05/07/2022
ယူနိုက်တက်မှ ခွင့်ယူထားသော်လည်း ပေါ်တူဂီ လေ့ကျင့်ရေးကွင်းအနီးသို့ ရောက်လာခဲ့တဲ့ စီရော်နယ်ဒို
မန်ချက်စတာယူနိုက်တက်အဓိက တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကလပ်အသင်း၏ ရာသီကြိုပြင်ဆင်မှု ပထမဆုံးရက်ကို မိသားစုကိစ္စအကြောင်းပြချက်ဖြင့် ခွင့်ယူခဲ့သော်လည်း ပေါ်တူဂီလက်ရွေးစင်အသင်း လေ့ကျင့်ရေးကွင်းအနီးသို့ ရောက်ရှိလာသော ဓါတ်ပုံများ ထွက်ပေါ်လာသည်။
အသက်- ၃၇ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်သည် လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်သော စိတ်ဆန္ဒကြောင့် သူ့အတွက် သင့်လျော်သော်ကမ်းလှမ်းမှုကို ရရှိပါက အိုးထရက်ဖို့ဒ်မှ ထွက်ခွာခွင့်ပြုရန် ပြီးခဲ့သော သီတင်းပတ်ကုန်တွင် တောင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။
ပေါ်တူဂီလူမျိုးနာမည်ကျော်သတင်းထောက် Pedro Sepulveda ၏ တနင်္လာနေ့၊Twitter ပို့စ်တွင် ကားပါကင်မှ ထွက်ခွာသွားသော Rolls Royce အဖြူရောင်ကားတစ်စီးကို ရိုက်ကူးထားသော ဗီဒီယိုနှင့်အတူ လစ္စဘွန်းမြို့တော်ရှိ ပေါ်တူဂီလက်ရွေးစင်အသင်းလေ့ကျင့်ရေးစင်တာသို့ စီရော်နယ်ဒိုရောက်ရှိလာခဲ့ကြောင်း ရေးသားတင်ပြခဲ့သည်။
စီရော်နယ်ဒိုက ပေါ်တူဂီလက်ရွေးစင်အသင်းလေ့ကျင့်ရေးစင်တာသို့ ရောက်ရှိလာခြင်းနှင့်စပ်လျဉ်း၍ အကြောင်းပြချက်တစုံတရာ ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း သူ၏ ကိုယ်ပိုင်ရာသီကြိုပြင်ဆင်မှု လေ့ကျင့်ရေးပြုလုပ်ရန်အတွက် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်နိုင်ဖွယ်ရှိနေသည်။ မိသားစုကိစ္စဖြင့် ခွင့်တိုင်ကြားကာ နွေရာသီအားလပ်ရက်ပြီးနောက် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ပြန်မရောက်လာနိုင်သေးသည့် စီရော်နယ်ဒို၏ တနင်္လာနေ့ခွင့်တိုင်ကြားမှုကိုလည်း ယူနိုက်တက်က အပြည့်အဝခွင့်ပြုပေးထားသည်။တချိန်တည်းမှာပင် စီရော်နယ်ဒိုအနေဖြင့် ယူနိုက်တက်အပေါ် ချစ်ခင်လေးစားမှုအပြည့်ရှိသော်လည်း သူ့အတွက် သင့်လျော်သောကမ်းလှမ်းမှုတစ်ခုရှိလာပါက အသင်းမှထွက်ခွာခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားသည်။ စီရော်နယ်ဒို၏ ဒုတိယအကြိမ် ယူနိုက်တက်နှင့်ပြန်လည်ပေါင်းစည်းခဲ့ပြီးနောက် အသင်းဖန်များက ကစားသမားသည် အတိတ်အောင်မြင်မှုများဆီ အသင်းကို ပြန်လည်ခေါ်ဆောင်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ခဲ့ကြသည်။
ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးကလည်း အိုးထရက်ဖို့ဒ်ကလပ်အတွက် ၃၈ ပွဲကစား၊ ၂၄ ဂိုးသွင်းယူကာ ကလပ်အတွက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စွမ်းဆောင်ပေးခဲ့စေကာမူ ရာသီကုန်ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၆)သာရရှိကာ ရာသီသစ်ယူရိုပါလိဂ်ပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ရဖို့ရှိနေသည်။
အလားတူ ကစားသမားအနေဖြင့် ယူနိုက်တက်ထံပြန်လည်ပူးပေါင်းပါက နည်းပြသစ် တန်ဟက်နှင့် ဆွေးနွေးဖွယ်ရှိနေပြီး အသက်-၃၇နှစ်အရွယ်ကစားသမားသည် ကစားသမားဘဝ နောက်ဆုံး အပိုင်းအခြားကာလအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်သာ ကစားခွင့်ရရှိရေး ပြင်းပြင်းထန်ထန်ဆန္ဒရှိနေကြောင်း သိရသည်။
Crd ''
ဘောလုံးအားကစားသတင်းတွေ ဖတ်ရှု့ဖို့အတွက်
ညီမတို့ရဲ့ " Euro " Page ကို like လုပ်ထားလိုက်ပါနော်