30/01/2021
Passive Income ဆိုသည်မှာ….. အပိုင်း (၂)
Passive Income ဆိုတာ တကယ်ရှိတယ်..ဒါပေမယ့် ..တကယ်မရှိဘူး..
Passive Income တစ်နည်းအားဖြင့် ဘာအလုပ်မှမလုပ်ပဲ အချိန်တန်ငွေဝင်နေနိုင်တဲ့ အလုပ်မျိုး ရှိသလားလို့မေးလာရင်တော့ ရှိတယ်လို့ ဖြေ ရမှာပါပဲ။ ဘာအလုပ်မှ မလုပ်ရပဲ ဆိုတဲ့စကားစု ကြောင့် လူအတော်များများဟာလည်း Passive Income ဆိုတာကိုကြားလိုက်တာ နဲ့ ရချင်စိတ် တွေ ပြင်းလာတတ်ကြပါတယ်။
လူတိုင်း လူတိုင်းလို့ ပြောလို့မရပေမယ့် လူအများစုဟာ ဘဝမှာ ငွေရဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခု အတွက်နဲ့ နာရီပေါင်းများစွာ ပင်ပန်းတကြီးအလုပ်တွေ လုပ်ကိုင် နေရတဲ့ အတွက် တကယ်သာ အလုပ်လုပ်စရာမလိုပဲ ငွေတွေဝင်နေမယ်ဆိုရင်သိပ်ကောင်းမယ်လို့ ယူဆကြ တာပဲဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ်တိုင်အလုပ်မလုပ်ပဲ ငွေတွေဝင်နေနိုင်လဲ။ ဥပမာ အနေနဲ့ ပြောရရင်တော့ မိတ်ဆွေက တိုက်ခန်း တစ်ခန်းဝယ်လိုက်ပြီး တစ်လကို တစ်သိန်းကျပ်နဲ့ အငှား ချထားလိုက်မယ်ဆိုပါစို့။ ဒါဆိုရင် မိတ်ဆွေအနေနဲ့ အိမ်မှာပဲနေနေ ခရီးပဲထွက်နေနေ တစ်လ ပြည့် တာနဲ့ အိမ်ခန်းငှားခအနေနဲ့မိတ်ဆွေဘဏ်စာရင်းထဲကို ငွေတစ်သိန်း ဝင်နေမှာပဲဖြစ်ပါတယ်။ ဒါဟာလည်း Passive Income တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် မော်တော်ကား တစ်စီးဝယ် ပြီး အုံနာကြေး ယူ ကာ အငှားချတာ၊ ခြံတွေ လယ်တွေ ဝယ်ပြီး စိုက်ပျိုးသူတွေကိုသူရင်းငှား ချတာ၊ စတဲ့ ပိုင်ဆိုင်မှု Asset တစ်ခုခုကို ဝယ်ယူ ပြီး ငှားရမ်းထား ခြင်းဟာ Passive Income အမျိုးအစား ဝင်ပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်အကောင်အထည် ဖော် လုပ်ဆောင်မယ်။ တဖြည်းဖြည်းနဲ့ ကျွမ်းကျင်သူတွေ ခန့်မယ်၊ ဒီလူတွေကို Rules and regulations တွေ System တွေနဲ့ ချမှတ် ထိမ်းကွပ်ပြီး လုပ်ငန်းကို သူ့အလိုလို လည်ပတ်နေ ပြီး ကိုယ်က ဝင်လုပ်စရာမလိုအပ်ပဲ အရေးကြီး Decision တွေလောက်သာ ချမှတ် နိုင်သွား ရင်လည်း ဒါဟာPassive Income အမျိုးအစား ပဲဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ အထက်က Asset နဲ့ လုပ်ငန်း နှစ်မျိုးပေါင်းပြီး Passive Income အဖြစ် လုပ်ဆောင်နေကြတာမျိုးလဲ ရှိပါတယ်။ ဥပမာ Venting Machine ဆိုတာ အချိုရည်ဘူး အလိုအလျောက်ရောင်းချတဲ့ စက်တွေ ကော်ဖီ အော်တိုရောင်းတဲ့ စက်တွေ ဖြစ်ပါတယ်။ စက်ထဲကို ငွေထည့်လိုက်မယ် ပြီးရင် စက်က ကိုယ်လိုချင်တဲ့ အချိုရည် ခလုတ်ကိုနှိပ်လိုက် ရင် အချိုရည် ဘူး ကျလာမယ် ပိုငွေကို စက်ကနေ အလိုလိုပြန်အမ်း မယ် ဆိုတဲ့ Vending Machine တွေဟာ နိုင်ငံတကာမှာ ခေတ်စားပါတယ်။ အချိုရည်တင်မကပဲ ကော်ဖီ သကြားလုံး မု့န်ထုပ်မျိုးစုံ တွေ အတွက် Venting Machine တွေ ရှိပါတယ်။ မိတ်ဆွေက ဝန်ထမ်း အနေနဲ့ တစ်ရက် ၁၀ နာရီ အလုပ်လုပ် နေချိန်မှာ လူစည်ကားတဲ့ လမ်း သို့မဟုတ် စျေးုဆိုင်ကြီးတွေ မှာ အဲဒီလို Venting Machine တွေ ထားထား ရင် ကိုယ်တိုင် ဝင်မရောင်းပဲ ဝင်ငွေ ရနိုင်ပါတယ်။
ဒါ့အပြင် ရုပ်ရှင်တွေ ထဲမှာတွေ့ရလေ့ရှိတဲ့ အကြွေစေ့လေးတွေထည့်ပြီး အရုပ်ကောက် ရတဲ့ စက်တွေ၊ ဂိမ်း စက်တွေ ဟာလည်း ဒီလို asset နဲ့ လုပ်ငန်း သဘောကို ပေါင်းထားတဲ့ Passive Income ကိုပေးနိုင်ပါသေးတယ်။
ခေတ်စားတဲ့နောက်ထပ် Passive Income ကတော့ စီးပွားရေး လုပ်ငန်းကြီးတွေ ရဲ့ စတော့ရှယ်ယာ တွေ ကိုဝယ်ယူ ပြီး နှစ်စဉ် အမြတ် ပြန်အမ်းငွေ Dividend ရယူ ခြင်း ပဲဖြစ် ပါတယ်။ လုပ်ငန်းကြီးတွေ မှ မဟုတ်ပဲ အသိမိတ်ဆွေ တွေ လုပ်တဲ့အလုပ်တွေ ထဲမှာ အစု ပါဝင်ထည့်ထားတာ၊ ယုံကြည်စိတ်ချရသူတွေကို ငွေချေး ပြီး အတိုး ရယူတာ၊ စတာတွေ ဟာလည်း Passive Income ပုံစံ မျိုးတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့လိုနည်းပညာခေတ်ကြီးထဲမှာကိုယ် တိုင် အလုပ်မလုပ်ပဲ ရနေနိုင်တဲ့ Passive Income အမျိုးအစား အသစ်တွေ ပေါများလာပါတယ်။ ဥပမာ ကျွန်တော် ဆိုရင်လဲ Online Training တစ်ခု သင်ကြားထားပြီး ပညာရေး website or app တစ်ခုခုမှာ တင်ထားလိုက် ထားလိုက်ပြီး အဲဒီ course ကို သင်ယူသူတစ်ဦးဦး ရှိနေသရွေ ့Passive Income တစ်ခု ရရှိ နေမှာပါပဲ။
ဆိုတော့ Passive Income ဆိုတာ ရှိတယ်ပေါ့။
ဒါပေမယ့် Passive Income ဆိုတာ မရှိပါဘူး။
ဟင်..အမျိုးမျိုးပါလား လို့ ထင်မိပါလိမ့်မယ်။ဒီလိုပါ….. Passive Income မရှိဘူးဆိုတာကတော့ လုံးဝ ၁၀၀% ကိုယ့် လုပ်အား မပါပဲ ဒီအတိုင်းကြီး ငွေတွေလှိမ့်ဝင်နေမယ် ဆိုတဲ့ Passive Income ဆိုတာ တော့ မရှိဘူးလို့ ဆိုလိုချင်တာပါ။
အထက်က ပြောခဲ့တဲ့ Passive Income တိုင်းဟာ ကိုယ်တိုင် ဝင်ငွေ ရဖို့ အတွက် Earned Income လို ဝင်လုပ်နေဖို ့မလိုအပ်ပေမယ့် အတိုင်းအတာ တစ်ခု တော့ ပါဝင်လုပ်ဆောင် နေရ တာပါပဲ။ ဥပမာ အိမ် ခန်းငှား ပြီး passive income ယူမယ် ဆိုပေမယ့် အိမ်ငှား ရှာ ရတာ၊ တစ်လတစ်ခါ သို့မဟုတ် ခြောက်လ တစ်နှစ်တစ်ခါ စာချုပ်ချုပ်ရတာ၊ အခန်းပြင်ဆင်ရတာ စတဲ့ လုပ်ဆောင်ရမှုတွေ ကတော့ ရှိနေမှာပါပဲ။ ဒါ့အပြင် ပိုင်ဆိုင်မှုခိုင်မှာတဲ့ တိုက်ခန်း ၊အိမ် ဖြစ်ဖို့ အတွက်ဝယ်ယူ စဉ်တုနး်ကလဲ အားထုတ်မှုတွေ ၊ကျွမ်းကျင်မှုတွေ အများအပြား လိုအပ် ပြန်ပါတယ်။ ဆိုတော့ ၁၀၀% လုပ်ကိုင်ဖို့မလိုအပ်ပေမယ့် ၁၀% လောက်တော့ ရှိနေမှာပါပဲ။
စီးပွားရေး လုပ်ငန်းကြီးကို ဝန်ထမ်းအများအပြား နဲ့ System ချပြီး ကိုယ်မပါအောင်စီမံမယ် ဆိုပေမယ့် ဒီ လုပ်ငန်းကြီးကိုထိန်းကျောင်းဖို့အတွက် အားထုတ်မှု အချို့ နဲ့ ကျွမ်းကျင်မှု ၊ ရှေ့ရေးကို တွေးမြင်နိုင်မှုတွေကတော့ လိုအပ်နေလျက်ရှိမှာပါပဲ။
ဆိုလိုတာကတော့ Passive Income ဆိုတာ ရှိပေမယ့် ၁၀၀% လုံးလုံးကင်းလွတ်တောမဟုတ် ပဲ အားထုတ်မှုကို ရာခိုင်နှုန်း အနည်းငယ် သာ ရှိအောင် လျော့ချ ထားတဲ့ ဝင်ငွေမျိုးသာ ဖြစ်ပါတယ်။
ပိုပြီးအရေးကြီးတာကတော့ Passive Income တစ်ခု ဖန်တီးဖို့ အတွက် Earned Income ရဖို့ လုပ်ရတဲ့ ၊ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ နဲ့ လုံးလုံး မတူတဲ့ ကွဲပြားတဲ့ ကျွမ်းကျင်မှုတွေ ပညာတွေ အတွေ့အကြုံတွေ လိုအပ်ချက်ပါပဲ။ ဥပမာ အားဖြင့် Earned Income အတွက် အလုပ်တစ်ခု မှာဝင်ပြီး တာဝန်ကျေပွန်အောင်လုပ်ဆောင်နိုင်ရုံနဲ့ရပေမယ့် တိုက်ခန်းတစ်ခန်း အငှားချမယ် ဆိုရင်တော့ အရင်ဆုံးတိုက်ခန်း ဝယ်ဖို့ တိုက်ခန်းတွေ အကြောင်း၊ စာချုပ်စာတမ်းအကြောင်း၊ ဝယ်ရင်းစျေးနဲ့ အငှားတင် အခက တွက်ချေကိုက် မကိုက်၊ အိမ်ရှင်အိမ်ငှား ပြသနာ တွေ မကြုံအောင် ဘာတွေ လုပ်ရမလဲ စတာတွေ နားလည် ဖို့ လိုအပ်ပြန်ပါတယ်။
အခြားလုပ်ငန်းတစ်ခုခုမှာ Share ထည့်မယ်ဆိုရင်လဲ ကိုယ် Share ထည့်မယ့်လုပ်ငန်း အခြေအနေ ကဘယ်လိုရှိသလဲ၊ ဘယ်လောက်ထိ Growth ဖြစ်နိုင်မလဲ၊ Financial အခြေအနေ က ဘယ်လိုရှိသလဲ၊ ဝယ်ရမယ့် shareတန်ဖိုး က တန် လားမတန်ဘူးလား၊ ရင်းရမယ့်ငွေ နဲ့ အမြတ် ပြန်အမ်းငွေ Dividend က တွက်ခြေကိုက် ရဲ့လား စတာတွေ ကိုသုံးသပ်တွက် ချက် တတ်ဖို့ လိုအပ်ပြန်ပါတယ်။
Earned Income ဟာရေကန် ထဲကို ရေပုံးနဲ့ ရေဆွဲထည့်နေတာဆိုရင် Passive Income က ရေ သွားခပ်စရာမလိုပဲ ပိုက်လိုင်းသွယ်ပြီး ရေဖြည့်တဲ့သဘောပါပဲ။ဒါပေမယ့် ဒီပို်က်လိုင်းကြီးရေ ဆက်စီး နေအောင် မပျက်စီးအောင် ပိုပြီးထိရောက်အောင်တော့ ထိန်းသိမ်း မွမ်းမံရတဲ့အ လုပ် ကတော့ ရှိနေဦးမှာပါပဲ။
ဒါ့အပြင် Passive Income မှာလဲ အားနည်းချက်တွေ အများအပြားရှိနေပါသေးတယ်။
ဆက်ရန်...
Kaung Hein Soe - Strategic
Professional Management Trainer
Business Consultant