04/02/2025
ယူနိုက်တက်မှ ခါးသီးစွာ ထွက်ခွာရပြီးနောက် အဲရစ်တန်ဟက်နှင့် ပြဿနာကို ပြန်လည်မီးမွှေးလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
======================
ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ရဲ့ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ကစားသမားဘဝအတွင်းတွင် ဘာမှ မသိနားမလည်တဲ့ နည်းပြများ လက်အောက်တွင်လည်း ကစားခဲ့ရဖူးကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ထိပ်တန်းအဆင့်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ကျင်လည်စဉ်အတွင်း ဘောလုံးလောကရဲ့ ကြီးကျယ်တဲ့ နည်းပြများဖြစ်ကြတဲ့ ဆာအဲလက်စ်ဖာဂူဆန်၊ ဟိုဆေးမော်ရင်ဟို၊ ကာလိုအန်ဆယ်လော့တီတို့အပါအဝင် နည်းပြများ လက်အောက်မှာ ကစားခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ ခရစ္စတီယာနိုရော်နယ်ဒိုက ၎င်းမှာ နည်းပြများနှင့် အမြဲတမ်း အဆင်ပြေလာခြင်း မရှိကြောင်း ပြောကြားကာ ယူနိုက်တက်နည်းပြဟောင်းအဲရစ်တန်ဟက်နှင့် ပြဿနာတက်ခဲ့မှုအား ပြန်လည်မီးမွှေးလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အဲရစ်တန်ဟက်ရဲ့ ပထမဆုံးယူနိုက်တက်ရာသီတွင် လူစားဝင်ရောက် ကစားရန် ငြင်းဆိုပြီးနောက် ပြဿနာတက်ခဲ့ပါတယ်။
ယင်းနောက် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နှင့် ပြုလုပ်တဲ့ အင်တာဗျူးတွင် ဒတ်ချ်လူမျိုးနည်းပြမှာ သူ့အပေါ် မလေးမစားဆက်ဆံကြောင်း ဝေဖန်ပြောကြားခဲ့ပြီး ယင်းအဖြစ်အပျက်ကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
El Chiringuito နှင့် အင်တာဗျူးတွင် ခရစ္စတီယာနိုရော်နယ်ဒိုက သူကစားခဲ့တဲ့ နည်းပြအချို့တို့မှာ အလွန်ဆိုးရွားကြောင်း ဆိုသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက "လူတိုင်းဆီက သင်ယူခဲ့တယ်။ တချို့နည်းပြတွေက တော်တော်ဆိုးတယ်။ တချို့ဆို ဘောလုံးနဲ့ပတ်သက်ပြီး နကန်းလုံးမှ နားမလည်ကြဘူး"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆိုးလ်ရှားထုတ်ပယ်ခံရပြီးနောက် ယာယီယူနိုက်တက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေးဖ်ရန်းနစ်ခ်ကိုလည်း နည်းပြတစ်ဦးအဖြစ် မမြင်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ရန်းနစ်ခ်ဟာ ယူနိုက်တက်အား မကိုင်တွယ်မီ အောင်မြင်တဲ့ ဘောလုံးဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုး ၁၀၀၀ ပြည့်သွင်းရန် ရည်မှန်းထားသူ ဖြစ်ပြီး ယခုအခါ ၇၇ ဂိုးတည်းသာ လိုပါတော့တယ်။
ဒါ့အပြင် ဗုဒ္ဓဟူးနေ့တွင် အသက် ၄၀ နှစ်ပြည့်မဲ့ ခရစ္စတီယာနိုရော်နယ်ဒိုက ၎င်းမှာ ဘောလုံးသမိုင်းတွင် အကောင်းဆုံးကစားသမားဖြစ်ကြောင်းလည်း ပြောဆိုလာပါတယ်။
၎င်းက "ကျုပ်က သမိုင်းမှာ အကောင်းဆုံးကစားသမားလို့ ယုံကြည်တယ်။ ကျုပ်က မြန်တယ်။ သန်မာတယ်။ ခေါင်းတိုက်(ဂိုးသွင်းနိုင်)တယ်။ ဘယ်နဲ့လည်း သွင်းနိုင်တယ်။ ကျုပ်လောက် ပြီးပြည့်စုံတဲ့ ကစားသမား မရှိဘူး။ ခင်ဗျားက ပီလီ၊ မက်ဆီ၊ မာရာဒိုနာကို ပိုကြိုက်ရင် ကြိုက်နိုင်တယ်။ ဒါကို နားလည်တယ်၊ လေးလည်း စားတယ်။ ကျုပ် ဂိုး ၉၂၀၊ ၉၂၅ ဂိုးနဲ့ပဲ အဆုံးသတ်ရင် သတ်သွားမယ်။ ပြဿနာမရှိဘူး။ ကျုပ်က သမိုင်းမှာ အကောင်းဆုံးကစားသမားပဲ။ ဂိုး ၁၀၀၀ ပြည့်အောင် သွင်းနိုင်ရင်တော့ အကြီးကျယ်ဆုံးပေါ့။ မသွင်းနိုင်ရင်လည်း ပြဿနာ မရှိပါဘူး။ ကိန်းဂဏန်းတွေက ဘဝမှာ အရေးမပါပါဘူး"လို့ ပြောကြားသွားပါတယ်။