18/09/2026
ကားလမ်းပိတ်ခြင်း ပြဿနာ နဲ့ မိုက်ကယ်ကာရစ်ရဲ့ မန်ယူနိုက်တက်
------------------------------------
(ဒီဆောင်းပါးကို Aura wear က ပံ့ပို့းပေးထားပါတယ်။)
ဒီနေ့ အလုပ်ကိစ္စတခုကနေ အိမ်ပြန်တော့လမ်းမှာ ကားတွေ တော်တော်လေးပိတ်နေတာတွေ့ရတယ်။ အတွေ့အကြုံတွေကနေ ပြောပြနေတာက ဒီအချိန်က လမ်းအဲ့ဒီလောက်မပိတ်သင့်ဘူး။ ဒီတော့ စိတ်၀င်စားမိတာက ရှေ့မှာ ဘာဖြစ်နေတာလဲ ဆိုတဲ့ ဘက်ကို ရောက်သွားတယ်။
Accident လည်း ဖြစ်နိုင်တယ်၊ လမ်းပြင်နေတာလည်း ဖြစ်နိုင်တယ်၊ ကားပျက်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်စီးလာတဲ့ ကားကသာ ရွေ့လာတယ်၊ ဘာပြဿနာကိုမှလည်း မမြင်မိဘူး။ ကားဆရာက ဘာတွေ ဘယ်လိုပိတ်နေလဲ မသိဘူးလို့ စိတ်ပျက်လက်ပျက် ညည်းညူတယ်။
ကျွန်တော်က အတွေးတချက် လက်ခနဲ ဖြစ်သွားတယ်။ traffic system တွေရဲ့ ထူးဆန်းတဲ့အချက်က အကြောင်းရင်းကို ရှင်းပစ်ပြီးသားဖြစ်နေတာတောင် jam က ဆက်ရှိနေတတ်တာပဲ။ ဒါဆိုရင် ဘောလုံးအသင်းတသင်းဆိုရင်ရော။
ကျွန်တော်တို့ မရောက်ခင် နာရီအနည်းငယ် accident တခု ဖြစ်ခဲ့တယ်ဆိုပါစို့။ ကားတန်းက ရုတ်တရက် brake တွေ စုပြုံနင်းရတယ်။ နောက်ကားက ထပ်နှေးတယ်။ နောက်ကားက ဒီ့ထက်ပိုပြီးနှေးတယ်။ဒီလိုနဲ့ compression wave တခုက ကားတန်းထဲကို နောက်ဘက်ဆီ ပြန်ရွေ့သွားတယ်။
Accident ကို ရှင်းလိုက်ပြီ။ လမ်းရှင်းပြီ။ ဒါပေမဲ့ disturbance က system ထဲမှာ ကျန်နေသေးတယ်။ Cause က ပျောက်သွားပေမယ့် consequence က ဆက်လှုပ်ရှားနေတယ်။ ကာရစ်ရဲ့ ယူနိုက်တက် ကိုလည်း ဒီလိုမြင်လို့ရတယ်လို့ ကျွန်တော်တွေးမိတယ်။
ကာရစ်က ယူနိုက်တက်နည်းပြ ရာထူးကို လက်ခံလိုက်ချိန်မှာ ရှေ့ နှစ်ပေါင်းများစွာက ပြဿနာတွေ၊ နည်းပြ အပြောင်းအလဲတွေ၊ squad building အမှားတွေ၊ မတူညီတဲ့ football philosophies တွေ၊ ပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေ၊ မီဒီယာဖိအားတွေ အားလုံး စုပုံနေတဲ့ traffic system တခု ကို လက်ခံရရှိထားတယ်။
တကယ်တော့ ကာရစ်ကိုသာ ပြောတာ၊ ရှေ့နည်းပြ ဟူဘင်အမော်ရင်လည်း အတူတူပဲ။ အရေးကြီးတာက နည်းပြနာမည်မဟုတ်ဘူး။ ဖြစ်ပျက်နေတာကို ပြောချင်တာပါ။
မန်ယူနိုက်တက် ရဲ့ ကစားသမားတယောက်ချင်းစီကို ကြည့်ရင်လည်း သူတို့မှာတဉီးချင်းစီရဲ့ ရိုးရှင်းတဲ့ rule တွေရှိပါတယ်။ ကစားသမားတယောက်ချင်းစီရဲ့ decision ဟာ သူ့နေရာနဲ့သူ ကြည့်လိုက်ရင် အဓိပ္ပာယ်ရှိနိုင်ပါတယ်။
ဒါပေမဲ့ ကွင်းထဲက ၁၁ ယောက်၊ အရန်ခုံတန်း၊ နည်းပြအဖွဲ့၊ ဘုတ်အဖွဲ့၊ အားပေးသူ၊ မီဒီယာ အားလုံးကို network တခုအဖြစ် ပေါင်းကြည့်လိုက်တဲ့အခါ တခြားကြီးမားတဲ့ အရာတခု ဖြစ်လာတယ်။ အဲဒါကို emergent behaviour လို့ ခေါ်လို့ရပါတယ်။ ဘယ်သူ တဉီးတယောက်ကမှ deliberately မဖန်တီးထားပေမယ့် system တခုလုံးကနေ ထွက်လာတဲ့ behaviour ပါ။ မန်ယူနိုက်တက်ရဲ့ anxiety ဟာ ဒီလိုအခြေအနေတွေနဲ့ ဆိုင်မလား။
ဉပမာ ဟဲဗန် က အမှားတခုလုပ်လိုက်မိတယ်ဆိုပါတော့။ နောက်ပွဲကျရင် သူက ထပ်မမှားချင်လို့ risk နည်းနည်းလျှော့တယ်။ သူ့လျှော့လိုက်တဲ့ အလျှော့ဒဏ်ကို ကွင်းလယ်လူ တယောက်က ခံရတယ်။ ကွင်းလယ်လူက အခြေအနေကောင်းကို မပိုင်ဆိုင်တော့ progressive pass မပေးရဲတော့ဘူး။ အဲ့ဒီတော့ တိုက်စစ်က service မရတော့ဘူး။ မရတော့ အောက်ကို ဆင်းလာတယ်။ အဲ့ဒီကနေ Team shape က ပျက်လာတယ်။ ပရိသတ်က က စိတ်မရှည်တော့ဘူး။ ကွင်းထဲက atmosphere က ပြောင်းလာတယ်။ ပြောင်းလာတော့ ကစားသမားတွေ ပိုပြီး safe ဖြစ်အောင် ကစားလာတယ်။ ဒီလိုနဲ့ စစချင်းမှာ ကစားသမားတယောက်ရဲ့ hesitation သေးသေးလေး ဖြစ်ခဲ့တာဟာ နောက်ဆုံးကျတော့ team-wide nervousness ဖြစ်လာနိုင်တယ်။
ဒါဟာ traffic jam မှာကားတစီး စတင် brake နင်းလိုက်တာက နောက်ကား ၂၀၊ ၃၀ ကျော်အထိ wave ဖြစ်သွားတာနဲ့ တူပါတယ်။
ကာရစ်ရဲ့ ယူနိုက်တက်အသင်းဆိုပြီး ပြောနေပမယ့် အသင်းတော်တော်များများ ကြုံတွေ့နေရတာ ဒီပြဿနာပါ။ တကယ်တော့ ကာရစ် ရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ league performance ကို အချက်အလက်နဲ့ကြည့်မယ်ဆိုရင် ရှင်းလင်းတဲ့တိုးတက်မှု ရှိခဲ့ပါတယ်။
သူရောက်လာပြီးနောက် ရမှတ်စုဆောင်းမှုက league ရဲ့ ထိပ်ပိုင်းမှာရှိခဲ့တယ်။ ကာရစ်ရောက်ပြီးနောက် league goals မှာလည်း ယူနိုက်တက်က ဂိုးတော်တော်သွင်းထားတယ်။ ဒါဆိုရင် အခု ရလဒ်နည်းနည်းပြန်ကျလာတာကို ဘယ်လို နားလည်ရမလဲ။
ဒီမှာ traffic dynamics က အသုံးဝင်လာပါတယ်။
လမ်းရှင်းနေပြီဆိုတာနဲ့ပဲ traffic ကချက်ချင်း ပျောက်သွားတာ မဟုတ်ဘူး။ အလားတူပဲ နည်းပြက တချို့ structural problems တွေ ပြင်ပြီးပြီဆိုတာနဲ့ပဲ အသင်းရဲ့ accumulated instability အားလုံး ချက်ချင်းပျောက်မသွားနိုင်ပါဘူး။
မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ နည်းပြ တယောက်လာ၊ ဖီလိုဆော်ဖီအသစ် တခုလာ၊ player profile တွေကို စိတ်ကြိုက်စု၊ ပြီးတော့ နည်းပြပြောင်း၊ ဖီလိုဆော်ဖီ ပြောင်း၊ player profile ပြောင်းဆိုတဲ့ process တွေ ထပ်ခါတလဲလဲ ဖြတ်သန်းခဲ့ပါတယ်။ တနည်းအားဖြင့် accident ကို ရှင်းပြီးသားဖြစ်ပေမယ့် compression wave က system ထဲမှာ ပြေးနေသေးတာပါ။
ဒါကြောင့် ယူနိုက်တက်ရဲ့ ခပ်ညံ့ညံ့ ပွဲတပွဲကို မြင်တဲ့အခါ ပြဿနာတွေ ရှိနေတုန်းပဲလို့ မြင်တာက သင့်တော်ပြီး ကာရစ် ရဲ့ project အလုပ်မဖြစ်ဘူး လို့ပြောတာဟာ လုံး၀ မှန်ကန်နေတဲ့အရာတော့ မဟုတ်ပါဘူး။ ဒီအခြေအနေ ၂ ခုကို ခွဲပြီး သုံးသပ်မှရမယ်။
Complex systems တွေမှာ အရေးကြီးတဲ့အချက်တခုက lag ပါ။
Action နဲ့ result ကြားမှာ အချိန်ကွာဟမှု ရှိတတ်ပါတယ်။
ဘောလုံးအသင်းတသင်း structure ပြောင်းလိုက်တာနဲ့ behaviour အားလုံး ချက်ချင်းမပြောင်းပါဘူး။
ကာရစ်ရဲ့လက်ရှိအသင်းကို အခုလက်ရှိနေရာကနေကြည့်တဲ့အခါ ဒီ lag ကို ထည့်မတွက်ဘဲ ပြောတာက ကားဆရာလိုပဲ traffic jam ကြားထဲရောက်နေပြီး ဘာမှလည်း ဖြစ်မနေပဲနဲ့ ဘာကြောင့်မရွေ့သေးတာလဲ
လို့ ဒေါသထွက်နေသလိုမျိုး ဖြစ်ပါတယ်။ အဖြေက ရိုးရှင်းပါတယ်။
Accident မရှိတော့ပေမယ့် accident ရဲ့ history က traffic ထဲမှာ ရှိနေသေးလို့ပါ။
ဒီနေရာမှာ ပိုအရေးကြီးတာတခုလည်း ရှိပါတယ်။ လမ်းပိတ်နေတာကို မစောင့်နိုင်လို့ ဘယ်ကိုခွတက်၊ ညာကို ခွတက်ဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း ဖြစ်ရဲ့လား။ တကယ်တော့ လူတိုင်း၊ ကားတိုင်းက ဒီလိုသာ လုပ်နေမယ်ဆိုရင် system တခုလုံးအနေနဲ့ စဉ်းစားတဲ့အခါ braking ပိုများလာတတ်ပါတယ်။
ဘောလုံးအသင်းတွေရဲ့ manager cycle ကိုလည်း ဒီလိုမြင်လို့ရပါတယ်။ ရလဒ်လေး ကျမယ်ကြံရင် နည်းပြပြောင်း၊ နည်းနည်းကောင်းလာသလိုရှိ၊ ရလဒ်ပြန်ကျလာ၊ နည်းပြပြန်ပြောင်း၊ နည်းနည်းလေး ကောင်းလာသလိုရှိ၊ တကယ်တော့ အဲ့ဒီ ဖြစ်ရပ်တွေကို တခုချင်းကြည့်ရင်တော့ decision တခုချင်းစီမှာ logic ရှိနိုင်ပါတယ်။ ဒါပေမဲ့ network level အနေနဲ့ စဉ်းစားတဲ့အခါမှာတော့ ပိုကြီးတဲ့ ပြဿနာထဲ ရောက်နေပါပြီ။
လူတိုင်း flow မြန်ချင်လို့ လမ်းကို ပြောင်းချင်သလို ပြောင်းနေကြတာက နောက်ဆုံး flow ပိုနှေးသွားစေသလိုပါပဲ။ တခါတလေ progress ဆိုတာ လီဗာကို ပိုနင်းတာ မဟုတ်သလို၊ စတီယာရင်ကို ကစားတာလည်း မဟုတ်ပါဘူး။ လမ်းရှင်းပြီး ချောမွေ့သွားဖို့အတွက် system ကို အချိန်ပေးတာလည်း progress ပါပဲ။