ထုတ်ပြန်ချက်နောက်ကွယ်က လျှို့ဝှက်ချက်များ​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံ...
27/03/2026

၂၀၂၆ ကမ္ဘာ့ဖလား လက်မှတ်တွေ တကယ်ရော ကုန်ပြီလား?
FIFA ရဲ့ ထုတ်ပြန်ချက်နောက်ကွယ်က လျှို့ဝှက်ချက်များ

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး စတင်ဖို့ ၇၇ ရက်သာ လိုတော့တဲ့အချိန်မှာ ပရိသတ်တွေကြား အမေးအများဆုံး မေးခွန်းက "လက်မှတ်တွေ တကယ်ပဲ ရှိသေးရဲ့လား" ဆိုတာပါပဲ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ Gianni Infantino က လက်မှတ်ပေါင်း (၇) သန်းနီးပါး ရောင်းချဖို့ရှိပြီး ဝယ်ယူခွင့်တောင်းဆိုသူ သန်း ၅၀၀ ကျော်ရှိတယ်လို့ ကြွားဝါခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထင်သလောက် လက်မှတ်တွေ မပြတ်သေးဘူးဆိုတာကို အချက်အလက်တချို့က ပြသနေပါတယ်။

​FIFA ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဆောင်းရာသီ လက်မှတ်ရောင်းချမှု အဆင့် (၃) မှာ လက်မှတ်ပေါင်း (၁) သန်းကျော်ပဲ ရောင်းချခဲ့ရပါတယ်။ အရင်အဆင့်တွေမှာ ရောင်းချခဲ့တဲ့ (၂) သန်းနဲ့ ပေါင်းလိုက်ရင်တောင် စုစုပေါင်း ပရိသတ်ဝင်ဆံ့နိုင်မှု (၆.၇) သန်းရဲ့ ထက်ဝက်ကျော်လောက်ပဲ ရှိပါသေးတယ်။ ဒါဆို ကျန်တဲ့ လက်မှတ်တွေက ဘယ်ရောက်နေသလဲ?
​ဒီနေရာမှာ ဖြစ်နိုင်ခြေ (၃) ခု ရှိပါတယ်။

​ဝယ်လိုအား မမျှတခြင်း- အာဂျင်တီးနား၊ အင်္ဂလန်၊ မက္ကဆီကို စတဲ့ အသင်းကြီးတွေရဲ့ ပွဲစဉ်တွေနဲ့ ဗိုလ်လုပွဲတွေမှာတော့ လက်မှတ်ရဖို့ မဖြစ်နိုင်သလောက် ခက်ခဲပေမဲ့ အမေရိကန်နဲ့ ပါရာဂွေးတို့လို ပွဲစဉ်မျိုးတွေမှာတော့ လက်မှတ်တွေ ပေါများနေဆဲ ဖြစ်ပါတယ်။

​ဈေးနှုန်း အတားအဆီး- လူအများစုက ဈေးသက်သာတဲ့ Category 3 လက်မှတ်တွေကိုပဲ အလုအယက် တိုးဝှေ့ဝယ်ယူကြပြီး ဈေးကြီးတဲ့ Category 1 နဲ့ 2 လက်မှတ်တွေကတော့ ပိုင်ရှင်မဲ့ ကျန်နေတာမျိုးပါ။

​FIFA ရဲ့ ဗျူဟာ- လက်မှတ်တချို့ကို စပွန်ဆာတွေအတွက် ချန်ထားတာ ဒါမှမဟုတ် ပွဲနီးမှ ဈေးတင်ရောင်းဖို့ ဖယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

​နောက်ဆုံးမိနစ် အရောင်းအဆင့် (Last-Minute Sales Phase)
​လာမယ့် ဧပြီလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် ညပိုင်း မှာ@ FIFA ဟာ လက်မှတ်တွေကို "အရင်လာ အရင်ရ" စနစ်နဲ့ ပြန်လည်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခါ ထူးခြားတာကတော့ အရင်လို ကံစမ်းမဲစနစ် မဟုတ်တော့ဘဲ ပရိသတ်တွေက ကိုယ်ထိုင်ချင်တဲ့ ခုံနေရာကို တိုက်ရိုက်ရွေးချယ် ဝယ်ယူနိုင်တော့မှာပါ။

​၁၉၉၄ အမေရိကန် ကမ္ဘာ့ဖလားတုန်းက ပရိသတ် (၃.၅) သန်း စံချိန်တင်ခဲ့ပေမဲ့ အခု ၂၀၂၆ မှာတော့ အသင်းပေါင်း ၄၈ သင်း၊ ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ ရှိလာတဲ့အတွက် အဲဒီစံချိန် ကျိုးဖို့ကတော့ သေချာသလောက် ရှိနေပါတယ်။
​ဒါပေမဲ့ "လက်မှတ်တွေ ဝယ်မရတော့ဘူး" ဆိုတဲ့ သတင်းတွေက အကုန်လုံးအတွက်တော့ မမှန်ပါဘူး။ အခုထိ လက်မှတ်ပေါင်း တစ်သန်းနီးပါးလောက်ဟာ ပရိသတ်တွေလက်ထဲ ရောက်မလာသေးဘဲ လွင့်စင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နှစ်သက်တဲ့ အသင်းကြီးတွေရဲ့ ပွဲမဟုတ်ရင်တောင် ကမ္ဘာ့ဖလား အငွေ့အသက်ကို ခံစားချင်တဲ့ ပရိသတ်တွေအတွက်တော့ ဧပြီလ ၁ ရက်နေ့ဟာ နောက်ဆုံး အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။

Ref - The Athletic

စနစ်ကျတဲ့ ရှုပ်ထွေးမှု ပုံစံ နဲ့ Rayo Vallecano ကို အသွင်စပြောင်းနေသူ - Inigo Perez ​အင်္ဂလန် ပရီးမီယားလိဂ်မှာ Bournemou...
27/03/2026

စနစ်ကျတဲ့ ရှုပ်ထွေးမှု ပုံစံ နဲ့ Rayo Vallecano ကို အသွင်စပြောင်းနေသူ - Inigo Perez

​အင်္ဂလန် ပရီးမီယားလိဂ်မှာ Bournemouth အသင်းရဲ့ ပြင်းထန်တဲ့ တိုက်စစ်ဆင်မှုတွေကို သဘောကျတယ်ဆိုရင် အဲဒီနည်းပြ Andoni Iraola ရဲ့ လက်ရုံးဖြစ်ခဲ့ဖူးသူ Inigo Perez ကိုလည်း သတိထားကြည့်ဖို့ လိုပါတယ်။ အမှန်ဆိုရင် Perez ဟာ အင်္ဂလန်မှာ Iraola ရဲ့ လက်ထောက်အဖြစ် ရှိနေရမှာဖြစ်ပေမဲ့ အလုပ်ပါမစ် ပြဿနာကြောင့် စပိန်ကို ပြန်လာပြီး သူတို့နှစ်ဦးရဲ့ အောင်မြေဖြစ်တဲ့ Rayo Vallecano ကို ဦးဆောင်နေရတာပါ။
​Rayo Vallecano အသင်း ဆိုတာ ဘဏ္ဍာရေး အခက်အခဲတွေ၊ နိုင်ငံရေး ရှုပ်ထွေးမှုတွေကြားက ရုန်းကန်နေရတဲ့ အလုပ်သမားလူတန်းစား ရပ်ကွက်က အသင်းငယ်လေးပါ။ ဒါပေမဲ့ Perez ကတော့ ဒီဒေသခံတွေရဲ့ စိတ်အားထက်သန်မှုကို ကွင်းထဲက ကစားသမားတွေဆီ ကူးစက်စေခဲ့ပါတယ်။
​"ပရိသတ်တွေက အရာရာ ပေးဆပ်ထားတာမို့ ကစားသမားတွေကလည်း အရာရာ ပြန်ပေးဆပ်ရမယ်" လို့ Perez က ဆိုပါတယ်။

​Perez ဟာ Iraola ချန်ထားခဲ့တဲ့ တိုက်စစ်ဖွင့်ကစားပုံကို အခြေခံပေမဲ့ ပိုပြီး စနစ်ကျတဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထည့်သွင်းလာပါတယ်။ အရင်က ဘောလုံးကို ရှေ့တန်းဆီ တန်းတင်ပို့တာမျိုးထက် အခုဆိုရင် Villarreal သို့မဟုတ် Real Sociedad တို့လို စိတ်ရှည်လက်ရှည် လူပေးကစားပြီးမှ အခွင့်အရေး ဖန်တီးလာတာကို တွေ့ရပါတယ်။ ​Full-backs တွေရဲ့ အခန်းကဏ္ဍ ကလည်း ပိုအရေူပါ သလို Andrei Ratiu နဲ့ Pep Chavarria တို့လို တောင်ပံနောက်ခံလူတွေကို ရှေ့အထိ တက်ကစားခိုင်းပြီး တိုက်စစ်ကို အားဖြည့်စေပါတယ်။ အထူးသဖြင့် Ratiu ဟာ အခုဆိုရင် လာလီဂါမှာ အန္တရာယ်အရှိဆုံး နောက်ခံလူတစ်ယောက် ဖြစ်လာပါပြီ။

​"စနစ်ကျတဲ့ ရှုပ်ထွေးမှု" (Ordered Chaos)
​Perez က သူ့ရဲ့ ကစားဟန်ကို "Ordered Chaos" လို့ တင်စားပါတယ်။ ကွင်းထဲမှာ ကစားသမားတွေက နေရာအနှံ့ လှုပ်ရှားနေပြီး ပြိုင်ဘက် ခံစစ်ကို ဝေဝါးသွားအောင် လုပ်တာပါ။ ဘောလုံးလက်လွှတ်လိုက်ရချိန်မှာလည်း အရင်ကလို ဇွတ်တိုး ခံစစ်ပိတ်တာမျိုးထက် ပြိုင်ဘက်ရဲ့ အားနည်းချက်ကို စောင့်ကြည့်ပြီးမှ အရှိန်အဟုန်နဲ့ ဖိအားပေး (Pressing) တာမျိုး ပြောင်းလဲလာပါတယ်။

​Perez ရဲ့ လက်ထက်မှာ Rayo ဟာ တူရကီကလပ် Samsunspor ကို ကျော်ဖြတ်ပြီး Conference League ရဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းငယ်လေးအတွက်တော့ သမိုင်းဝင် အောင်မြင်မှုပါပဲ။ လာလီဂါမှာလည်း နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားတဲ့အတွက် တန်းတင်ဖို့ စိတ်ချရတဲ့ အနေအထားမှာ ရှိနေပါတယ်။
အသက် ၃၈ နှစ်အရွယ် Inigo Perez ဟာ အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးရောက်အောင် ဆွဲထုတ်နိုင်တဲ့၊ ဗျူဟာမြောက်ပြီး လိုက်လျောညီထွေရှိတဲ့ နည်းပြသစ်တစ်ယောက် ဖြစ်ပါတယ်။ စပိန်မြေက ထွက်ပေါ်လာတဲ့ နောက်ထပ် ပါရမီရှင် နည်းပြတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

Ref - The Athletic

ပရီးမီးယားလိဂ်ရဲ့ မှတ်တမ်းသစ် တစ်ခု​ နဲ့ ရှေ့နှစ် ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ် ၁၁ သင်းအထိ မြင်တွေ့ရမလား?​အခုလက်ရှိဘ...
26/03/2026

ပရီးမီးယားလိဂ်ရဲ့ မှတ်တမ်းသစ် တစ်ခု​ နဲ့ ရှေ့နှစ် ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ် ၁၁ သင်းအထိ မြင်တွေ့ရမလား?
​အခုလက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ်အသင်း ၉ သင်းအထိ ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ဒါဟာ စံချိန်တင်အရေအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်လာမယ့် ၂၀၂၆-၂၇ ရာသီမှာတော့ အဲဒီအရေအတွက်က ၁၁ သင်းအထိ တိုးလာနိုင်တဲ့ "အိပ်မက်ဆန်ဆန်" အခွင့်အရေးတစ်ခု ရှိနေပါတယ်။

​ချန်ပီယံလိဂ် ၅ နေရာ
ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်းဟာ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရပါတယ်။ ဒါပေမဲ့ ၂၀၂၄-၂၅ ရာသီကစပြီး ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုအရှိဆုံး လိဂ်တွေအတွက် "European Performance Spots (EPS)" ဆိုတဲ့ အပိုတစ်နေရာ ပေးအပ်ခဲ့ရာမှာ ပရီးမီးယားလိဂ်က အဆင့် ၅ နေရာအထိ အခွင့်အရေး ရရှိထားပါတယ်။ လက်ရှိဇယားအရ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူနိုက်တက်၊ ဗီလာနဲ့ လီဗာပူးတို့ဟာ ဒီနေရာတွေကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

​ယူရိုပါလိဂ်နဲ့ ကွန်ဖရန့်လိဂ် Permutations
ယူရိုပါလိဂ်ကိုက ပုံမှန်သတ်မှတ်ချက်အရ အဆင့် ၆ နေရာက အသင်းနဲ့ FA ဖလားချန်ပီယံတို့က ရရှိမှာဖြစ်ပြီး ၊ Carabao Cup ချန်ပီယံက ကွန်ဖရန့်လိဂ် ဝင်ခွင့်ရမှာပါ။ ဒါပေမဲ့ မန်စီးတီးက Carabao Cup ရထားပြီးသားဖြစ်လို့ သူတို့သာ ထိပ်ဆုံး ၅ သင်းထဲ ဝင်သွားရင် အဲဒီ ကွန်ဖရန့်လိဂ်နေရာဟာ အဆင့် ၇ နေရာ (လက်ရှိ ဘရန်ဖို့) ဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ FA ဖလားချန်ပီယံက အမှတ်ပေးဇယား ထိပ်ဆုံး ၆သင်းထဲကဖြစ်မယ်ဆိုရင်တော့ အဆင့် ၇ နေရာက အသင်းက ယူရိုပါလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပြီး အဆင့် ၈ နေရာကအသင်းက ကွန်ဖရန့်လိဂ်ရရှိမှာဖြစ်ပါတယ်။

​၁၁ သင်း ဖြစ်လာနိုင်မယ့် အခြေအနေ (Hypothetical Scenario)
အသင်း ၁၁ သင်းအထိ ဥရောပသွားခွင့်ရဖို့ဆိုရင် အောက်ပါအတိုင်း ဖြစ်လာဖို့ လိုအပ်ပါတယ် -

​အဆင့် ၇ ထိ မဟုတ်တဲ့အသင်းက ဥရောပမှာ ချန်ပီယံဖြစ်ရပါမယ်။ နော်တင်ဟမ်ဖောရက်စ်က ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ပြီး၊ ပဲလေ့စ်က ကွန်ဖရန့်လိဂ်မှာ ချန်ပီယံဖြစ်မယ်ဆိုရင် သူတို့က ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ကို အသီးသီး တက်လှမ်းနိုင်မှာပါ။ ဒါ့အပြင် ​လီဗာပူးနဲ့ ဗီလာတို့ရဲ့ အလှည့်အပြောင်းကတော့ လီဗာပူးက ချန်ပီယံလိဂ်ရပြီး ဗီလာက ယူရိုပါလိဂ်ရခဲ့ပြီး သူတို့နှစ်သင်းလုံးဟာ လိဂ်ဇယားမှာ အဆင့် ၅ ပြင်ပကို ရောက်သွားမယ်ဆိုရင်တော့ အင်္ဂလန်ကလပ်တွေအတွက် အပိုနေရာတွေ ထပ်တိုးလာမှာ ဖြစ်ပါတယ်။
FA Cup မှာ ဗိုလ်စွဲတဲ့သူကလည်း ထိပ်ဆုံး ၆ သင်းထဲက မဟုတ်တဲ့ အသင်းတစ်သင်း (ဥပမာ- ဝက်စ်ဟမ်း သို့မဟုတ် လိဒ်စ်) ချန်ပီယံဖြစ်သွားမယ်ဆိုရင် နောက်ထပ် ယူရိုပါလိဂ် တစ်နေရာ တိုးလာပါလိမ့်မယ်။လီဗာပူးနှင့် ဗီလာတို့သည် ကျန်ရှိသည့် ၇ ပွဲတွင် အဆင့် ၅ အပြင်ဘက်သို့ ရောက်သွားသော်လည်း ဥရောပပြိုင်ပွဲများတွင် ဖလားရခဲ့ကြမယ်ဆိုရင် ​ထိုအခါ သူတို့ ၂ သင်းကတော့ ထိပ်ဆုံး ၅ သင်းနှင့် ပူးပေါင်းကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အင်္ဂလန်အသင်း ၇ သင်း ဖြစ်လာမည်ဖြစ်ပြီး အဆင့် ၈ ရှိ အသင်းသည် ပဲလေ့စ် (ကွန်ဖရန့်လိဂ် ချန်ပီယံအဖြစ်) နှင့် FA ဖလား ချန်ပီယံ (သို့မဟုတ် အဆင့် ၉ အသင်း) တို့နှင့်အတူ ယူရိုပါလိဂ်ဝင်ခွင့် ၃ နေရာကို ရရှိသွားမည်ဖြစ်ရာ စုစုပေါင်း ၁၀ သင်းအထိ ရှိလာမည်ဖြစ်ပြီး အဆင့် ၁၀ ရသည့်အသင်းကတော့ ကွန်ဖရန့်လိဂ်ဝင်ခွင့် ရရှိမည်ဖြစ်ပြီး၊ ရလဒ်အနေဖြင့် ပရီးမီယား လိဂ်အသင်းများ၏ ၅၅ ရာခိုင်နှုန်းသည် ၂၀၂၆-၂၇ ရာသီတွင် ဥရောပပွဲစဉ်များကို ဆင်နွှဲခွင့် ရရှိကြမည်ဖြစ်သည်။
ဒါဟာ ဖြစ်နိုင်ခြေနည်းပါးတဲ့ တွက်ချက်မှုတစ်ခုလို့ ထင်ရပေမဲ့ လက်ရှိ ဖလားပြိုင်ပွဲတွေရဲ့ အခြေအနေအရ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ရာသီကုန်ခါနီး ရက်သတ္တပတ်တွေမှာ ပရီးမီးယားလိဂ် အလယ်အလတ်အသင်းတွေအတွက် ဥရောပမျှော်လင့်ချက်ဟာ ပိုမိုပြင်းထန်လာတော့မှာ သေချာပါတယ်။

Ref - The Athletic

အမ်ဘာပေ ခြေထောက်မှားစစ်ခဲ့ခြင်းရဲ့ နောက်ကွယ် ရီးရဲလ် ဆေးအဖွဲ့ရဲ့  အန္တရာယ်များတဲ့ လွဲမှားမှုတစ်ခု​Real Madrid အသင်းရဲ့ ဆ...
25/03/2026

အမ်ဘာပေ ခြေထောက်မှားစစ်ခဲ့ခြင်းရဲ့ နောက်ကွယ် ရီးရဲလ် ဆေးအဖွဲ့ရဲ့ အန္တရာယ်များတဲ့ လွဲမှားမှုတစ်ခု

​Real Madrid အသင်းရဲ့ ဆေးအဖွဲ့ဟာ ကြယ်ပွင့်တိုက်စစ်မှူး Kylian Mbappe ရဲ့ ဒူးဒဏ်ရာကို စစ်ဆေးရာမှာ မယုံနိုင်စရာ အမှားတစ်ခု ကျူးလွန်ခဲ့ကြောင်း သိရပါတယ်။ အဲဒါကတော့ ဒဏ်ရာရနေတဲ့ ခြေထောက်ကို မစစ်ဆေးဘဲ တခြားခြေထောက်တစ်ဖက်ကို MRI ရိုက်ပြီး ရောဂါရှာဖွေခဲ့မိတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက Mbappe ဟာ သူ့ရဲ့ ဘယ်ဘက်ဒူးမှာ ဒဏ်ရာရရှိခဲ့တာပါ။ ဒါပေမဲ့ Madrid ဆေးအဖွဲ့ဟာ ဒဏ်ရာမရှိတဲ့ "ညာဘက်ဒူး" ကို MRI ရိုက်ခဲ့မိပြီး ဘာပြဿနာမှမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအမှားကြောင့် အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒဏ်ရာကို ဖုံးဖိပြီး နောက်ထပ် ၃ ပွဲဆက်တိုက် ကစားခဲ့ရပါတယ်။ ​အတွင်းသတင်းတွေအရ Mbappe ဟာ ဘယ်ဘက်ဒူးမှာ ရောင်ရမ်းနေတဲ့ လက္ခဏာတွေ ရှိနေပေမဲ့လည်း မှားယွင်းနေတဲ့ MRI အဖြေကြောင့် ဆက်ကစားခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာမှ ခြေထောက်မှားစစ်မိမှန်း သိရှိသွားပြီး ပြန်လည်စစ်ဆေးတဲ့အခါမှာတော့ ဘယ်ဘက်ဒူး အရွတ်ပိုင်းဆိုင်ရာ (partial posterior knee ligament) စုတ်ပြဲနေတာကို တွေ့ရှိခဲ့ရပါတယ်။
Mbappe ဟာ ဒဏ်ရာရှိလျက်နဲ့ ဒီဇင်ဘာလကုန်အထိ ပွဲတိုင်းလိုလို ပါဝင်ကစားခဲ့ပြီး Cristiano Ronaldo ရဲ့ တစ်နှစ်အတွင်း ၅၉ ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုတောင် လိုက်မီခဲ့ပါသေးတယ်။ ဒါပေမဲ့ ခရစ္စမတ်အားလပ်ရက်အပြီး လေ့ကျင့်ရေးကွင်းကို ပြန်ရောက်တဲ့အခါမှာတော့ သူ့ရဲ့ဘယ်ဘက်ဒူးကို ကိုင်ပြီး ဆေးအဖွဲ့နဲ့ စိုးရိမ်တကြီး ဆွေးနွေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။
​ဇန်နဝါရီလမှာ ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ Barcelona ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ Xabi Alonso ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ နည်းပြသစ် Arbeloa လက်ထက်မှာတော့ Mbappe ရဲ့ ဒဏ်ရာကို ပိုမိုသတိထားကိုင်တွယ်လာပြီး လေ့ကျင့်ခန်းအစီအစဉ်တွေကို လျှော့ချခဲ့ရပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့အပတ်က Manchester City နဲ့ ကစားခဲ့တဲ့ Champions League ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပါဝင်လာနိုင်ခဲ့သလို၊ Atletico Madrid နဲ့ ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ သူဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ အမေရိကန်မှာကစားမယ့် ဘရာဇီး၊ ကိုလံဘီယာတို့နဲ့ ခြေစမ်းပွဲတွေအတွက် ရောက်ရှိနေပြီဖြစ်ပါတယ်။
​ဒီဖြစ်ရပ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ သတ်မှတ်ခံထားရတဲ့ Real Madrid ရဲ့ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲမှုတွေအပေါ် မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်လာစေခဲ့ပါတယ်။
Ref - The Athletic

၄၁ ရက်အတွင်း အောက်ဆုံးကနေ ထိပ်တန်းဆီသို့ - ဟာဇယ်လာနဲ့ ဘရိုက်တန်တို့ရဲ့ အံ့ဖွယ်အလှည့်အပြောင်း​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပ...
25/03/2026

၄၁ ရက်အတွင်း အောက်ဆုံးကနေ ထိပ်တန်းဆီသို့ - ဟာဇယ်လာနဲ့ ဘရိုက်တန်တို့ရဲ့ အံ့ဖွယ်အလှည့်အပြောင်း

​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းတုန်းက ဘရိုက်တန်ပရိသတ်တွေဟာ ဒေါသချောင်းချောင်းထွက်နေခဲ့ကြတာပါ။ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်ကို ရှုံးပြီးချိန်မှာ ၁၂ ပွဲကစားလို့ ၁ ပွဲသာနိုင်တဲ့ မှတ်တမ်းနဲ့အတူ ဇယားအဆင့် ၁၄ ထိ ရောက်သွားခဲ့လို့ နည်းပြ ဟာဇယ်လာကို ထုတ်ပစ်ဖို့တောင် တောင်းဆိုခဲ့ကြပါတယ်။

​ဒါပေမဲ့ အခုတော့ အခြေအနေက တခြားစီပါ။ ၄၁ ရက်အတွင်းမှာတင် ဘရိုက်တန်ဟာ ဥရောပဝင်ခွင့်ကို မျှော်မှန်းနိုင်တဲ့အဆင့်ထိ ပြန်တက်လာခဲ့ပါတယ်။ ဒီအလှည့်အပြောင်းနောက်ကွယ်က အဓိကအချက်တွေကို လေ့လာကြည့်ရအောင်။

​၁။ စိန့်ဂျော့ခ်ျပါ့ခ်က Darts ပြိုင်ပွဲ

​အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်မှုကို ကွင်းပြင်ပကနေ စတင်ခဲ့တာပါ။ နည်းပြဟာ ကစားသမားတွေကို စိန့်ဂျော့ခ်ျပါ့ခ် (နိုင်ငံလက်ရွေးစင်လေ့ကျင့်ရေးကွင်း) မှာ သွားရောက်နေထိုင်စေပြီး ဂျိမ်းစ် မီလ်နာတို့ ဦးဆောင်တဲ့ Darts ပြိုင်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေကြားက ရင်းနှီးမှုနဲ့ စည်းလုံးမှုကို ပြန်လည်ရရှိစေခဲ့ပြီး "ကျရှုံးမှုတွေကနေ ရုန်းထွက်ဖို့ အချင်းချင်း ယုံကြည်မှု" ကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

​၂။ ဝါရင့်ကစားသမားတွေကို ယုံကြည်မှုပေးခြင်း
​အသက် ၃၃ နှစ်အရွယ်ပဲ ရှိသေးတဲ့ နည်းပြ ဟာဇယ်လာဟာ သူ့ထက်အသက်ကြီးတဲ့ ဝါရင့်ကစားသမားတွေကို အားကိုးခဲ့ပါတယ်။
​ဂျိမ်းစ် မီလ်နာ (၄၀ နှစ်) က ပရီမီယာလိဂ် ပွဲအများဆုံးစံချိန်သစ်နဲ့အတူ ကွင်းလယ်မှာ ကျောက်ဆောင်လို ခိုင်မာပေးခဲ့ပါတယ်။ ​ဒန်နီ ဝဲလ်ဘတ် (၃၅ နှစ်) က တိုက်စစ်မှာ အဓိက ဂိုးသွင်းရှင်အဖြစ် တာဝန်ကျေခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
​လူးဝစ် ဒန့်ခ် နဲ့ ပါစကယ် ဂရော့စ် တို့က အသင်းရဲ့ ခံစစ်နဲ့ ကွင်းလယ်ကို အတွေ့အကြုံရင့်ရင့်နဲ့ ထိန်းကျောင်းပေးခဲ့ကြပါတယ်။

​၃။ နည်းဗျူဟာသစ်နဲ့ ဟင်းရှဲလ်ဝုဒ် (Jack Hinshelwood)
​နည်းပြ ဟာဇယ်လာရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကတော့ အသက် ၂၀ အရွယ် လူငယ်လေး ဟင်းရှဲလ်ဝုဒ်ကို နံပါတ် ၁၀ နေရာ (ကွင်းလယ်တိုက်စစ် ) မှာ ပြောင်းလဲကစားစေခဲ့တာပါ။ ဝဲလ်ဘတ်နဲ့ ဟင်းရှဲလ်ဝုဒ်တို့ရဲ့ အတွဲအဖက်ဟာ အလုပ်ဖြစ်ခဲ့ပြီး လီဗာပူးကို နိုင်တဲ့ပွဲမှာလည်း သူတို့နှစ်ဦးရဲ့ ချိတ်ဆက်မှုကနေ အနိုင်ဂိုးရခဲ့တာ ဖြစ်ပါတယ်။

​၄။ ပရိသတ်နဲ့ ပြန်လည်သင့်မြတ်ခြင်း
​ပဲလေ့စ်ကိုရှုံးစဉ်က လှောင်ပြောင်ခံခဲ့ရတဲ့ ဟာဇယ်လာဟာ အခုတော့ Amex ကွင်းရဲ့ သူရဲကောင်း ဖြစ်လာပါပြီ။ အာဆင်နယ်အသင်းရဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာကို လူသိရှင်ကြား ဝေဖန်တိုက်ခိုက်ခဲ့တာက ပရိသတ်တွေရဲ့ ထောက်ခံမှုကို ပြန်ရစေခဲ့သလို၊ လီဗာပူးလို အသင်းကြီးကို အနိုင်ရပြီးချိန်မှာတော့ ကွင်းထဲမှာဟပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့တာက အသင်းရဲ့ စိတ်ဓာတ်ကို အမြင့်ဆုံး ရောက်စေခဲ့ပါတယ်။

​၅။ ဒဏ်ရာပြဿနာများ ပြေလည်လာခြင်း
​ဘရိုက်တန်ရဲ့ ခံစစ်ဟာ အခုဆိုရင် အတော်လေး တည်ငြိမ်သွားပါပြီ။ ဒဏ်ရာကနေ ပြန်လာတဲ့ ဝီဖာ နဲ့ ကာဒီယိုဂလူး တို့ဟာ အစွန်ခံစစ်တွေမှာ ခြေစွမ်းပြနေသလို၊ မီတိုမာနဲ့ ဘလီဘာတို့လည်း လူစားဝင်ကစားသမားအဖြစ် ပြန်ပါလာနိုင်တာက နည်းပြအတွက် အင်အားတစ်ရပ် ဖြစ်စေပါတယ်။

"ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့တာထက် ပွဲကို ပိုပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့တာပါ" လို့ ဟာဇယ်လာက ဆိုပါတယ်။အသင်း ပိုင်ရှင် တိုနီဘလွန်းရဲ့ ယုံကြည်မှု၊ ဝါရင့်ကစားသမားတွေရဲ့ ဦးဆောင်မှုနဲ့ နည်းပြရဲ့ နည်းဗျူဟာပိုင်း ဆန်းသစ်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ ဘရိုက်တန်ဟာ ၄၁ ရက်အတွင်းမှာတင် မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကနေ ဥရောပအိပ်မက်ကို ပြန်လည်မက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Ref - The Athletic

Address

Thuwunna
Yangon

Website

Alerts

Be the first to know and let us send you an email when Satt's Football Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category