19/04/2022
ယနေ့ညမှာ လီဗာပူးတို့ ဘယ်လို မန်ယူနိုက်တက်နဲ့ ရင်ဆိုင်သွားရနိုင်သလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ကလော့
ယာဂန်ကလော့က သူ့ရဲ့ ကစားသမားတွေ အနေနဲ့ ယနေ့ည မန်ချက်စတာယူနိုက်တက်တို့ အန်ဖီးမှာ လာရောက် ရင်ဆိုင်ကစားမယ့် ပွဲစဉ်ကို ကိုယ့်ဘ၀ရဲ့ အရေးကြီးဆုံး အနိုင် ၃ မှတ် ရယူနိုင်မယ့် အခွင့်အရေး အဖြစ် ယူဆရန် တိုက်တွန်း သွားခဲ့ပါတယ်။ လက်ကျန် ပရီးမီးယားလိဂ် ၇ ပွဲ အလိုမှာ လီဗာပူးဟာ ထိပ်ဆုံးကနေ မန်စီးတီးကို တစ်မှတ်အကွာနဲ့ ဖိအားပေးလျက် ရှိနေပြီး ဂွာဒီယိုလာရဲ့ အသင်းဆီက အမှတ်ပေးဖလားကို ပြန်လည် ရယူနိုင်ဖို့ အတွက် အခွင့်အရေး ရှိနိုင်ရန် လက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ရဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်ဟာ လက်ရှိ အချိန်မှာ ပုံစံကောင်း ရှိမနေတဲ့ အပြင် ပရီးမီးယားလိဂ်မှာ ဒီနှစ်သင်း နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု ၁၂ ကြိမ်မှာ လီဗာပူးက နိုင်ပွဲ ၁၀ ပွဲထိ ရှိထားခဲ့ပေမယ့်လည်း ကလော့ကတော့ သူတို့ အနေနဲ့ ဘယ်အရာကိုမှ အပိုင်တွက်ထားလို့ မရနိုင်ဘူးလို့ သတိပေးလိုက်ပါတယ်။
ကလော့က “ကျွန်တော်တို့ အနေနဲ့ ကောင်းမွန်တဲ့ ပုံစံနဲ့ ဒေါသကြီးနေရပါမယ်။ ကိုယ်ဟာ ဘာကိုမှ မရဖူးခဲ့တဲ့ ပုံစံမျိုးနဲ့ လောဘကြီးနေရပါမယ်။ ဒါဟာ ကိုယ့်ဘ၀မှာ အရေးကြီးဆုံး ရမှတ် ၃ မှတ် လိုမျိုးလည်း သဘောထားသွားရမှာပါ။ ကျွန်တော်တို့ ဒီပွဲစဉ်အတွက် ဒီလို attitude ကို လိုအပ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ ယူနိုက်တက်ကို သူတို့ လုပ်ချင်တဲ့အတိုင်း လုပ်ခွင့် ပြုလိုက်မယ်ဆိုရင် သူတို့ဟာ ကျွန်တော်တို့ကို ပြသနာတွေ များစွာ ပေးစွမ်းသွားမှာပါ။
ကျွန်တော်တို့ ကောင်းမွန်တဲ့ စိတ်ခံစားချက် ရှိနေရမယ့် အပြင် ဒီလူတွေ အနေနဲ့ ရမှတ် ၃ မှတ်အတွက် တိုက်ပွဲ၀င်သွားဖို့ အသင့် ဖြစ်နေရပါမယ်။ ကျွန်တော်တို့ဟာ ယူနိုက်တက်ထက် ပိုကောင်းတဲ့ အခိုက်အတန့်မှာ ရှိနေတယ်ဆိုပြီး ပြသတာကို မလိုချင်ပါဘူး။ ဘယ်သူက ဒါကို စိတ်၀င်စားမှာလဲ? ကိုယ်ဟာ အခြားအသင်းတွေထက် ပိုကောင်းတဲ့ အခိုက်အတန့်ဆိုတာ ရှိတက်ပေမယ့် ကိုယ့်ကို အနိုင်ယူသွားခဲ့တဲ့ အခါ ကောင်းမွန်တဲ့ ဒီအခိုက်အတန့်ဟာ ဒီမှာပဲ အဆုံးသတ်သွားမှာပါ။ သူတို့ကလည်း ကျွန်တော်တို့ လိုအပ်တဲ့ ၃ မှတ်ကို လိုချင်တာပါပဲ။ ကျွန်တော်တို့ ပြသသွားရမှာက ဒီခံယူချက် ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ top 4 ၀င်ခွင့်အတွက် တိုက်ပွဲ၀င်နေပြီး တော့တင်ဟမ် အာဆင်နယ် တို့နဲ့ အပြိုင် ဖြစ်နေပါတယ်။ မန်ယူနိုက်တက်ဟာ နို၀င်ဘာလက ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ကာ ရပ်ဖ်ရန်းနစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့်လည်း လူအများစုကတော့ ယူနိုက်တက်တို့ သိသိသာသာ တိုးတက်မှု မရှိဘူးလို့ ယူဆနေကြပါတယ်။
ဒါပေမယ့်လည်း ကလော့က “ကျွန်တော် ဒီကို စရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့လည်း ဒီလိုမျိုး အခြေအနေမျိုးကို ကြုံခဲ့ရပါတယ်။ ကျွန်တော် ဒီကို စရောက်လာလာချင်းပဲ ချက်ချင်းကြီး အကောင်းဆုံး ပုံစံ ရသွားခဲ့တာ မဟုတ်ပါဘူး။ ၆ ပတ် ၇ ပတ် အကြာမှသာ အရင်ကထက် တိုးတက်လာခဲ့တယ်လို့ အားလုံး တွေးခဲ့ကြတာပါ။ ကိုယ်ဟာ ဒီလို အခြေအနေမှာ ရှိနေတဲ့အခါ ဒါကို လက်ခံပြီး လိုအပ်တဲ့ ခြေလှမ်းတွေကို လှမ်းသွားရပါမယ်။ ချက်ချင်းကြီး မျက်လှည့်ပြလိုက်သလိုမျိုး အကောင်းဆုံး အသင်းတစ်သင်း ဖြစ်မလာနိုင်ပါဘူး။ မျှော်လင့်ထားမှုတွေဟာ အမြဲတမ်း ကာလတို ဖြစ်နေပြီး lone-term အတွက် ဘယ်တော့မှ မဟုတ်ဘူးဆိုတာ သာမန်အခြေအနေပါပဲ။ အောင်မြင်မှုကို ချက်ချင်းကြီး လိုချင်တာက ကျွန်တော်တို့မှာ ရှိနေတဲ့ ပြသနာ ဖြစ်ပါတယ်။ အဲဒီမှာလည်း ဒီလိုမျိုး အခြေအနေ ရှိနေမှာပါ။
ကျွန်တော်တို့ဟာ ပြသနာတွေနဲ့ မန်ချက်စတာယူနိုက်တက်ကို ရင်ဆိုင်သွားရမှာ မဟုတ်ပါဘူး။ သူတို့ ဒီညမှာ ပွဲထုတ်လာနိုင်တဲ့ Line-up ကို ခန့်မှန်းသွားရမယ် ဆိုရင် သူတို့ အသုံးပြုသွားမယ့် ဂိုးသမားဟာ ကမ္ဘာ့အဆင့်ပါ။ ခံစစ်ပိုင်းကလည်း တကယ့်ကို ထိပ်တန်းအဆင့်ပါ။ ကွင်းလယ်မှာ မက်တိုမီနေး နဲ့ ဖရက် တို့ ကစားနိုင်မလားဆိုတာ ကျွန်တော် သေချာမသိပါဘူး။ ပေါ့ဘာ နဲ့ မာတစ် အတွဲတို့ ဖြစ်နိုင်ပါတယ်။ အဲဒီနောက် ရှေ့တန်းမှာ ဆန်ချို ဖာနန်ဒက် အီလန်ဂါ ဒါမှမဟုတ် ရပ်ဖို့ဒ်နဲ့ ကစားသမားဘ၀ အကြိမ် ၆၀ မြောက် ဟက်ထရစ်ကို သွင်းယူထားတဲ့ ရော်နယ်ဒို တို့ထဲက ရွေးချယ်နိုင်ပါတယ်။
ဒါဟာ ကျွန်တော်တို့ ရင်ဆိုင်သွားရမယ့် အသင်းပါ။ ကျွန်တော်တို့ဟာ ဒီလို အသင်းနဲ့ ရင်ဆိုင်ရမယ့် အပေါ် ပြင်ဆင်သွားရမှာပါ။ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပျက်ခဲ့တာတို့ ဒါမှမဟုတ် အခြား အရာတွေ ဖြစ်ပျက်နေတဲ့ အပေါ် ပြင်ဆင်သွားရမှာ မဟုတ်ပါဘူး။”