20/08/2025
၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှ စတင်ကာ IFAB (International Football Association Board) မှ တစ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲကျင့်သုံးလျက်ရှိသည့် ဘောလုံးဥပဒေအချို့အား နည်းပြများ၊ ဘောလုံးသမားများနှင့် ပရိသတ်များ လေ့လာသိရှိနိုင်စေရန်အတွက် ဖော်ပြပေးလိုက်ရပါသည်။
၁။ အသင်းခေါင်းဆောင်
ကွင်းအတွင်း ပြဿနာတစ်စုံတရာဖြစ်ခဲ့ပါက အသင်းခေါင်းဆောင်တစ်ဦးကသာလျင် ကွင်းလယ်ဒိုင်လူကြီးအား ရှင်းပြပြောဆိုခွင့်ရှိမည်ဖြစ်သည်။ အသင်းခေါင်းဆောင်မဟုတ်သော တခြားကစားသမားတစ်ဦးဦးမှ သွားရောက်ပြောဆိုခဲ့လျင် ဒိုင်လူကြီးမှ အဝါကတ်ပြသနိုင်သည်။ ဂိုးသမားသည် အသင်းခေါင်းဆောင်ဖြစ်နေပါက ဒုတိယအသင်းခေါင်းဆောင်က ရှင်းပြပြောဆိုနိုင်(ခွင့်)ရှိသည်။
၂။ (၈) စက္ကန့်စည်းမျဉ်း
ဂိုးသမားတစ်ဦးသည် ဘောလုံးကို မိမိလက်ထဲတွင် (၈) စက္ကန့်ထက်ပို၍ ထိန်းသိမ်းထားရှိမည်ဆိုလျင် ပြိုင်ဘက်အသင်းအား ထောင့်ကန်ဘောပေးရမည်ဖြစ်သည်။ ဂိုးသမားများ အချိန်ဆွဲကစားခြင်းမရှိစေရန် ပြောင်းလဲထားခြင်းဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးမှ ၅ စက္ကန့်အတွင်း လက်ဖြင့်အချက်ပြ ရေတွက်ပေးမည်ဖြစ်သည်။ ဒုတိယအကြိမ် ကျူးလွန်လျင် သတိပေးမည်ဖြစ်ပြီး တတိယအကြိမ် ကျူးလွန်မည်ဆိုပါက အဝါကတ် ပြသခံရမည်ဖြစ်သည်။
၃။ ပင်နယ်တီစည်းမျဉ်း
ပင်နယ်တီကန်သွင်းမည့် ကစားသမားအနေဖြင့် ဘောလုံးအား မတော်တဆ နှစ်ကြိမ်ထိမိသွား၍ ဂိုးဝင်သွားသည့်တိုင် ယင်းပင်နယ်တီအား ပြန်ကန်ခိုင်းမည်ဖြစ်သည်။ ဂိုးမဝင်လျင် ပင်နယ်တီကာကွယ်ရသည့်အသင်းဘက်ကို အလွတ်တည်ကန်ဘော ကန်ခွင့်ပေးရမည်ဖြစ်သည်။
၄။ Concussion Substitution (ဦးခေါင်းထိခိုက်သတိလစ်ခြင်းအတွက် လူစားလဲ ဥပဒေ)
ပွဲချိန်အတွင်း ကစားသမားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိ၍ ဆက်လက်ကစားနိုင်ခြင်းမရှိလျင် (အသင်းဆရာဝန် သို့မဟုတ် MFF ဆရာဝန်မှ ဆက်လက်ကစားနိုင်ခြင်းမရှိဟု ယူဆခဲ့လျင်) လူစားလဲခွင့် တစ်ကြိမ်ထပ်မံရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် Team A အသင်းမှ ကစားသမားတစ်ဦး ဦးခေါင်းထိခိုက်မိ၍ ဆက်လက်ကစားနိုင်ခြင်းမရှိလျင် လူစားလဲခွင့်တစ်ကြိမ်ထပ်မံရရှိမည်ဖြစ်ပြီး အဆိုပါ အခွင့်အရေးကို ပြိုင်ဘက် Team B ကလည်း လူစားလဲခွင့် ရရှိမည်ဖြစ်သည်။
၅။ ကစားနေခြင်းနှင့်ကစားမှုရပ်ဆိုင်းခြင်း
ကစားသမား၊အရံကစားသမား၊လူစားလဲပြီးကစားသမားနှင့် အသင်းတာဝန်ရှိပုဂ္ဂိုလ်များမှကစားကွင်းပြင်ပသို့ရောက်ရှိနေစဥ် ရည်ရွယ်ချက်မရှိဘဲ ဘောလုံးအား ထိကန်ကစားမိလျင် ထိကန်မိသည့်နေရာမှတဆင့်အလွတ်တည်ကန်ဘော ပြစ်ဒဏ်ပေးရမည်သာဖြစ်ပြီး အဝါပြသခြင်းပြုလုပ်ရန်မလိုပါ။