22/05/2025
မိုးရာသီမှာ တုပ်ကွေးရောဂါ ကာကွယ်နည်းများ
မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းက မြင့်တက်လာတတ်ပါတယ်။ အအေးဒဏ်နဲ့ စိုထိုင်းဆကြောင့် ဗိုင်းရပ်စ်ပိုးတွေ ပိုမိုပျံ့ပွားနိုင်တာကြောင့် လူတော်တော်များများဟာ မိုးရာသီမှာ တုပ်ကွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကာကွယ်နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် တုပ်ကွေးရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ
✅လက်ကို မကြာခဏ ဆေးကြောပါ - တုပ်ကွေးဗိုင်းရပ်စ်တွေဟာ မျက်နှာပြင်တွေပေါ်မှာ အချိန်အတန်ကြာ ရှင်သန်နိုင်ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ရေ (သို့မဟုတ်) sanitizer ဖြင့် မကြာခဏ ဆေးကြောပေးခြင်းက ဗိုင်းရပ်စ်ပိုးတွေကို ဖယ်ရှားပေးပါတယ်။ အထူးသဖြင့် ချောင်းဆိုး၊ နှာချေပြီးနောက်၊ အစားမစားမီနှင့် အစားစားပြီးနောက်၊ အများပြည်သူသုံး နေရာတွေကို ကိုင်တွယ်ပြီးနောက် လက်ကို ဆေးကြောဖို့ မမေ့ပါနဲ့။
✅မျက်နှာကို လက်ဖြင့် မထိတွေ့ပါနှင့် - မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်ကို လက်ဖြင့် ထိတွေ့ခြင်းက ဗိုင်းရပ်စ်ပိုးတွေကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်စေနိုင်ပါတယ်။
အစားအသောက်နှင့် နေထိုင်မှုပုံစံ
✅ အာဟာရပြည့်ဝသော အစားအစာများ စားသုံးပါ - ကိုယ်ခံအားကောင်းဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီးဝလံတွေ (လိမ္မော်သီး၊ ကျွဲကောသီး စသည်)၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။
✅လုံလောက်စွာ အိပ်စက်အနားယူပါ - တစ်နေ့ကို ၇ နာရီမှ ၈ နာရီအထိ လုံလောက်စွာ အိပ်စက်အနားယူခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
✅ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ - ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မိုးအေးတဲ့အချိန်မှာ အပြင်ထွက် လေ့ကျင့်ခန်းလုပ်မယ့်အစား အိမ်တွင်း လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အခြားအချက်များ
✅ ပိုးသတ်ဆေးဖျန်းခြင်း- အများပြည်သူသုံး နေရာတွေနဲ့ လူနေအိမ်တွေမှာ ပိုးသတ်ဆေးဖျန်းခြင်းက ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့မှုကို လျှော့ချနိုင်ပါတယ်။
✅Mask (နှာခေါင်းစည်း) တပ်ဆင်ပါ- လူထူထပ်တဲ့နေရာတွေ၊ ဈေးလိုနေရာမျိုးတွေသွားတဲ့အခါ နှာခေါင်းစည်းတပ်ဆင်ခြင်းက ရောဂါပိုးဝင်ရောက်ခြင်းနဲ့ ပျံ့နှံ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုး၊ နှာချေနေသူတွေအနေနဲ့ တခြားသူတွေကို ရောဂါမကူးစက်အောင် နှာခေါင်းစည်း တပ်ဆင်သင့်ပါတယ်။
✅တုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ - တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံခြင်းက ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပြီး ရောဂါဖြစ်ခဲ့ရင်တောင် လက္ခဏာတွေ ပြင်းထန်ခြင်းမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
✅နေမကောင်းလျှင် အနားယူပါ - ကိုယ်လက်မအီမသာဖြစ်ပြီး ဖျားနာသလို ခံစားရပါက အိမ်မှာပဲ အနားယူသင့်ပါတယ်။ အပြင်ထွက်ခြင်းက ရောဂါပိုးကို တခြားသူတွေဆီ ကူးစက်စေနိုင်ပါတယ်။
🌧ဒီအချက်တွေကို လိုက်နာခြင်းအားဖြင့် မိုးရာသီမှာ တုပ်ကွေးရောဂါကနေ ကာကွယ်နိုင်ပါတယ်။ ကျန်းမာပျော်ရွှင်သော မိုးရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။🌧