02/11/2025
Myanmar Squash Federation (MSF) နှင့် Korea Squash Federation (KSF) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
===================================
Myanmar Squash Federation (MSF) နှင့် Korea Squash Federation (KSF) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို 31.10.2025 (သောကြာနေ့)တွင် ရန်ကုန်မြို့၊ Chatrium Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်မှ မိန့်ခွန်းပြောကြားခြင်း၊ Myanmar Squash Federation (MSF) ၏ ဥက္ကဌ ဒေါ်ဆွေဇင်ထိုက်မှ အဖွဲ့ချုပ်၏ ရည်မှန်းချက်များ၊ လေ့ကျင့်ရေး အစီအစဉ်များနှင့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များအကြောင်းကို ရှင်းလင်း ပြောကြားခြင်း၊ Korea Squash Federation (KSF) ၏ ဥက္ကဌမှ MOU ရေးထိုးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ Myanmar Squash Federation (MSF) ၏ ဒုတိယဥက္ကဌ ဒေါ်ရည်ဝိုင်းဦးမှ စကွက်ရှ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ၏ ပံ့ပိုးမှု နှင့် အဖွဲ့အစည်းဆိုင်ရာ ကတိကဝတ်များ၏ အရေးပါမှုအကြောင်းကို ပြောကြားခြင်း၊ Myanmar Squash Federation (MSF) ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်မှ SEA Games ပြင်ဆင်မှုအခြေအနေများနှင့် မြန်မာနိုင်ငံတွင် စကွက်ရှ် အားကစား၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်ချက် (Roadmap) များအကြောင်းကို ရှင်းလင်းတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
ထို့နောက် Myanmar Squash Federation (MSF) ၏ ဥက္ကဌ နှင့် Korea Squash Federation (KSF) ၏ ဥက္ကဌ တို့မှ စကွက်ရှ်အားကစားနှင့်ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မည့်ကိစ္စရပ်များအတွက် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပါသည်။
ထို့နောက် Myanmar Squash Federation (MSF) မှ ဂုဏ်ထူးဆောင်နာယကဘွဲ့များပေးအပ်ခြင်း၊ SEA Games ပြိုင်ပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်း၊ Korea Squash Federation (KSF) မှလည်း ပံ့ပိုးကူညီခဲ့ကြသည့် KSF Members များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။
ယင်းနောက်တွင် အခမ်းအနားအောင်မြင်စွာ ပြီးဆုံးကြောင်းကြေငြာပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။