12/05/2026
ရက်ဘ်ဘီ အသွင်ဆန်လာတဲ့ ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘော ပြဿနာ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ပွဲမှာ ဖြစ်ခဲ့တဲ့ ဒေးဗစ် ရာယာအပေါ် ဖောင်း ဖြစ်၊ မဖြစ် VAR နဲ့ ၅ မိနစ်ကျော် ကြည့်ခဲ့ရတဲ့ ဖြစ်ရပ်ဟာ ပရိသတ်တွေ လိုချင်တဲ့ "Hollywood ဆန်ဆန် ဇာတ်သိမ်း" မျိုး မဟုတ်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ကနေတစ်ဆင့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘောပုံစံတွေဟာ ပျက်စီးနေပြီ လို့တောင် ဆိုလာကြပါတယ်။
ကိန်းဂဏန်းတွေက ပြောပြနေတဲ့ အပြောင်းအလဲ
အခု ရာသီမှာ ထောင့်ကန်ဘောတွေနဲ့ ပတ်သက်လို့ စံချိန်တင် ကိန်းဂဏန်း (၃) ခုကို တွေ့ရပါတယ်။ Inswinging Corners (အထဲလှည့်ဝင်လာသောကန်ချက်များ) က ၂၀၂၂-၂၃ ရာသီမှာ ၄၈ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ အခုဆိုရင် ၇၁ ရာခိုင်နှုန်း (အကြိမ်ရေ ၂,၅၀၃ ကြိမ်) အထိ မြင့်တက်လာပါတယ်။ ဂိုးသမားအပေါ် ကျူးလွန်တဲ့ ဖောင်းများကလည်း ၁၄၆ ကြိမ်အထိ ရှိလာပြီး ဒါဟာ ၂၀၁၈-၁၉ နောက်ပိုင်း အများဆုံးပဲဖြစ်ပါတယ်။ ထောင့်ကန်ဘောကရတဲ့ ဂိုးများကလည်း စုစုပေါင်း ၁၇၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ မတော်တဆ ဖြစ်လာတာ မဟုတ်ပါဘူး။ အသင်းတွေက Set-piece Coach တွေ ခန့်အပ်လာပြီး ဂိုးသမားကို လူအုပ်နဲ့ ဝိုင်းပိတ်တာ၊ ဘလော့ လုပ်တာတွေကို နည်းဗျူဟာမြောက် အသုံးချလာကြလို့ပဲ ဖြစ်ပါတယ်။
ဒိုင်လူကြီးတွေအတွက် အခက်အခဲ
ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဂရေဟမ် စကော့ ကတော့ "စည်းမျဉ်းတွေ ပြောင်းဖို့ လိုနေပြီ" လို့ ဆိုပါတယ်။အရင်ကဆိုရင် ဂိုးသမားကို ထိတာနဲ့ ဒိုင်တွေက ဖောင်း ပေးလေ့ရှိတယ်။ အဲဒီတုန်းက ဂိုးသမားတွေကို အကာအကွယ် ပေးလွန်းတယ်လို့ ဝေဖန်ခဲ့ကြပေမဲ့ အခုတော့ ဂိုးသမားတွေဟာ ဘာအခွင့်အရေးမှ မရတော့တဲ့ အခြေအနေ ဖြစ်နေပြီ။ အခုဆိုရင် ဂိုးရှေ့မှာ လူပေါင်း ၁၆ ယောက်ကနေ ၁၈ ယောက်လောက်အထိ စုပြုံတိုးဝှေ့နေကြတဲ့အတွက် ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ဘယ်သူက အရင်စတွန်းတာလဲ၊ ဘယ်သူက အရင်ဆွဲတာလဲဆိုတာကို သဲသဲကွဲကွဲ မြင်ရဖို့ မဖြစ်နိုင်တော့ပါဘူး။
ဥရောပတခြားလိဂ်တွေနဲ့ ကွာခြားချက်
ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုဟာ သူ့ရဲ့ Identity လို့ ဆိုနိုင်ပေမဲ့ တခြား ဥရောပထိပ်တန်းလိဂ်တွေမှာတော့ ထောင့်ကန်ဘောကနေ ဂိုးရတာ ပိုနည်းပါတယ်။
ဂျာမနီ (Bundesliga): ၁၃၃ ဂိုး
အီတလီ (Serie A): ၁၂၀ ဂိုး
စပိန် (La Liga): ၁၁၁ ဂိုး
(ပရီးမီးယားလိဂ်မှာ အခုထိ ၁၇၄ ဂိုးအထိ ရှိနေတာ ဖြစ်ပါတယ်။)
ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲ?
ပြဿနာကို ဖြေရှင်းဖို့ နည်းပြတွေက နည်းမျိုးစုံ ကြိုးစားနေကြပါတယ်။ ဘရိုက်တန်နည်းပြ ဟက်ဇယ်လာ က သူ့ကစားသမားတွေကို ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုမှာ သန်မာအောင် MMA ဖိုက်တာ တစ်ဦးကို ခေါ်ပြီး လေ့ကျင့်ပေးခဲ့သလို၊ ချဲလ်ဆီးအသင်းကတော့ ထောင့်ကန်ဘော ကာကွယ်တဲ့အခါ ဧရိယာထဲမှာ လူရှင်းသွားအောင် တိုက်စစ်ကစားသမား (၃) ယောက်ကို ကွင်းလယ်လောက်အထိ ထုတ်ထားတဲ့ နည်းလမ်းကို သုံးခဲ့ပါတယ်။
စည်းမျဉ်းပိုင်းအရဆိုရင်တော့ ဂရေဟမ် စကော့က အောက်ပါအတိုင်း အကြံပြုထားပါတယ်-
Field Hockey စည်းမျဉ်းကို နမူနာယူပြီး ထောင့်ကန်ဘော ကာကွယ်တဲ့အခါ နောက်ခံလူ အရေအတွက်ကို ကန့်သတ်တာမျိုး။
ဧရိယာ တစ်ခု သတ်မှတ်ကာ ၆ ကိုက်စည်း ဒါမှမဟုတ် ၁၈ ကိုက်စည်း အတွင်းမှာ လူစုပုံမှုကို ကန့်သတ်တဲ့ ဥပဒေမျိုး ထုတ်ပြန်ခြင်း။
နောက်တစ်ခုအနေနဲ့ ဂိုးတိုင်ဘေးမှာ ဂိုးလိုင်းဒိုင် တွေ ပြန်ထားပြီး ဂိုးသမားအပေါ် ကျူးလွန်တဲ့ အမှားတွေကို သေချာ စောင့်ကြည့်စေခြင်းမျိုးပြုလုပ်ဖို့ အကြံပေးထားပါတယ်။
ထောင့်ကန်ဘောတွေဟာ တစ်ဦးချင်း ထိုးဖောက်မှု၊ တီထွင်ဆန်းသစ်တဲ့ နည်းဗျူဟာတွေနဲ့ လှပတဲ့ ဂိုးတွေ ဖြစ်လာရမယ့်အစား အခုတော့ ရပ်ဂ်ဘီ ကစားသလို တစ်ယောက်ကိုတစ်ယောက် လုံးထွေးသတ်ပုတ်နေတဲ့ ပွဲကြမ်းကြီးတွေ ဖြစ်နေပါတယ်။ ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့ ထောင့်ကန်ဘောတွေဟာ ဘောလုံးပရိသတ်တွေအတွက် စိတ်ပျက်စရာတစ်ခု မဖြစ် ဆက်ရှိနေဦးမှာပါ။
Ref-The Athletics