10/10/2025
ဒီရာသီအကုန်မှာ မန်ယူအသင်းကနေ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ထွက်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီပရိုလိဂ် ကလပ် အသင်းတွေဖြစ်ကြတဲ့ အယ်ဟီလယ်နဲ့ အယ်အစ်တီဟတ်အသင်းတွေရဲ့ မက်မောလောက်စရာ ငွေကြေးနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး မန်ယူအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုရာသီ မန်ယူအသင်း ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေသလို ဖာနန်ဒက်စ်ကလည်း နည်းပြ အမိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ ကွင်းလယ်ကို ဆင်းပြီး ကစားနေရတဲ့အတွက် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာပါ။ ဒီ သတင်းတွေနဲ့အတူ ဆော်ဒီကလပ်အသင်းတွေရဲ့ ဖာနန်ဒက်စ်အပေါ်စိတ်ဝင်စားမှုကလည်း ပြန်လည်အသက်ဝင် လာခဲ့ပါတယ်။
ဒါပေမဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ မန်ယူ အသင်းရဲ့ ဘောလုံးစီမံကိန်းတွေအပေါ် အပြည့်အဝယုံကြည်နေဆဲဖြစ်သလို မန်ယူအသင်း အောင်မြင်မှုတွေ တစ်ကျော့ပြန်ရရှိဖို့ကိုလည်း ကူညီပေးချင်တာကြောင့် အင်္ဂလန်မှာဆက်နေဖို့ကိုပဲ အာရုံစိုက် ထားတယ်လို့ သိရပါတယ်။
ဖာနန်ဒက်စ်ဟာ စက်တင်ဘာလက ချဲလ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ပရီးမီးယား လိဂ် သွင်းဂိုး ၁၀၀ ပြည့်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ရဲ့ အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းနဲ့ ဦးဆောင်နိုင် စွမ်းတွေက အသင်းရဲ့ သမိုင်းကြောင်းမှာ ထည့်သွင်းရေးမှတ်ထားရမယ့် စွမ်းဆောင်မှုတွေဖြစ်တယ်လို့ မန်ယူနည်းပြ အမိုရင်က ချီးကျူးထားပါတယ်။