Orange Sports Scores

  • Home
  • Orange Sports Scores

Orange Sports Scores ဘောလုံးအကြောင်း နည်းနည်းပါးပါး

ဆာလာအတွက် ရွန်းနီ သင်ပေးခဲ့တဲ့ နှုတ်ဆက်နည်း  _____________________လက်ရှိ ဘောလုံးကမ္ဘာမှာ အဆူညံဆုံး ဖြစ်နေတာကတော့ လီဗာပူး...
09/12/2025

ဆာလာအတွက် ရွန်းနီ သင်ပေးခဲ့တဲ့ နှုတ်ဆက်နည်း

_____________________

လက်ရှိ ဘောလုံးကမ္ဘာမှာ အဆူညံဆုံး ဖြစ်နေတာကတော့ လီဗာပူး ဂန္ထဝင် မိုဆာလာရဲ့ ပေါက်ကွဲသံတွေပါပဲ။ "ငါလုပ်ပေးခဲ့တာတွေနဲ့ ငါ့နေရာကို တိုက်ပွဲဝင်စရာ မလိုဘူး" ဆိုတဲ့ စကားဟာ မှန်သလိုလိုနဲ့ မှားနေကြောင်း၊ ဂန္ထဝင် ကစားသမားတယောက်ဟာ နေဝင်ချိန်ကို ဘယ်လို ရင်ဆိုင်သင့်သလဲ ဆိုတာကို မန်ယူနိုက်တက် ဂန္ထဝင် ရွန်းနီ က သူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်တခုနဲ့ ယှဉ်ပြီး မီးမောင်းထိုးပြလာပါတယ်။

၂၀၁၆-၁၇ ရာသီကို ပြန်ကြည့်ရအောင်။ အဲ့ဒီအချိန်မှာ ရွန်းနီဟာ ယူနိုက်တက်အတွက် ၁၃ နှစ်ကြာ ကစားပေးခဲ့ပြီး၊ ဂိုးပေါင်း ၂၅၃ ဂိုးနဲ့ စံချိန်တင်ထားတဲ့ အသင်းခေါင်းဆောင်ပါ။ ဒါပေမဲ့ အသက် ၃၀ ကျော်လာတဲ့အခါ သူ့ရဲ့ ခြေစွမ်းတွေ ကျဆင်းလာတာကို သူကိုယ်တိုင် သိနေပါတယ်။ အထူးသဖြင့် ဇလာတန် အီဘရာဟီမိုဗစ် ရောက်လာတဲ့အချိန်မှာ ရွန်းနီဟာ အရန်ခုံကို ပိုရောက်လာခဲ့တယ်။

ဒီအခြေအနေကို ရွန်းနီ ဘယ်လို တုံ့ပြန်ခဲ့သလဲ? သူ မီဒီယာတွေရှေ့ထွက်ပြီး ပေါက်ကွဲခဲ့သလား? မော်ရင်ဟိုကို အပြစ်တင်ခဲ့သလား? လုံးဝ မလုပ်ခဲ့ပါဘူး။

"ကျွန်တော် ဇန်နဝါရီလမှာ ဟိုဆေး (မော်ရင်ဟို) ဆီသွားပြီး ရိုးရိုးသားသားပဲ မေးခဲ့တယ်။ 'ကျွန်တော် ကစားချင်တယ်၊ အငှားနဲ့ ထွက်ခွင့်ပြုပါ' လို့ပေါ့။ ဟိုဆေးက ငြင်းတယ်။ ယူရိုပါလိဂ်အတွက် ကျွန်တော့်ကို လိုအပ်သေးတယ်၊ နွေရာသီရောက်မှ ထွက်ပါလို့ ပြောတယ်။ ကျွန်တော် မတ်တပ်ရပ်တယ်၊ သူ့လက်ကို ဆွဲနှုတ်ဆက်တယ်၊ ပြီးတော့ အခန်းထဲက ပြန်ထွက်လာခဲ့တယ်။ ပြီးပါပြီ... ဘာမှ ဆက်ပြီး ညည်းညူမနေတော့ပါဘူး" လို့ ရွန်းနီက ပြန်ပြောင်း ပြောပြပါတယ်။

ဒါဟာ "ရိုးသားပွင့်လင်းတဲ့ စကားဝိုင်း" တခုပါပဲ။ အမျိုးသား နှစ်ယောက် လက်ဆွဲနှုတ်ဆက်ပြီး သဘောတူညီမှု ယူလိုက်တာပါ။ ရွန်းနီဟာ ကျန်ရှိတဲ့ ရာသီဝက်မှာ အရန်ခုံကနေ ကျေကျေနပ်နပ် ပါဝင်ခဲ့ပြီး ယူရိုပါလိဂ် ဖလားကို ကိုင်မြှောက်ကာ အိုးထရက်ဖို့ဒ်ကနေ ဂုဏ်သိက္ခာရှိရှိ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။

လက်ရှိ ဆာလာရဲ့ အခြေအနေကို ရွန်းနီက သုံးသပ်ရာမှာတော့ ပြတ်သားပါတယ်။"အချိန်ဆိုတာ လူသားအားလုံးကို ဝါးမြိုတတ်စမြဲပါ (Time catches up with all of us)" လို့ ရွန်းနီက ဆိုပါတယ်။

"အသက်အရွယ် ရလာပြီး စွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ လူတွေက အကြောင်းပြချက် ရှာတတ်ကြတယ်။ အဲ့ဒီအခါမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရမယ့်အစား သူများတွေကို လိုက်ပြီး အပြစ်တင်တတ်ကြတယ်။ အခု ဆာလာ ဖြစ်နေတာ အဲ့ဒါပါပဲ။ သူက ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရမယ့်အစား အာနေးစလော့ တို့၊ မီဒီယာတို့ကို လိုက်ပြီး အပြစ်တင်နေတယ်"

ရွန်းနီက ဆက်ပြီးတော့ - "သူဟာ လီဗာပူးရဲ့ အဓိက ကစားသမားပါ။ ဒီလိုအချိန်မျိုးမှာ လက်မောင်းပင့်တင်ပြီး 'ရတယ်... ငါ ဘယ်လောက် ကောင်းသေးလဲ ပြမယ်ကွာ' ဆိုပြီး သက်သေပြရမှာပါ။ 'ငါက ဂန္ထဝင်မို့လို့ နေရာလုစရာ မလိုဘူး' ဆိုတဲ့ အတွေးမျိုး မဝင်သင့်ပါဘူး။ နောင်နှစ်အနည်းငယ်ကြာလို့ ဒီကိစ္စကို ပြန်ကြည့်ရင် သူပြောခဲ့တဲ့ စကားတွေအတွက် သူနောင်တရပါလိမ့်မယ်" လို့ သတိပေးခဲ့ပါတယ်။

ရွန်းနီဟာ အသက် ၁၇ နှစ်သားကတည်းက ပွဲထွက်ခဲ့ရလို့ အသက် ၃၀ မှာ သူ့ရဲ့ "World Class" စွမ်းရည်တွေ လျော့ကျလာတာကို ရိုးသားစွာ ဝန်ခံခဲ့သူပါ။ ဇလာတန်က သူ့ထက် အသက်ကြီးပေမဲ့ ပိုကောင်းနေသေးတာကိုလည်း သူ လက်ခံခဲ့ပါတယ်။

ဂန္ထဝင် ကစားသမားတယောက် ဖြစ်လာဖို့ ခက်ခဲသလို၊ ဂန္ထဝင် တယောက်အနေနဲ့ နေဝင်ချိန်ကို လှလှပပ ဖြတ်သန်းဖို့ဆိုတာ ပိုပြီး ခက်ခဲပါတယ်။ ရွန်းနီကတော့ သူ့ရဲ့ အတ္တကို ဘေးဖယ်ပြီး အသင်းနဲ့ နည်းပြအပေါ် လေးစားမှု ပြသကာ ထွက်ခွာခဲ့ပါတယ်။ ဆာလာ အနေနဲ့လည်း "အချိန်" ဆိုတဲ့ သစ္စာတရားကို လက်ခံပြီး၊ အပြစ်တင်ခြင်းတွေ ရပ်တန့်ကာ ကွင်းထဲမှာပဲ သက်သေပြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ရွန်းနီရဲ့ ဇာတ်လမ်းက သင်ခန်းစာ ပေးနေပါတယ်။

Ref: Sports Illustrated

လောင်းရိပ်အောက်က ရုန်းထွက်ပြီး ကိုယ်ပိုင် မှော်အစွမ်းနဲ့ ပျံသန်းခဲ့သူ________________________________________________သူ့...
17/11/2025

လောင်းရိပ်အောက်က ရုန်းထွက်ပြီး ကိုယ်ပိုင် မှော်အစွမ်းနဲ့ ပျံသန်းခဲ့သူ
________________________________________________

သူ့ကစားသမားဘဝ အစပိုင်းတုန်းက လူတွေက သူ့ကို "နောက်ထပ် ခရစ္စတီယာနို တယောက်" လို့ တံဆိပ်ကပ်ခဲ့ကြပါတယ်။ စပို့တင်း လစ္စဘွန်းက လာတယ်၊ ယူနိုက်တက်ကို ရောက်လာတယ်၊ ကစားပုံ ဆင်တူတယ်။ ဒီအချက်တွေကြောင့် သူဟာ အသင်းဖော် စီနီယာရဲ့ ကြီးမားလွန်းတဲ့ အရိပ်အောက်မှာ အမြဲတမ်း နှိုင်းယှဉ် ဖိအားပေးခံခဲ့ရသူပါ။

ဒါပေမဲ့ သူဟာ ဘယ်သူ့ ကိုယ်ပွားမှ မဟုတ်ခဲ့ပါဘူး။ သူ့မှာ ကိုယ်ပိုင် မှော်အစွမ်းတွေ ရှိခဲ့ပါတယ်။ ဘယ်ညာ နှစ်ဖက်စလုံး အားသန်တဲ့ ခြေထောက်တွေ၊ မယုံနိုင်စရာ အဝေးကန်ချက်တွေ၊ နောက်ပြီး ဂိုးသွင်းပြီးတိုင်း ပရိသတ်တွေကို ဖျော်ဖြေပေးလေ့ရှိတဲ့ "နောက်ကျွမ်းပစ်" (Acrobatic Backflips) အောင်ပွဲခံမှုတွေဟာ သူ့ရဲ့ သီးသန့် အမှတ်တံဆိပ်တွေ ဖြစ်လာခဲ့ပါတယ်။

အထူးသဖြင့် ၂၀၁၀-၁၁ ရာသီမှာ ရော်နယ်ဒို မရှိတော့တဲ့နောက် သူဟာ ယူနိုက်တက်ရဲ့ အဓိက မောင်းနှင်အား ဖြစ်လာခဲ့ပြီး၊ တစ်ရာသီတည်းမှာ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ကာ ကလပ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ ပရိသတ်တွေက သူ့ကို "မတည်ငြိမ်ဘူး" လို့ ဝေဖန်တတ်ကြပေမယ့်၊ သူ့ခြေစွမ်း တက်နေတဲ့ နေ့တွေမှာတော့ ဘယ်နောက်ခံလူမှ ထိန်းချုပ်လို့ မရနိုင်ခဲ့တာ အမှန်ပါပဲ။

သူကတော့ အိုးထရက်ဖို့ဒ်ရဲ့ တောင်ပံတိုက်စစ်မှာ တစ်ချိန်က ပျံသန်းခဲ့ဖူးတဲ့ ပေါ်တူဂီ ကြယ်ပွင့် လူးဝစ် နာနီ ပဲ ဖြစ်ပါတယ်။

ဒီနေ့၊ နိုဝင်ဘာလ ၁၇ ရက်နေ့ဟာ နာနီရဲ့ ၃၉ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။

Happy Birthday, Nani!

ဘရူနို ဖာနန်ဒက်စ်: ယူနိုက်တက်ရဲ့ အငြင်းပွားဖွယ် "မရှိမဖြစ်"__________________________________မန်ချက်စတာ ယူနိုက်တက် ပရိသတ...
17/11/2025

ဘရူနို ဖာနန်ဒက်စ်: ယူနိုက်တက်ရဲ့ အငြင်းပွားဖွယ် "မရှိမဖြစ်"
__________________________________

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကြားမှာ ဘရူနို ဖာနန်ဒက်စ် လောက် အငြင်းပွားစရာ ဖြစ်စေတဲ့ ကစားသမား ခပ်ရှားရှားပါပဲ။ သူ့ရဲ့ ကစားဟန်က ဝေဖန်သူတွေအတွက် ပစ်မှတ်တစ်ခု ဖြစ်နေသလို၊ သူ့ရဲ့ ကိန်းဂဏန်းတွေကလည်း အသင်းအတွက် သူ ဘယ်လောက် အရေးပါလဲ ဆိုတာကို သက်သေပြနေပါတယ်။

သူ့အပေါ် အဓိက ဝေဖန်မှုကတော့ "ဘောလုံး ပေးပို့ရာမှာ မှားယွင်းမှု" (Turnovers) များပြားခြင်းပါပဲ။ ဒါပေမဲ့ ဒါဟာ သူ့ရဲ့ "High Risk, High Reward" ကစားဟန်ကြောင့် ဖြစ်ပါတယ်။ ဘရူနိုဟာ လွယ်ကူတဲ့ "Safe Pass" တွေ ပေးပို့မယ့်အစား၊ ပွဲအဖြေကို ပြောင်းလဲနိုင်မယ့် ခက်ခဲတဲ့ (Line-breaking) ပေးပို့မှုတွေကို အမြဲတမ်း ကြိုးစားလေ့ ရှိပါတယ်။ ဒီကစားဟန်ကြောင့်ပဲ သူဟာ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမား ဖြစ်နေသလို၊ တစ်ဖက်မှာလည်း ဘောလုံး ဆုံးရှုံးမှု အများဆုံး ကစားသမားတစ်ဦး ဖြစ်နေတတ်တာပါ။

သူ့ရဲ့ ကစားဟန်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကိန်းဂဏန်း အချက်အလက်တွေကတော့ ငြင်းလို့ မရပါဘူး။ သူ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက၊ အခွင့်အရေး ဖန်တီးမှု (Chances Created) နဲ့ အခွင့်အရေးကြီး ဖန်တီးမှု (Big Chances Created) တွေမှာ ကွင်းလယ်လူတွေထဲ ထိပ်ဆုံးက အမြဲ ပါဝင်နေပါတယ်။ ဒါက သူဟာ "ထိပ်တန်း" (Elite) အဆင့် ဖန်တီးရှင် ဖြစ်ကြောင်း သက်သေပြနေတာပါ။

ဘရူနိုရဲ့ တန်ဖိုးက ဂိုးသွင်းဂိုးဖန်တီးမှုတင် မကပါဘူး။ သူဟာ နည်းပြတိုင်းရဲ့ လက်အောက်မှာ နည်းဗျူဟာပိုင်း လိုအပ်ချက်အရ နေရာစုံမှာ ကစားပေးခဲ့ရပါတယ်။ သူ့ရဲ့ အဓိက နေရာဖြစ်တဲ့ နံပါတ် ၁၀ အပြင်၊ ကွင်းလယ် နံပါတ် ၈၊ အနောက် ပိုဆင်းတဲ့ Playmaker၊ ဒါမှမဟုတ် တောင်ပံတိုက်စစ်မှူး (False Winger) အဖြစ်ပါ အသုံးပြုခံခဲ့ရပြီး အသင်းရဲ့ ဟန်ချက်ကို ညှိပေးခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ ကစားပုံကို သူပါဝင်ချိန်နဲ့ မပါဝင်ချိန် ယှဉ်ကြည့်ရင် ကွာခြားချက်က ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ သူ ကွင်းထဲမှာ ရှိနေချိန်မှာ အသင်းရဲ့ တိုက်စစ်ဆင်နှုန်း (Tempo) ပိုမြန်ပြီး၊ တီထွင်ဖန်တီးမှု ပိုရှိတာ ထင်ရှားပါတယ်။ သူ မရှိတဲ့အခါ၊ တိုက်စစ်က နှေးကွေးသွားပြီး တာဝန်ယူမယ့်သူ ပျောက်ဆုံးသွားတတ်ပါတယ်။

အချုပ်ပြောရရင်၊ ဘရူနို ဖာနန်ဒက်စ်ဟာ သူ့ရဲ့ စွန့်စားမှုများတဲ့ ကစားဟန်ကြောင့် ဝေဖန်ခံရလွယ်တဲ့ ကစားသမား ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို သူ့ရဲ့ ဇွဲလုံ့လ၊ ဖန်တီးနိုင်စွမ်း၊ နှင့် နေရာစုံ ကစားနိုင်မှုတို့နဲ့ ဦးဆောင်နေတာကတော့ လက်ရှိ အချက်အလက်တွေအရ အငြင်းပွားလို့ မရသေးတဲ့ အမှန်တရားတစ်ခု ဖြစ်နေဆဲပါ။

ကမ္ဘာ့အဆင့်မီ ကွင်းလယ်လူကြီးတွေဖြစ်တဲ့ ဇီနဒီဇီဒန်း  နဲ့ ဇာဗီ တို့ကိုယ်တိုင် "စံပြပုဂ္ဂိုလ်" အဖြစ်ရော၊ "အခက်ခဲဆုံး ပြိုင်...
16/11/2025

ကမ္ဘာ့အဆင့်မီ ကွင်းလယ်လူကြီးတွေဖြစ်တဲ့ ဇီနဒီဇီဒန်း နဲ့ ဇာဗီ တို့ကိုယ်တိုင် "စံပြပုဂ္ဂိုလ်" အဖြစ်ရော၊ "အခက်ခဲဆုံး ပြိုင်ဘက်" အဖြစ်ပါ သတ်မှတ်ခဲ့ရတဲ့ ကစားသမားတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဇီဒန်းက သူ့ကို "ထိန်းချုပ်ရ အခက်ဆုံး ပြိုင်ဘက်" လို့ ဆိုခဲ့သလို၊ ဇာဗီက "ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အကောင်းဆုံး ကွင်းလယ်လူ" လို့တောင် အတိအလင်း ချီးကျူးခဲ့ရတာပါ။

သူ့ရဲ့ကစားပုံက ရိုးရှင်းသလောက် ကြောက်စရာကောင်းလောက်အောင် ထိရောက်ပါတယ်။ ဘောလုံးမရခင်ကတည်းက နောက်တစ်ဆင့်ကို ကြိုတွေးထားနိုင်သလို၊ ကွင်းရဲ့ ဘယ်ထောင့်၊ ညာထောင့်ကို လက်မလွဲ ပေးပို့နိုင်တဲ့ သူ့ရဲ့ ဘောလုံးပေးပို့မှုတွေက ပွဲရဲ့အရှိန်အဟုန်ကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါတင်မကသေးပါဘူး။ ဧရိယာထိပ်ကနေ မမျှော်လင့်ဘဲ ပစ်သွင်းလိုက်တဲ့ မီးတောက်လို အဝေးကန်ချက်တွေကလည်း ပရိသတ်တွေ မျက်စိထဲ စွဲနေဆဲပါ။

ဒီအရည်အချင်းတွေနဲ့အတူ သူဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အောင်မြင်မှု ခေတ်တစ်လျှောက်လုံး Class of '92 မျိုးဆက်တွေထဲမှာ အဓိက ကျောရိုးမဏ္ဍိုင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဖလား ၁၁ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့ရုံတင်မက၊ အသင်းတစ်သင်းတည်းအတွက်ပဲ ကစားသမားဘဝကို မြှုပ်နှံခဲ့သူပါ။ သူ့ရဲ့ သစ္စာစောင့်သိမှုက ဘယ်လောက်ထိ ကြီးမားခဲ့သလဲဆိုရင်၊ အနားယူရာကနေ အသင်းအတွက် ပြန်ကစားပေးပြီး ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးပေးခဲ့တဲ့အထိပါပဲ။

တချို့လူတွေက သူ့ရဲ့ "Tackling" အားနည်းမှုကို ထောက်ပြဝေဖန်ကြပေမယ့်၊ ဒီတစ်ခုတည်းသော အားနည်းချက်က သူရဲ့ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူတစ်ဦးရဲ့ဘဝကို အလုံးအရပ်လျော့သွားစေတဲ့ ပြဿနာတရပ်တော့ မဟုတ်ခဲ့ပါဘူး။

ဒီကစားသမားကတော့ အခြားသူ မဟုတ်ပါဘူး။ အသင်းဖော်တွေနဲ့ ပရိသတ်တွေက ချစ်စနိုးနဲ့ Scholesy!လို့ ခေါ်ဝေါ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္ထဝင် ကွင်းလယ်လူ ပေါလ် စခိုးလ် ပဲ ဖြစ်ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ဟာ ဒီဂန္ထဝင် ကစားသမားကြီးရဲ့ ၅၁ နှစ်ပြည့် မွေးနေ့ ကျရောက်တဲ့ နေ့ရက် ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကိန်းဂဏန်းပိုင်ရှင်များ __________________________- အထိရောက်ဆုံး တိုက်စစ်မှူး-အခွင့်အရေး အ...
15/11/2025

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကိန်းဂဏန်းပိုင်ရှင်များ
__________________________

- အထိရောက်ဆုံး တိုက်စစ်မှူး
-အခွင့်အရေး အများဆုံး ဖန်တီးရှင်
- လိမ်ခေါက်မှုကျော်ဖြတ်မှုအကောင်းဆုံးနဲ့
- အကောင်းဆုံး ပေးပို့မှုပိုင်ရှင်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေက စိတ်ဝင်စားစရာပါ။ ရွှေဖိနပ်ဆုကို ဦးဆောင်နေတဲ့ ဟာလန်း ရှိနေပေမယ့်၊ သူ့ထက် ပိုပြီး "တိကျ ထိရောက်တဲ့" တိုက်စစ်မှူး တစ်ဦး ရှိနေခဲ့ပါတယ်။

မန်စီးတီး ကြယ်ပွင့် ဟာလန်းဟာ ဂိုးသွင်းနှုန်း ၃၁% ရှိနေချိန်မှာ၊ ဘရိုက်တန် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘက် က ၄၂.၈၆% အထိ ပိုင်ဆိုင်ထားပြီး စာရင်းအင်းတွေအရ အထိရောက်ဆုံး တိုက်စစ်မှူး ဖြစ်နေပါတယ်။ ဝဲလ်ဘက်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းက တကယ့်ကို ပေါ့သေးသေး မဟုတ်ပါဘူး။

အကောင်းဆုံး ကွင်းလယ် ဖန်တီးရှင် နေရာမှာလည်း ထင်မှတ်မထားတဲ့ နာမည်တစ်ခုကို တွေ့ရပါတယ်။ နော်တင်ဟမ် ဖောရက်စ် အသင်းရဲ့ ကွင်းလယ်လူ အဲလီယက် အန်ဒါဆန် ဟာ ဒီရာသီမှာ အင်္ဂလန် လက်ရွေးစင်အသင်းမှာ နေရာ ပိုမို မြဲလာခဲ့သလို၊ သူ့ရဲ့ ကိန်းဂဏန်းတွေကလည်း အံ့မခန်း ဖြစ်နေပါတယ်။ သူဟာ ပြိုင်ဘက်အသင်းရဲ့ ကွင်းတစ်ခြမ်းအတွင်း အအောင်မြင်ဆုံး ပေးပို့မှု (၃၆၁ ကြိမ်) နဲ့ ဘောလုံး ပြန်လည် ဆယ်ယူမှု (၉၂ ကြိမ်) တွေမှာ ပရီးမီးယားလိဂ် တစ်ခုလုံးကို ဦးဆောင်ထားသူ ဖြစ်နေပါတယ်။

တိုက်စစ်ကို ဘယ်ကနေ စတင်သလဲ ဆိုတာကို ကြည့်ရင်လည်း ဘုန်းမောက် အသင်းရဲ့ အဓိက နောက်ခံလူ မားကို့စ် ဆီနက်ဆီ က အသင်းရဲ့ တိုက်စစ် တည်ဆောက်ပုံမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတာ တွေ့ရပါမယ်။ သူဟာ Final Third ထဲကို ဘောလုံး ပေးပို့မှု အကြိမ် ၁၅၀ နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

Dribbling အကောင်းဆုံး ကစားသမား နေရာမှာတော့ ပရိသတ်တွေ မျက်စိထဲ စွဲနေတဲ့ နာမည်နှစ်ခုက ပူးတွဲ ဦးဆောင်နေပါတယ်။ မန်စီးတီးရဲ့ တောင်ပံကစားသမား ဂျယ်ရမီ ဒိုကူ နဲ့ စပါးအသင်းရဲ့ မိုဟာမက် ကူဒက်စ် တို့ဟာ ဒီရာသီမှာ အောင်မြင်မှု ၃၄ ကြိမ်စီနဲ့ ထိပ်ဆုံးမှာ ရှိနေကြတာပါ။

စိတ်ဝင်စားစရာကောင်းတာက ဂိုးဖန်တီးမှု အများဆုံး စာရင်းမှာပါ။ ဒီရာသီမှာ ဘယ်နောက်ခံလူတွေနဲ့ တောင်ပံကစားသမားတွေက နေရာယူထားတာ တွေ့ရပါတယ်။ ဘန်လေ အသင်းက ဟာတ်မန်း၊ အဲဗာတန် က ဂျက် ဂရီးလစ်ရှ် တို့က ၄ ကြိမ်စီ ဖန်တီးထားပါတယ်။ အထူးခြားဆုံးကတော့ စပါးကစားသမား ကူဒက်စ် ပါပဲ။ သူဟာ Dribbling အများဆုံး စာရင်းမှာ ပါဝင်နေသလို၊ ဂိုးဖန်တီးမှု ၄ ကြိမ်နဲ့ ဒီစာရင်းမှာလည်း ပူးတွဲ ဦးဆောင်နေတာ ဖြစ်ပါတယ်...

နေ့စံ ညခံ မန်ချက်စတာယူနိုက်တက်___________________________ဗုဒ္ဓဒဿန (Buddhist philosophy) မှာ "အသူရကာယ်" (Asurakāya) ဆိုတဲ...
15/11/2025

နေ့စံ ညခံ မန်ချက်စတာယူနိုက်တက်
___________________________

ဗုဒ္ဓဒဿန (Buddhist philosophy) မှာ "အသူရကာယ်" (Asurakāya) ဆိုတဲ့ ဘုံဘဝတစ်ခုအကြောင်း ဖွင့်ဆိုထားတာ ရှိပါတယ်။ အသူရကာယ်တွေဟာ နေ့ဘက်မှာ နတ်သိကြားတွေလို လောကစည်းစိမ်ကို အပြည့်အဝ ခံစားရပေမယ့်၊ ညဘက်ရောက်တာနဲ့ တစ်ပြိုင်နက် ငရဲကျသလို ပြင်းထန်တဲ့ ဝေဒနာတွေကို ခံစားကြရတယ်လို့ ဆိုပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေစွမ်းက ဒီအသူရကာယ် ဘဝနဲ့ တော်တော်လေး သွားတူနေပါတယ်။

ပွဲစစချင်း ပထမပိုင်း မိနစ် ၄၅ ဟာ ယူနိုက်တက်တို့ရဲ့ "နေ့ဘက်" ပါပဲ။ အထူးသဖြင့် ကွင်းလယ်မှာ ကတ်စီမီရို (Casemiro) အပြည့်အဝ ကြံ့ခိုင်မှု ရှိနေသေးချိန်မှာဆိုရင်၊ ယူနိုက်တက်ရဲ့ ကစားပုံက လျင်မြန်တယ်၊ ပြတ်သားတယ်၊ ယုံကြည်မှု အပြည့်ရှိပြီး ပွဲကို လုံးဝ ထိန်းချုပ်ထားနိုင်ပါတယ်။ ဒီအချက်ကို သက်သေပြနေတာကတော့ သူတို့ ပထမပိုင်းတွေမှာ သွင်းယူထားတဲ့ ၁၁ ဂိုး (လိဂ်မှာ အများဆုံး) ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်း (သို့မဟုတ်) "ညဘက်" အချိန်ကို ရောက်လာတာနဲ့ အရာအားလုံး ပြောင်းပြန် ဖြစ်သွားပါတော့တယ်။ အထူးသဖြင့် ကွင်းလယ်မှာ ကတ်စီမီရို မရှိတော့တဲ့ အချိန် (သို့မဟုတ်) သူ ပင်ပန်းနွမ်းနယ်လာတဲ့ အချိန်မျိုးမှာ၊ "ငရဲလို ခံစားရတဲ့" အချိန်တွေ စတင်ပါပြီ။ ပထမပိုင်းက လွှမ်းမိုးထားတဲ့ အသင်းဟာ ဒုတိယပိုင်းမှာ ဖိအားတွေကို ကိုယ်တိုင် ပြန်ဖိတ်ခေါ်သလို ဖြစ်လာပြီး ပွဲကို မလိုအပ်ဘဲ ခက်ခဲသွားစေပါတယ်။ ဒီရာသီ ဒုတိယပိုင်းတွေမှာ ပေးထားရတဲ့ ဂိုးပေါင်း ၁၄ ဂိုး (လိဂ်မှာ အများဆုံး) ဆိုတဲ့ ကိန်းဂဏန်းက ဒီအချက်ကို သက်သေထူနေပါတယ်။

ဒီ "မိနစ် ၉၀ မခံတဲ့" ပြဿနာကို ဖြေရှင်းဖို့ ယူနိုက်တက်တို့ အဖြေ ရှာသင့်နေပါပြီ။ အသင်း လိုအပ်နေတာက ကွင်းလယ်မှာ မိနစ် ၉၀ ပြည့် မမောမပန်း ကစားနိုင်တဲ့ စွမ်းရည် (Stamina) မျိုးပါ။ ဥပမာအနေနဲ့ နော်တင်ဟမ် ဖောရက်စ် က ကွင်းလယ်လူ အဲလီယက် အန်ဒါဆန် လို ကစားသမားမျိုးရဲ့ ကိန်းဂဏန်းတွေကို ကြည့်နိုင်ပါတယ်။ အန်ဒါဆန်ဟာ ပြိုင်ဘက်ကွင်းတစ်ခြမ်းအတွင်း အအောင်မြင်ဆုံး ပေးပို့မှုတွေ ပြုလုပ်ရာမှာ လိဂ်ကို ဦးဆောင်နေသလို၊ ဘောလုံး ပြန်လည် ဆယ်ယူမှု (Ball Recoveries) နဲ့ တစ်ဦးချင်း အနိုင်ရမှု (Duels Won) တွေမှာလည်း ထိပ်ဆုံးက ဦးဆောင်နေသူပါ။
အရေးအကြီးဆုံးကတော့ သူဟာ လိဂ်တစ်ခုလုံးမှာ 'အများဆုံး ပြေးလွှားထားတဲ့' ကစားသမား စာရင်းမှာ ဒုတိယ နေရာ ချိတ်ထားတာကြောင့် မိနစ် ၉၀ ပြည့် ကြံ့ခိုင်မှု ရှိသူဖြစ်ကြောင်း သက်သေပြနေပါတယ်။ ယူနိုက်တက်ရဲ့ ဒုတိယပိုင်း ပြဿနာကို ဖြေရှင်းဖို့ ဒီလို ကစားသမားမျိုးရဲ့ ကြံ့ခိုင်မှုက အဖြေတစ်ခု ဖြစ်နေမလားလို့ ယူဆနိုင်စရာပါပဲ။

ရှေ့မှာ ယူနိုက်တက်အတွက် အနိုင်သေချာနေပြီလို့ ထင်ရတဲ့ ပွဲတွေဟာ ဒီမိနစ် ၄၅ အပြောင်းအလဲကြောင့်ပဲ ပရမ်းပတာ ဖြစ်ကုန်ရတာပါ။ အခုတော့ "မိနစ် ၉၀ ပွဲစဉ်တွေကို ဖျက်သိမ်းပြီး မိနစ် ၄၅ ပဲ ကစားခွင့်ပေးဖို့ FIFA ကို တောင်းဆိုသင့်တယ်" ဆိုတဲ့ နောက်ပြောင်မှုတွေတောင် ထွက်ပေါ်လာနေပါပြီ။

ဟာသတွေကို ဘေးဖယ်ထားပြီး ပြောရရင်၊ ဒါဟာ နည်းပြ အမိုရင် အရေးတကြီး ဖြေရှင်းရမယ့် အကြီးမားဆုံး ပြဿနာပါပဲ။ အသင်းမှာ အရည်အသွေးက ရှိပြီးသားပါ။ ဒီအရည်အသွေးကို မိနစ် ၉၀ ပြည့်အောင် ထိန်းထားနိုင်တဲ့ ဇွဲလုံ့လသာ ရှိခဲ့ရင်၊ ယူနိုက်တက်တို့ အမှတ်ပေးဇယားမှာ အလျင်အမြန် ပြန်တက်လာမှာ အသေအချာပါပဲ။ ယူနိုက်တက်တို့ ဘယ်အချိန်မှာ နေ့မှာစံပြီး ညမှာ ခံ နေရတဲ့ အသူရကာယ် ဘုံဘဝကနေ ကျွတ်လွတ်ခ္ငင့်ရမလဲ ဆိုတာကတော့ . . .

ဟိုဆေး မော်ရင်ဟို  ရိုးမား အသင်းကို ရောက်ရှိလာပြီးနောက်၊ သူ အဓိက ပစ်မှတ်ထား ခေါ်ယူခဲ့သူတွေထဲမှာ ကတော့ ဂျူဗင်တပ်စ်  ကနေ အ...
15/11/2025

ဟိုဆေး မော်ရင်ဟို ရိုးမား အသင်းကို ရောက်ရှိလာပြီးနောက်၊ သူ အဓိက ပစ်မှတ်ထား ခေါ်ယူခဲ့သူတွေထဲမှာ ကတော့ ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား တစ်ဦး လည်းပါဝင်ခဲ့ပါတယ်။

ဒါဟာ ဘောလုံး ပရိသတ်တွေကြားမှာ မျှော်လင့်ချက် အမြင့်ဆုံး အတွဲအစပ် တစ်ခု ဖြစ်လာခဲ့ပါတယ်။ 'Special One' ရဲ့ နည်းဗျူဟာပိုင်း ပြတ်သားမှုနဲ့ ဒီ 'အနုပညာရှင်' ကစားသမားရဲ့ ဘယ်ခြေစွမ်းရည်တို့ ပေါင်းစပ်လိုက်ရင် ရောမမြို့တော်အတွက် ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတော့မလို ထင်ခဲ့ကြတာပါ။

ဒါပေမဲ့ အခန့်မသင့်မှုတွေ၊ ဒဏ်ရာ ပြဿနာတွေကြောင့် ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ သူ ခြေစွမ်းပြ ကစားနိုင်တဲ့ ပွဲတွေ ရှိခဲ့ပြီး ဥရောပ ဖိုင်နယ်အထိ တွဲပြီး တက်လှမ်းနိုင်ခဲ့ကြပေမယ့်၊ ပရိသတ်တွေ မျှော်လင့်ထားသလောက် စီးရီးအေ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အဆင့်အထိတော့ မရောက်ရှိခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ဒီအတွဲအစပ် ပြီးပြည့်စုံအောင် မတည်ဆောက်နိုင်ခင်မှာပဲ နည်းပြ မော်ရင်ဟိုကိုယ်တိုင် ရောမအသင်းကနေ ထွက်ခွာသွားခဲ့ရပြီး၊ ဒီဇာတ်လမ်းဟာ ထင်သလို နိဂုံး မလှခဲ့ပါဘူး။

ရောမမှာ ထင်သလို မဖြစ်ခဲ့ဘူး ဆိုပေမယ့်၊ ဘောလုံး ပရိသတ်တွေကြားမှာတော့ "Prime Dybala" ဆိုတာ သီးသန့် အမှတ်တရ တစ်ခုပါပဲ။ သူ့ရဲ့ ထူးကဲလှတဲ့ နည်းစနစ်ပိုင်း အရည်အသွေးတွေက တကယ့်ကို ထူးခြားခဲ့ပါတယ်။ ဒါပေမဲ့ အားကစား ရှုထောင့်က ကြည့်ရင် ဝမ်းနည်းစရာ အကောင်းဆုံး အချက်ကတော့ မကြာခဏ ရရှိတဲ့ ဒဏ်ရာတွေက သူ့ရဲ့ တည်ငြိမ်မှု (Consistency) ကို ဆိုးဆိုးရွားရွား ဟန့်တားခဲ့တာပါပဲ။

ပရိသတ်တချို့က "သူဟာ ဘောလုံး ကစားနေတာ မဟုတ်ဘူး၊ အနုပညာကို ဖန်တီးနေတာ။ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ တကယ့်ကို ကွဲပြားတဲ့ ခံစားမှုမျိုးပဲ" လို့ တင်စားကြပါတယ်။

အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ ဂျူဗင်တပ်စ် ကစားသမားဘဝက သူ့ရဲ့ ခြေစွမ်း (အထူးသဖြင့် ဘာစီလိုနာကို ၂ ဂိုး သွင်းခဲ့တဲ့ပွဲ) ဟာ "ကိုယ့်သားသမီးကိုတောင် သူ့နာမည် ပေးချင်စရာ" ကောင်းလောက်အောင် အမှတ်တရ ဖြစ်ခဲ့ရတယ် ဆိုပြီး ပရိသတ်တွေက ဟာသနှော ချီးကျူးခဲ့ကြရတာပါ။

ရောမမြို့တော်က ဇာတ်လမ်း မပြည့်စုံခဲ့ပေမယ့်၊ အီတလီမြေမှာ သူဟာ အောင်မြင်မှုများစွာ ရရှိခဲ့သူပါ။ ဂျူဗင်တပ်စ် အသင်းရဲ့ ဂန္ထဝင် "နံပါတ် ၁၀" ဂျာစီကို ဝတ်ဆင်ပြီး စီးရီးအေ ချန်ပီယံဆု ၅ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သလို၊ အသင်းအတွက် သွင်းဂိုး ၁၀၀ ကျော် သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကစားသမားဘဝရဲ့ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၂၂ ခုနှစ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီကစားသမားကတော့ သူ့ရဲ့ နာမည်ကျော် မျက်နှာဖုံးစွပ် အောင်ပွဲခံမှု နဲ့ လူသိများသူ၊ "La Joya" (ကျောက်မျက်ရတနာ) လို့ တင်စားခေါ်ဝေါ်ခံရတဲ့ ပေါ်လို ဒိုင်ဘာလာ (Paulo Dybala) ပဲ ဖြစ်ပါတယ်။

ဒီနေ့၊ နိုဝင်ဘာလ ၁၅ ရက်နေ့ဟာ အသက် ၃၂ နှစ် ပြည့်မြောက်သွားတဲ့ ဒိုင်ဘာလာရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

Happy Birthday ပါ "La Joya"။

ရော်နယ်ဒို၊ အနီကတ် နှင့် လူတွေပါးစပ်ဖျားမှ မပြီးဆုံးနိုင်သေးသော တေးသွား___________________________နိုဝင်ဘာလ ၁၃ ရက်နေ့၊ အ...
14/11/2025

ရော်နယ်ဒို၊ အနီကတ် နှင့် လူတွေပါးစပ်ဖျားမှ မပြီးဆုံးနိုင်သေးသော တေးသွား
___________________________

နိုဝင်ဘာလ ၁၃ ရက်နေ့၊ အေဗီဗာ ကွင်းကွင်းထဲက ညဟာ ပေါ်တူဂီ ဘောလုံးသမိုင်းအတွက် မေ့ဖျောက်ချင်စရာ မှတ်တမ်းတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအသင်း အိမ်ရှင် အိုင်ယာလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ရုံတင် မကဘဲ၊ ပွဲရလဒ်ထက် ပိုပြီး ကမ္ဘာ့မီဒီယာတွေကို လှုပ်ခတ်သွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ ဖြစ်ပွားခဲ့လို့ပါပဲ။ အဲဒါကတော့ ခရစ္စတီယာနို ရော်နယ်ဒိုတစ်ယောက် သူ့ရဲ့ နိုင်ငံအသင်း ကစားသမားဘဝတစ်လျှောက် ပထမဆုံး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်အရောက်မှာ အဖြစ်အပျက်က စတင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အိုင်ယာလန် နောက်ခံလူ ဒါရာ အိုရှေး ကို တံတောင်နဲ့ တွက်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးက အစပိုင်းမှာ အဝါကတ်သာ ပြသခဲ့ပေမယ့်၊ VAR က ပြန်လည် ကြည့်ရှု သုံးဖြတ်ပြီးနောက်မှာတော့ ဒါဟာ "အကြမ်းဖက်ဆန်သော ပြုမူမှု" ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး တိုက်ရိုက် အနီကတ်အဖြစ် ပြောင်းလဲ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီအနီကတ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေကလည်း ထုံးစံအတိုင်း နှစ်ခြမ်း ကွဲသွားခဲ့ပါတယ်။ နည်းပြ ရောဘတ်တို မာတီနက်ဇ် ကတော့ ဒီဆုံးဖြတ်ချက်ဟာ "နည်းနည်း ပြင်းထန်လွန်းတယ်" လို့ သူ့ကစားသမားဘက်က ကာကွယ်ခဲ့ပါတယ်။ သူက ရော်နယ်ဒိုဟာ ပွဲချိန် မိနစ် ၅၀ ကျော်လုံး ပြိုင်ဘက်ကစားသမားတွေရဲ့ "အဖမ်းအဆွဲ၊ အတိုက်အတွန်း" တွေကို ခံနေရတာကြောင့် စိတ်ပျက်နေခဲ့တာလို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ အိုင်ယာလန် ပရိသတ်တွေက ဒီအနီကတ်ကို အားရပါးရ အောင်ပွဲခံခဲ့ကြပါတယ်။ မီဒီယာတချို့က ဒါဟာ ၂၀၂၁ ခုနှစ်က အဖြစ်အပျက် (ရော်နယ်ဒိုက ဒါရာ အိုရှေးကို တွန်းခဲ့ပေမယ့် အနီကတ်ကနေ လွတ်မြောက်ခဲ့ခြင်း) အတွက် "နာကြည်းမှု ဖြေဖျောက်ခြင်း" (catharsis) တမျိုး ဖြစ်တယ်လို့တောင် သုံးနှုန်းခဲ့ကြပါတယ်။

ကြားနေ သုံးသပ်သူတွေရဲ့ အမြင်မှာတော့၊ VAR သုံးသပ်ချက်အရ ဒီဆုံးဖြတ်ချက်ဟာ "မှန်ကန်တိကျခဲ့ပြီး၊" ရော်နယ်ဒိုရဲ့ "တမင်တကာ တံတောင်နဲ့ လွှဲရိုက်မှု" ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်လို့ espn က ဖော်ပြထားပါတယ်။ The Independent ကတော့ ဒါဟာ "လုံးဝ မလိုအပ်ဘဲ" လုပ်ခဲ့တဲ့ အနီကတ်ဖြစ်ပြီး၊ "ကစားသမားဘဝ နှောင်းပိုင်းက အမှားအယွင်းပေါင်းများစွာထဲက နောက်ဆုံးတခု" လို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒီအနီကတ်ကြောင့် ရော်နယ်ဒိုဟာ အာမေးနီးယားနဲ့ ကစားမယ့် နောက်ဆုံး ခြေစစ်ပွဲကို လွဲချော်မှာ သေချာပါပြီ။ ဒါပေမဲ့ ပိုဆိုးတာက FIFA ဟာ "အကြမ်းဖက် ပြုမူမှု" အတွက် ပွဲပယ်ဒဏ်ကို တစ်ပွဲထက် ပိုမို ချမှတ်နိုင်တာကြောင့်၊ ပေါ်တူဂီအသင်း ၂၀၂၆ ကမ္ဘာ့ဖလားကို ခြေစစ်ပွဲ အောင်သွားခဲ့ရင်တောင် အဖွင့်ပွဲစဉ်တွေကိုပါ သူ လွဲချော်ရနိုင်ခြေ ရှိနေတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေပါပဲ...

ဇခ်ဇီလား အိုဘီလား ဒါမှမဟုတ် ဘရူးနိုများလား________________________________စပါးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲအပြီးမှာ နည်းပြ ရူဘင...
12/11/2025

ဇခ်ဇီလား အိုဘီလား ဒါမှမဟုတ် ဘရူးနိုများလား
________________________________

စပါးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲအပြီးမှာ နည်းပြ ရူဘင် အမိုရင်က "ရှက်ကို ကြံ့ခိုင်နေဖို့ အသင်းက လိုအပ်ပါတယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ယူရို ၇၆.၅ သန်းတန် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၂ ဂိုးနဲ့ ဖန်တီးမှု ၁ ကြိမ်သာ မှတ်တမ်းတင်ထားသေးတာကြောင့် ဒီစကားက နည်းနည်းတော့ ထူးဆန်းနေနိုင်ပါတယ်။ ဒါပေမဲ့ အမိုရင်ကတော့ သူ့ကို အသင်းအတွက် အရေးကြီးတဲ့ ကစားသမားအဖြစ် ဆက်လက် သတ်မှတ်ထားဆဲပါ။

တကယ်တော့ ရှက်ကိုဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၆ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ အကြောင်းရင်းတစ်ခုက ရာသီကြို လေ့ကျင့်ခန်း လွဲချော်ခဲ့တာကြောင့် ဖြစ်ပြီး၊ နောက်တစ်ခုကတော့ နည်းဗျူဟာပိုင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့်ပါပဲ။ ဥပမာ - လီဗာပူးနဲ့ ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အမိုရင်ဟာ အရပ်ရှည်တဲ့ ရှက်ကိုကို အသုံးမပြုဘဲ၊ အမ်ဘူမို၊ ကွန်ညာနဲ့ မောင့်တို့ရဲ့ လျင်မြန်မှုကို အသုံးချပြီး second balls တွေကို အဓိက လိုက်လုစေခဲ့ပါတယ်။ စပါးနဲ့ပွဲမှာလည်း ကွန်ညာကို အထောင်ထားပြီး အာမက်ကို ရှေ့တိုးကစားစေခဲ့ပေမယ့် ဒီပုံစံက သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။

အခု ရှက်ကို ဒဏ်ရာရသွားခဲ့ရင် အမိုရင်အတွက် ဘယ်လို ရွေးချယ်စရာတွေ ရှိနေမလဲ။

ပထမဆုံး အသင်းရဲ့ "မေ့လျော့ခံ တိုက်စစ်မှူး" ဂျိုရှူအာ ဇာခ်ဇီ ရှိနေပါတယ်။ သူဟာ ဒီရာသီမှာ စုစုပေါင်း မိနစ် ၉၀ သာ ကစားခွင့် ရထားသေးပြီး၊ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်တာ ၁၂ လ နီးပါး ရှိနေပါပြီ။ ရာသီကြို ပြင်ဆင်မှု လွဲချော်ခဲ့တာကြောင့် ပွဲကစားချိန်နဲ့ အလှမ်းဝေးနေဆဲပါ။

နောက်တစ်နည်းကတော့ နည်းဗျူဟာ အပြောင်းအလဲ လုပ်တာပါပဲ။ အမိုရင်ဟာ ကက်စ်မဲရိုး ဘေးက ကွင်းလယ်နေရာအတွက် ဖာနန်ဒက်စ်နဲ့ ကော်ဘီ မိုင်နူးတို့ ယှဉ်ပြိုင်ရမယ်လို့ ပြောထားဖူးပါတယ်။ ဒါကြောင့် ဖာနန်ဒက်စ်ကို မေဆန် မောင့်နဲ့တွဲပြီး (No. 10) နေရာမှာ ကစားစေကာ ကွန်ညာကို အထောင်ထားတဲ့ နည်းလမ်းကိုလည်း စဉ်းစားနိုင်ပါတယ်။

ဒါမှမဟုတ် ရှက်ကိုရဲ့ ဒဏ်ရာက လူငယ်တွေအတွက် အခွင့်အလမ်း ဖြစ်လာနိုင်မလား။ ၂၀၂၄ မှာ အာဆင်နယ်ကနေ ခေါ်ယူခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ချီဒို အိုဘီ ဟာ မနှစ်က စီနီယာ ၈ ပွဲ ကစားခဲ့ဖူးပြီး၊ ပထမအသင်း အရန်ခုံကို ပြန်လည် ရောက်ရှိလာနိုင်ပါတယ်။

ဒီပြဿနာတွေအားလုံးထက် ပိုဆိုးတာက မကြာခင်မှာ အာဖရိကဖလား (AFCON) ပြဿနာနဲ့ ရင်ဆိုင်ရတော့မှာပါ။ အမ်ဘူမို (ကင်မရွန်း)၊ အာမက် (အိုင်ဗရီကို့စ်) နဲ့ မာဇရာဝီ (မော်ရိုကို) တို့ဟာ ဒီဇင်ဘာလနှောင်းပိုင်းမှာ စတင်မယ့် ပြိုင်ပွဲကြောင့် အသင်းနဲ့ လွဲချော်ကြတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယူနိုက်တက်တို့ ရှက်ကိုရဲ့ ဒဏ်ရာ အခြေအနေ မဆိုးရွားဖို့ မျှော်လင့်ရမှာ ဖြစ်သလို၊ ဥရောပဝင်ခွင့် မျှော်မှန်းချက်အတွက် လက်ရှိ တိုက်စစ်အင်အားနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့ အမိုရင်တစ်ယောက် တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်...
ref: the athletic

မန်စီးတီး ၃-၀ လီဗာပူး ပွဲပြီး အချက်အလက်များ______________________________ Etihad Stadium မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ လက်...
10/11/2025

မန်စီးတီး ၃-၀ လီဗာပူး ပွဲပြီး အချက်အလက်များ
______________________________
Etihad Stadium မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ လက်ရှိ ချန်ပီယံ လီဗာပူးတို့ရဲ့ ပွဲကြီးပွဲကောင်းမှာတော့ အိမ်ရှင်တို့က ၃-၀ ဂိုးပြတ် နိုင်ပွဲနဲ့အတူ နည်းပြ ပက် ဂွါဒီယိုလာ ရဲ့ နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့် မှတ်တိုင်ကို ဂုဏ်ပြုနိုင်ခဲ့ကြပါတယ် ။ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၄ မှတ်အကွာ ဒုတိယနေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပြီး၊ လီဗာပူးကတော့ အဆင့် ၈ နေရာအထိ ဆင်းသက်သွားခဲ့ရပါတယ်။

ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဂျယ်ရမီ ဒိုကူ ပါပဲ ။ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ လီဗာပူးခံစစ်ကို တစ်ပွဲလုံး ဒုက္ခပေးခဲ့တဲ့ ဒိုကူဟာ ၁၃ မိနစ်မှာ ပင်နယ်တီ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို၊ ၆၃ မိနစ်မှာလည်း လှပတဲ့ တတိယဂိုးကို သွင်းယူပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဟာလန်း အတွက်တော့ ဒီပွဲက အနိမ့်အမြင့် ရှိခဲ့ပါတယ်။ ၁၃ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကို လီဗာပူး ဂိုးသမား မာမာဒါရှဗီလီ ကာကွယ်သွားနိုင်ခဲ့ပေမယ့်၊ ၂၉ မိနစ်မှာတော့ မာသီးယပ်စ် နူနက်စ် ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူကာ သူ့ရဲ့ ပရီးမီးယားလိဂ် ၉၉ ဂိုးမြောက် သွင်းဂိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်ရောက်ပြီးချိန်ကစလို့ သူ့ရဲ့ ၁၇ ဂိုးမြောက် ခေါင်းတိုက်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီး ၄၅+၃ မိနစ်မှာတော့ ကံတရားက မန်စီးတီးဖက်မှာ ရှိနေခဲ့ပါတယ်။ နီကို ဂွန်ဇာလန်း ရဲ့ အဝေးကန်ချက်ဟာ ဗန်ဒိုက် နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာကြောင့် မန်စီးတီးတို့ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
လီဗာပူးအတွက်တော့ ဒီပွဲဟာ မေ့ပျောက်ချင်စရာ ညတစ်ညပါပဲ ။ ချန်ပီယံဆု ကာကွယ်ဖို့ ကြိုးစားနေချိန်မှာ ၁၁ ပွဲကစားပြီး ၅ ပွဲ ရှုံးနိမ့်ခဲ့တာက ၂၀၁၆-၁၇ ရာသီက လက်စတာ စံချိန်နဲ့ သွားတူနေသလို၊ ချယ်လ်ဆီး (၂၀၁၅-၁၆) နောက်ပိုင်း လက်ရှိချန်ပီယံတစ်သင်းရဲ့ အဆိုးရွားဆုံး ရာသီစတင်မှုလည်း ဖြစ်နေပါတယ် ။ တိုက်စစ်ပိုင်းမှာလည်း အားနည်းခဲ့ပြီး ၇၆ မိနစ်ရောက်မှ ပထမဆုံး ဂိုးပေါက်တည့် ကန်ချက် ရရှိခဲ့တာက သူတို့ရဲ့ ရုန်းကန်နေရမှုကို မီးမောင်းထိုးပြနေပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ လီဗာပူးနဲ့ နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှုမှာ ပထမဆုံး နိုင်ပွဲ ပြန်ရခဲ့တာ ဖြစ်သလို၊ လီဗာပူးကတော့ အဝေးကွင်း ၄ ပွဲဆက် ရှုံးပွဲနဲ့အတူ အဆင့် ၈ နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဂွါဒီယိုလာရဲ့ ပွဲ ၁၀၀၀ ပြည့် အောင်ပွဲဟာ မန်စီးတီးအတွက် ချန်ပီယံမျှော်လင့်ချက်ကို ပြန်လည် အသက်သွင်းပေးလိုက်သလို၊ လီဗာပူးအတွက်တော့ စိုးရိမ်စရာ အချက်ပေးခေါင်းလောင်းသံ ဖြစ်လာခဲ့ပါပြီ။

Address

Yangon

Opening Hours

Monday 09:00 - 21:30
Tuesday 09:00 - 21:30
Wednesday 09:00 - 21:30
Thursday 09:00 - 21:30
Friday 09:00 - 21:30
Saturday 09:00 - 21:30
Sunday 09:00 - 21:30

Alerts

Be the first to know and let us send you an email when Orange Sports Scores posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Gym/sports Facility?

Share