14/10/2022
'မန်စီးတီးမှာ တစ်ပတ်လုပ်ခ ပေါင် (၉)သိန်း'
ဟာလန်းရဲ့ မန်စီးတီးကစားသမားဘဝ တာထွက်ကတော့ ထင်ထားတာထက်ပိုမိုလှပနေပြီး ပြိုင်ပွဲစုံ (၁၂)ပွဲကစား (၁၉)ဂိုးသွင်းယူထားပါတယ်။ သို့ဖြစ်ရာ ပေါင် (၅၁)သန်းသာ ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေးဟာ မန်ချက်စတာမိုးပြာရောင်တွေအတွက် ထိုက်တန်လွန်းပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ အသက် (၂၂)နှစ်အရွယ် နော်ဝေးကြယ်ပွင့်ကို လစာငွေချီးမြှင့်မှုအပိုင်းမှာ တနင့်တပိုးပေးချေထားပါတယ်။ သတင်းရင်းမြစ်များစွာရဲ့အဆိုအရ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ လစာဝင်ငွေအများဆုံးကစားသမားဖြစ်တယ်လို့ သိရပါတယ်။
Daily Mail ရဲ့ဖော်ပြချက်မှာ သူ့ရဲ့တစ်ပတ်လုပ်ခဟာ ပေါင် (၉)သိန်းနီးပါးဖြစ်ပြီး အခြေခံလစာအနေနဲ့ စီးတီးအသင်းရဲ့လစာအများဆုံးကစားသမားတွေနဲ့ တန်းတူပါပဲ။ သို့ပေမယ့် အပိုဆုကြေးတွေပါပေါင်းထည့်လိုက်တဲ့အခါ ပေါင် (၈၆၅,၀၀၀)အထိတိုးမြင့်လာပြီး အားလုံးကိုကျော်တက်သွားတာပါ။
သို့ဖြစ်ရာ တစ်နှစ်လုပ်ခအားဖြင့် ပေါင် (၄၅)သန်းအနည်းဆုံး ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးနီးပါးပမာဏ ဖြစ်နေပါပြီ။ စီးတီးဟာ သူ့ကိုခေါ်ယူဖို့ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအစရှိတဲ့ ဥရောပအင်အားကြီးအသင်းတွေကို နောက်ကောက်ချခဲ့ရာမှာ လစာအကျိုးခံစားခွင့်ကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တာပါ။
ဒီအထဲမှာ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုက ယူရိုသန်း (၁၈၀)တန် ထွက်ခွာခွင့်စာချုပ်ဖြစ်နေပြီး ၂၀၂၄ နွေအပြောင်းအရွှေ့ရောက်ရင် အကျုံးဝင်ပါလိမ့်မယ်။ ထိုအချိန်ကျရင် အသက်ရလို့ ခြေစွမ်းကျတော့မယ့် ဘန်ဇီမာနေရာအစားထိုးဖို့ ရီးယဲလ်ကထပ်မံလှုပ်ရှားလာနိုင်ကြောင်း မာလာဂါဥက္ကဋ္ဌဟောင်း ဖာနန်ဒိုဆန့်ဇ်က...
"ကျွန်တော်ရရှိထားတဲ့ အထူးသတင်းတစ်ရပ်က ဟာလန်းရဲ့ဒုတိယရာသီမှာ အသက်ဝင်လာမယ့်စာချုပ်ဖျက်သိမ်းကြေးပါ။ စာချုပ်ပါပမာဏကို ပေးချေနိုင်မယ့်အသင်းကလည်း ဒီလောကမှာတစ်သင်းတည်းသာရှိနေပြီး ရီးယဲမက်ဒရစ်ပါပဲ။ ဟာလန်းက နှစ်ရာသီကစားပြီးရင် သူ့ကိုထွက်ခွာခွင့်ပေးဖို့ စီးတီးကိုသဘောတူစာချုပ် တောင်းဆိုခဲ့တာပါ"
"ပြီးတော့ သူ့ရဲ့ဦးစားပေးအသင်းက ရီးယဲလ်မက်ဒရစ်ဖြစ်ပါတယ်။ မက်ဒရစ်ကလည်း ဟာလန်းအတွက် ဘယ်လောက်ပင်ပေးချေရသည်ဖြစ်စေ လက်တွန့်နေမှာ မဟုတ်ပါဘူး" ဟူ၍ Mundo Deportivo သတင်းဌာနမှာ ပြောကြားသွားလို့ ပွဲဆူနေကြပါတယ်။