18/02/2025
ဒိုင်လူကြီးတွေရဲ့အရည်အသွေးကို သဘောမကျတာကြောင့် လာလီဂါပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ရီးယဲလ် စဉ်းစားနေ
--------------------------------------------
လာလီဂါထိပ်သီး ရီးယဲလ်အသင်းဟာ ပြည်တွင်းက ဒိုင်လူကြီးတွေရဲ့အရည်အသွေးကို စိတ်ပျက်နေတာကြောင့် လာလီဂါပြိုင်ပွဲကနေ နုတ်ထွက်ပြီးတော့ တခြား ဥရောပလိဂ်ပြိုင်ပွဲတစ်ခုကို ပြောင်းရွှေ့ကစားဖို့ စီစဉ်နေပြီလို့ အံ့အားသင့်စရာ သတင်းထွက်လာပါတယ်။
အိုဆာဆူနာနဲ့ သရေကျတဲ့ပွဲမှာ ကွင်းလယ်ဒိုင်ဖြစ်သူ မွန်တာရိုက ရီးယဲလ်ကြယ်ပွင့် ဘယ်လင်ဂမ်ကို ၃၉ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ သူ့ကို 'f*** you' ဆိုပြီး အော်ဟစ်ဆဲဆိုခဲ့တယ်လို့ မွန်တာရိုက ယူဆတာကြောင့် အနီကတ်နဲ့ထုတ်ပယ်ခဲ့တာဖြစ်ပေမဲ့ ဘယ်လင်ဂမ်က မွန်တာရိုကို ရည်ရွယ်တာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ဒေါသပေါက်ကွဲပြီးတော့ 'f*** off' လို့ ဆဲဆိုခဲ့တာဖြစ်ပါတယ်။
အခု ရီးယဲလ်အသင်းဟာ စပိန်ဒိုင်လူကြီးတွေရဲ့ အရည်အချင်းကို သဘောမကျတဲ့အတွက် တခြားဥရောပလိဂ်ပြိုင်ပွဲတစ်ခုမှာ ပြောင်းရွှေ့ကစားဖို့ စီစဉ်နေပြီး စီးရီးအေ၊ ပြင်သစ်လီဂူး ဒါမှမဟုတ် ဘွန်ဒစ်လီဂါတို့မှာ သွားကစားဖို့ရှိတယ်လို့ စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ လိဂ်ပြိုင်ပွဲပြောင်းကစားဖို့ဆိုရင် ပထမဆုံးအနေနဲ့ ဖီဖာရဲ့ထောက်ခံချက်သာမက သူတို့ သွားရောက်ကစားမဲ့ လိဂ်ပြိုင်ပွဲအဖွဲ့ချုပ်ရဲ့ သဘောတူညီချက်ရဖို့ လိုအပ်သလို UEFA ကလည်း ခွင့်ပြုမှ အဆင်ပြေမှာပါ။
တကယ်လို့ ရီးယဲလ်အသင်းသာ တခြားလိဂ်ပြိုင်ပွဲတစ်ခုမှာ ပြောင်းလဲကစားဖြစ်မယ်ဆိုရင် သူတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းအစဉ်အလာအရ အဲဒီလိဂ်ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာမြင့်တက်လာနိုင်သလို တခြားကောင်းကျိုးတွေလည်းရှိလာနိုင်တယ်လို့ Sport သတင်းစာက သုံးသပ်ခဲ့ပါတယ်။
ရီးယဲလ်အသင်းအနေနဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေမနပ်ဖြစ်ခဲ့တာက အခုမှ ပထမဆုံးအကြိမ်မဟုတ်ဘဲ အက်စ်ပန်ညိုကို ၁-၀ ဂိုးနဲ့ရှုံးတဲ့ပွဲတုန်းကလည်း ဘာပေကို ဆိုးဆိုးရွားရွား ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အက်စ်ပန်ညိုနောက်ခံလူ ကားလို့စ်ရိုမဲရိုးကို ဒိုင်လူကြီးက အနီကတ်မပြခဲ့သလို ကားလို့စ်ရိုမဲရိုးဟာ ၈၅ မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့တာကြောင့် ရီးယဲလ်အသင်းက ကြေညာချက်ထုတ်ပြန်ပြီးတော့ ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။
အိုဆာဆူနာနဲ့ပွဲအပြီး အစီရင်ခံစာမှာ မွန်တာရိုက ဘယ်လင်ဂမ်ရဲ့အဖြစ်အပျက်ကို ထည့်သွင်းရေးသားခဲ့တာကြောင့် ဘယ်လင်ဂမ်ဟာ ၁၂ ပွဲအထိ ပွဲပယ်ခံရမဲ့အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။